Pages

Sunday, July 21, 2013

တရုတ်ရေတပ်သင်္ဘော ဇူလိုင် ၂၄ ရန်ကုန်ရောက်မည်



ရန်ကုန်၊ ဇူလိုင် ၁၉

နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရပိုင် ရေတပ်သင်္ဘော Haixun 01 သည် ဇူလိုင်လ ၂၄ တွင် ရန်ကုန်မြို့တော်သို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန် ကြေညာထားသည်။

Haixun 01 အမည်ရှိ ယင်းသင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ရောက်ရှိနေပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသင်္ဘော ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်မည့်နေ့တွင် ကြိုဆိုရေး အစီအစဉ်များ ပြုလုပ်သွားရန်နှင့် မြန်မာနိုင်ငံမှ ရေတပ်အရာရှိများနှင့် တွေ့ဆုံမှုများ ပြုလုပ်ရန် ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ၆၂ ရက်ကြာ ချစ်ကြည်ရေး သွားရောက်ရန် အဆိုပါ သင်္ဘောသည် ရှန်ဟိုင်းဆိပ်ကမ်းမှ ယခုလ ၁၀ ရက်နေ့၌ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၂ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့ကြောင်း တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသင်္ဘောမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်မှု၊ လုပ်ငန်းချင်း ဖလှယ်မှုတို့အပြင် လက်တွေ့သဘောဆောင်သော အတွေ့အကြုံများ မျှဝေခြင်းများလည်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ ပင်လယ်ရေပြင်တွင် မိုင်ပေါင်း ၁၄၀၀ နီးပါး ခရီးရှည် သွားရောက်မည် ဖြစ်ပြီး သြဂုတ် ၉ ရက်နေ့ တွင် ခရီးစဉ် အဆုံးသတ်မည် ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

‘Haixun 01’ အမည်ရှိ အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရပိုင် ရေတပ်သင်္ဘောသည် ပြည်သူ့ဝန်ဆောင်မှု သင်္ဘောအဖြစ် ယခုနှစ်ဧပြီလ အတွင်းက စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပြီး၊ ပင်လယ်ပြင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ပြင် ညစ်ညမ်းမှု ကာကွယ်ရန်၊ ပင်လယ်ပြင်တွင် ဖြစ်ပေါ်သော မှုခင်းများ (ဓားပြတိုက်ခြင်း၊ လုယက်ခြင်း) ကို ဖြေရှင်း ဆောင်ရွက်ရန် အဓိက ရည်ရွယ်ကြောင်း တရုတ်သံရုံးမှ သိရသည်။

ယင်းသင်္ဘောသည် အဆိုပါတာဝန်များကို ပင်လယ်ပြင်တွင် လောင်စာဆီ ထပ်ဖြည့်ရန် မလိုဘဲ ကီလိုမီတာပေါင်း နှစ်သောင်းနီးပါး ခရီးရှည် နှင်နိုင်ကြောင်း၊ ဒုက္ခတွေ့နေသူ ၂၀၀ ကျော်ကို တစ်ပြိုင်နက်တည်း ကယ်ဆယ်နိုင်မည့် ဝန်ဆောင်မှု အပြည့်အစုံ ပါဝင်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

The Voice Weekly