Pages

Sunday, August 25, 2013

မြန်မာ-ထိုင်း နယ်စပ်ဂိတ်လေးခုမှ နိုင်ငံခြားသားများဝင်ရောက်ခွင့် သြဂုတ် ၂၈ ရက် စတင်ခွင့်ပြုမည်

ထီးခီးနယ်စပ် - ဓာတ်ပုံ-Ko Ko Maung
 - နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ဖြင့် မြန်မာ-ထိုင်း နယ်စပ် ဂိတ်ပေါက်လေးခုမှ နိုင်ငံခြားသားများ ၀င်ရောက်လည်ပတ်ခွင့်ကို သြဂုတ် ၂၈ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာ-ထိုင်းနယ်စပ် ၀င်ပေါက်လေးခုဖြစ်သည့် တာချီလိတ်- မယ်ဆိုင်၊ မြ၀တီ - မဲဆောက်နှင့် ကော့သောင်း-ရနောင်း၊ ထီးခီး- စူနာရွန် နယ်စပ်ဂိတ်ပေါက်များမှ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိလျှင် မြန်မာပြည်အတွင်းသို့ လာရောက်လည်ပတ်ခွင့်ရမည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားခရီးသည်များ လာရောက်လည်ပတ်ခွင့်ကို သြဂုတ်လ ပထမပတ်တွင် စတင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဇူလိုင်လ နောက်ဆုံးပတ်တွင် သတင်းထုတ်ပြန်ထားသော်လည်း ဇူလိုင်လနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုများ နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သြဂုတ်လ တတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဂိတ်ပေါက်လေးခုမှ လာရောက်သော နိုင်ငံခြားသားများမှာ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်ထားသည့် နေရာများမှအပ နိုင်ငံတစ်ဝန်းသို့ သွားရောက်လည်ပတ်ခွင့်ရမည်ဖြစ်သည်ဟု ဆိုသည်။

“ရန်ကုန်လေဆိပ်က ၀င်လာတဲ့ ခရီးသည်တွေလိုပဲ ရန်ကုန်၊ မန္တလေးအားလုံး သွားလို့လာလို့ရတယ်။ ပြည်ထဲရေးကသတ်မှတ်ထားတဲ့ သွားခွင့်မရတဲ့ နေရာတွေတော့ သွားလို့မရဘူး”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် နှစ်နိုင်ငံအတွင်း ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ကို ဗီယက်နမ်နိုင်ငံ ဟွာအင်းမြို့၌ ပြုလုပ်သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် မြန်မာအစိုးရက တောင်းဆိုထားပြီး ထိုင်းနိုင်ငံမှ မြန်မာလူမျိုးများအရေးကို ပထမဦးစွာ ဖြေရှင်းသင့်ကြောင်း ပြောဆိုထားကာ ယခုအချိန် လက်ခံရန်မသင့်သောအချိန်ဖြစ်သည်ဟု ပြောဆိုတုံ့ပြန်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များမှ သွားလာခွင့်ပြုလိုက်သော်လည်း ဗီဇာပြုလုပ်သောအခါ ဗီဇာကို ယခင်အတိုင်း ပြုလုပ်ရမည် ဖြစ်သည်။