Pages

Wednesday, August 28, 2013

Money Gram ဖြင့် AGD ဘဏ်သို့ နိုင်ငံပေါင်း ၇၀ ကျော်မှ မိနစ်ပိုင်းအတွင်းငွေလွှဲနိုင်



 နိုင်ငံပေါင်း ၇၉ ခုခန့်တွင်ရှိသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် အမေရိကန်အခြေစိုက် Money Gram နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ချိတ်ဆက်ပြီးဖြစ်၍ AGD ဘဏ်ခွဲများတွင် ငွေလွှဲလက်ခံမှုရရှိနိုင်ပြီး
ဖြစ်ကြောင်း AGD ဘဏ်ဥက္ကဋ္ဌ ဦးသန်းရီက ပြောသည်။

ပြည်ပရောက်မြန်မာများက မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သောသူများကို ငွေလွှဲလိုပါက လွှဲနိုင်သည့်အပြင် လာရောက် လည်ပတ်သော
နိုင်ငံခြားသားများ ငွေလိုပါကလည်း သက်ဆိုင်ရာ နိုင်ငံများမှ လွှဲပေးနိုင်ပြီဖြစ်ကြောင်း ဆက်ပြော သည်။

သြဂုတ် ၂၇ရက်မှစပြီး AGD ဘဏ်ခွဲ ၃၀ ခု နှင့် နိုင်ငံခြားငွေလဲလှယ်ရေးစင်တာ ၁၇ ခုခန့်တွင် ၀န်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်သည်။

“၀န်ဆောင်ခကိုတော့ ငွေလွှဲပို့တဲ့သူဆီကပဲ ယူတယ်။ ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အများဆုံး သတ်မှတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

“ နိုင်ငံခြားသားတစ်ယောက်ဟာ ဆီးဂိမ်းအားကစားပွဲကိုလာရင်း ပိုက်ဆံပြတ်သွားရင် အိမ်ကို ပိုက်ဆံ လှမ်းတောင်း လိုက်။ ပြီးရင် ဒီကနေ့သွားထုတ်လိုက်ရုံပဲ။ အရင်တုန်းကလို ပိုက်ဆံကို သယ်နေစရာမလို တော့ဘူး”ဟု AGD ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ဆိုသည်။

ယင်းငွေလွှဲဝန်ဆောင်မှုသည် အချိန်အားဖြင့် ၁၀ မိနစ်အတွင်း
ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေမည်မျှပေးပို့ ထားကြောင်းနှင့် ရည်ညွှန်းနံပါတ်ကို သိရှိရမည်ဖြစ်သည်။ ငွေထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူး လက်မှတ် တစ်ခုကို ယူဆောင်လာရမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်စာရင်းအရ ပြည်ပရောက် မြန်မာနိုင်ငံသား ငါးသိန်းကျော်ခန့်ရှိနေပြီဖြစ်ရာ Money Gram ၏ ငွေလွှဲ ၀န်ဆောင်မှုမှတစ်ဆင့် ငွေလွှဲနိုင်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ယင်းသို့ငွေလွှဲဝန်ဆောင်မှုကို Western Union နှင့်ဘဏ်အချို့လည်း ချိတ်ဆက် လုပ်ဆောင်နေသည်။


မင်းသူရ -Mizzima - News in Burmese