Pages

Saturday, August 3, 2013

ကာကွယ်ရေး ပစ္စည်းစက်ရုံ တည်ဆောက်ရန် ရွှေ့ပြောင်းရမည့် ရွာသုံးရွာအား ၁၈ ဧကခန့်စီ သတ်မှတ်ထားပြီး ခွင့်ပြုချက် ရရှိပါက တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးမည်

အမှတ် ၂၅ ကာကွယ်ရေး ပစ္စည်းစက်ရုံ တည်ဆောက်ရန် သိမ်းယူထားသည့် ရွာသုံးရွာအား မြေနေရာသစ်တွင် ပြောင်းရွှေ့ရန် အတွက် တစ်ရွာလျှင် ၁၈ ဧကစီ သတ်မှတ်ထားပြီး ခွင့်ပြုချက် ရရှိပါက တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးမည် ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က သြဂုတ် ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
''စက်ရုံဧရိယာ အတွင်းမှာ ရှိနေတဲ့ ပေါက်ပန်ဆိုင်းရွာ၊ ငလယ်ခုံရွာ၊ ငှက်ပြာကျင်းရွာတွေကို မြေနေရာသစ်မှာ ၁၈ ဧကခန့်စီ သတ်မှတ်ထားပါတယ်။ ပေါက်ပန်ဆိုင်း ရွာကိုတော့ ပေ ၆၀ ပတ်လည်ရှိတဲ့ ခြံမြေကွက် ၇၂ ကွက် ဖော်ထုတ်ပေးပြီး ဖြစ်ပါတယ်။ နေရာသစ်ကို ရွာမြေအဖြစ် သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ရွာမြေနေရာသစ် အဖြစ် ခွင့်ပြုချက် ရရှိပါက တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ငလယ်ခုံရွာနှင့် ငှက်ပြာကျင်းရွာများ အတွက် ရွာခြံမြေကွက်သစ်များ ဖော်ထုတ်ပြီး ကျေးရွာမြေများ သတ်မှတ်ပြီးပါက တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
အမှတ် ၂၅ ကာကွယ်ရေး ပစ္စည်းစက်ရုံ တည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှစ၍ စတင်ဆောင်ရွက်နေပြီး သိမ်းဆည်းထားသည့် လယ်ယာမြေ ၄၀ ဒသမ ၇၇ ဧကပေါ်တွင် လုပ်ငန်းများ စတင်ဆောင်နေကြောင်း၊ ကျန်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်အတွက် ပွင့်လင်းရာသီတွင် အိမ်နေရာ ချထားရေးများ ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြေသိမ်းဆည်း ခံရသည့် ကျေးရွာများအား အဆောက်အအုံ တန်ဖိုးနစ်နာကြေးငွေ၊ လယ်ယာမြေ နစ်နာကြေး ငွေများကို မြေလျော်ကြေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ် မတ် ၂၉ ရက်မှ ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်အထိ ပေးလျော်ခဲ့ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။Eleven