Pages

Tuesday, June 18, 2013

ဝမ်ပေါင်၏ မိခင်ကုမ္ပဏီ ဝန်ဆောင်မှုကုမ္ပဏီအဖြစ် ဝင်ရောက်မည်


ရန်ကုန်၊ ဇွန် ၁၇

လက်ပံတောင်းတောင် စီမံကိန်း ပြုလုပ်နေသည့် တရုတ်နိုင်ငံ ဝမ်ပေါင်၏ မိခင်ကုမ္ပဏီဖြစ်သော လက်နက်ခဲယမ်း အဓိကထုတ်လုပ်သည့် Norinco International Ltd. က ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအဖြစ် ပြည်တွင်း၌ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီက Norinco International (Myanmar) Ltd. အမည်ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ထံတွင် မှတ်ပုံတင်ထားသော်လည်း မည်သို့သော ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်မည်ကို မသိရသေးချေ။

Norinco International Ltd. မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အကျိုးတူ ကုမ္ပဏီဖြစ်သော ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအဖြစ် အရည်အသွေးမြင့် ကာကွယ်ရေး ပစ္စည်းမျိုးစုံ၊ ပေါက်ကွဲစေတတ်သော ခဲယမ်း မီးကျောက်များနှင့် စစ်လက်နက် ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချသော ကုမ္ပဏီဖြစ်သည်။

ဝမ်ပေါင်ကုမ္ပဏီမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းမှထွက်ရှိသော သတ္တုများကို လက်နက်ခဲယမ်း ထုတ်လုပ်ရာတွင် အသုံးပြုနေသည်ဟု လက်ပံတောင်းတောင်အရေး တက်ကြွ လှုပ်ရှားသူများက စွပ်စွဲထားသည်။

နည်းပညာ မြင့်မားသည့် စက်မှုကုမ္ပဏီ တစ်ခုဖြစ်သော်လည်း မည်သည့်
လုပ်ငန်းများ လုပ်ကိုင်မည်ဆိုသည်မှာ အရေးကြီးကာ ယင်းကုမ္ပဏီ၏ လုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်သည်က များကြောင်း ပြည်တွင်း စက်မှုလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ပြောဆိုသည်။

၁၉၈၀ ပြည့်လွန်နှစ်များက စတင် တည်ထောင်ခဲ့သည့် အဆိုပါ ကုမ္ပဏီသည် ကုန်တင်ယာဉ်၊ အိမ်သုံး မော်တော်ယာဉ်မျိုးစုံနှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ မှန်ဘီလူး ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ ရေနံ သဘာဝဓာတ်ငွေ့ ထုတ်ယူရေး လုပ်ငန်းသုံး စက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများနှင့် မြို့ ပြ တည်ဆောက်ရေး စီမံကိန်းများလည်း ဆောင်ရွက်နေသည်။

Norinco ကုမ္ပဏီသည် နည်းပညာမြင့် ကာကွယ်ရေးပစ္စည်းများ၊ အထူး တိုက်ခိုက်ရေး စနစ်များ၊ ချေမှုန်းရေး လက်နက်များနှင့် ဆက်စပ် ပစ္စည်းများ၊ တာဝေးပစ် လက်နက်စနစ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် ဒုံးကျည် များ၊ ညကြည့် မှန်ပြောင်းများ၊ ဓာတုဗေဒ ဗုံးများ၊ အကြမ်းဖက်မှုနှိမ်နင်းရေး ဆိုင်ရာ ဆက်စပ် ပစ္စည်းများ၊ အဝေးပစ် သေနတ်များ၊ ပစ္စတို များ၊ ချေမှုန်းရေး ရိုင်ဖယ်များနှင့် လောင်ချာများ ကမ္ဘာအနှံ့ ရောင်းချနေသည်။

©The Voice Weekly