Pages

Friday, September 27, 2013

အမှန်တရား အနိုင်ရတဲ့နေ့ (လင်းအောင်ပြည့်)


                                          အမှန်တရား အနိုင်ရတဲ့နေ့
''မှန်ကန်ရင်ကွဲတယ်''၊ ''မှန်တာပြောရင် ရွာပြင်ထွက်ထိုင်ရတတ်တယ်''တဲ့၊ ကျွန် တော်တို့ ခပ်ငယ်ငယ်သိတတ်စအရွယ်ကတည်းက လူကြီးမိဘတွေပြောစကားနဲ့ နားယဉ်နေခဲ့တဲ့ ဒီစကားပုံတွေဟာ ဒီဘက်ခေတ်ဆီမှာလည်း မြန်မာ့လူထုတွေအကြား ရေပန်းစားနေတဲ့
ဟာ့ဝေး (ံHuawei)တယ်လီ ဖုန်းတွေလို လူပြောများနေဆဲပဲ ရှိနေပါသေး တယ်။

 အားကြီးတဲ့ သူသာအနိုင်ရစတမ်းဆိုတဲ့ တောရိုင်းဥပဒေ နဲ့ဆယ်စုနှစ်အတော်ကြာအုပ် ချုပ်လာခဲ့တဲ့ အစိုးရဆိုးတွေကြားမှာကြီးပြင်း ရှင်သန်လာရတဲ့ ကျွန်တော်တို့ပြည်သူတွေအတွက်တော့  အမှန်တရားဆိုတာ ကိုယ့်ဆီပြန် လှည့်လာမယ့် ဒုက္ခမျှားဦးတွေအဖြစ်နဲ့ မတို့ရဲ၊ မထိရဲ ခပ်ကြဲ ကြဲခပ်ခွာခွာနဲ့ ဝေးဝေးကသာ လွမ်းနေကြရတဲ့ အရာတစ်ခုလိုဖြစ်နေခဲ့ရတာ သိပ်တောမဆန်းကျယ်လှပါဘူး။ အဲ့ဒီအကျိုးဆက်တွေကြောင့်ပဲ ကျွန်တော်တို့လူ့အဖွဲ့ အစည်းအတွင်းမှာ တရားမျှတမှုနဲ့ အမှန်တရားတွေဟာ မှေးမှိန်သည်ထက် မှေးမှန်လာသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားခိုင်း စေမှုတွေ၊ လယ်ယာမြေအသိမ်းခံရမှုတွေ၊ အတင်းအကျပ် အိုးအိမ်ရွှေ့ပြောင်းခံရမှုတွေ၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ကာ ခေါင်းပုံဖြတ်မှုတွေ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် နေသူများအပေါ် ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီး နေမှုတွေအစရှိတဲ့ မတရားမှုမျိုးစုံ တွေဟာတစ် နေ့တခြားတိုးပွား လို့သာလာနေပါတယ်။
ဒီမိုကရေစီရောင်နီဦးမှာ ပြောင်းလဲ ပွင့်လင်းလာကာစ မီဒီယာလွတ်လပ်ခွင့်တစ်ချို့ကြောင့် အဲဒီ့မတရားမှုမျိုးစုံကို သတင်းစာ၊ ဂျာနယ်တွေပေါ်မှာ မကြာခဏဆိုသလို တွေ့ မြင်ကြားသိနေကြရပေမယ့် အားနည်းသူတွေ ဘက်က အနိုင်ရသွားတယ်ဆိုတဲ့သတင်းမျိုး ကိုတော့ မတွေ့ရသလောက်ကိုဖြစ်နေခဲ့ပါ တယ်။
မှန်ရင်ရွာပြင်ထွက်နေရတယ်ဆိုတဲ့ စကားအတိုင်း အမှန်တရားဟာ မြန်မာ့လူ့အ ဖွဲ့အစည်းရဲ့ စည်းရိုးအပြင်ဘက်မှာ ကာလအ တော်ကြာခေါင်းလေးပြူပြီးစောင့်ဆိုင်းနေရာက နေ 'ဟုန်ရှင်း' အလုပ်သမားထုရဲ့ ဇွဲသတ္တိ နဲ့ မမှိတ်မသုန်ခိုင်မာတဲ့ ရပ်တည်ချက်တွေ ကြောင့် အခြေခံလူတန်းစားတစ်ရပ်လုံးအ တွက် ရှေ့ဆောင်လမ်းပြအောင်မြင်မှုမှတ် တိုင်တစ်ခုအဖြစ် မြန်မာ့အလုပ်သမားထုသမိုင်းမှာ ခိုင်ခိုင်မာမာမှတ်ကျောက်တင်နိုင်ခဲ့ ပြီဖြစ်ပါတယ်။
သတင်းစာတော်တော်များများမှာ ရေး ထားသလို ''နှစ်ရက်ကြာဆန္ဒပြခဲ့သည့် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားများ အောင်မြင်မှုရရှိ'' ဆိုတဲ့ သတင်းဟာ တကယ်တော့ ပြည့်စုံလှတဲ့သတင်း တစ်ပုဒ်မဟုတ်သေး ပါဘူး။
မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းမ ဖွင့်မှီ တောင်ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ် ကွက်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံအ ရှေ့မှာ တစ်လနီးပါးထိုင်ရာကမထဘဲ တရားမျှ တမှု တစ်ခုမရမချင်းနောက်မဆုတ်ဘူးဆိုတဲ့ ခိုင်မာညီညွတ်တဲ့စိတ်ဓါတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့ ကြရာကနေ နောက်ဆုံးမှသာ ရန်ကုန်မြို့ တော်ခန်းမရှေ့ အထိရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးထုတွေအများစု ပါဝင်တဲ့ ဒီတိုက်ပွဲဟာ ဟုန်ရှင်းစက်ရုံအလုပ်သ မားထုရဲ့ တိုက်ပွဲဆိုပေမယ့် အမှန်တရားအ တွက်အသံထွက်ပေး ဖို့တွန့်ဆုတ်နေကြတဲ့ လူ့အဖွဲ့အစည်းအတွက် အိပ်ယာဟာလှုပ်နှိုး လိုက်တဲ့ နှိုးစက်တစ်ခုလို 'အမှန်တရားဟာ ညီညွတ်တဲ့ပြည်သူတွေရဲ့ လက်ထဲမှာသာရှိ တယ်' ဆိုတာကိုသက်သေပြ လိုက်တာပဲဖြစ်ပါတယ်၊ မတရားမှုအမှောင်ထု အောက်မှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထား ခဲ့ရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် (အထူးသဖြင့် အဖိနှိပ်ခံ၊ အနိုင်ကျင့်ခံအောက်ခြေလူ တန်းစားတွေအတွက်) ပထမဆုံးလင်းပွင့် သွားခဲ့တဲ့ တံခါးတစ်ချပ်လည်းဖြစ်ပါတယ်။
အမှန်တရားဟာ ရွာပြင်ဇရပ်မှာ ကာလအတော်ကြာစောင့်ဆိုင်းနေရာကနေ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော်ရန် ကုန်မြို့ရဲ့ အလယ်ဗဟို၊ မြို့တော်ခန်းမနဲ့ ဆူးလေဘုရားကြီးအရှေ့ကို ရောက်ရှိလာခဲ့ ပါပြီ။ ဟုန်ရှင်း အလုပ်သမားထုနဲ့ အမှန်တရား မြတ်နိုးသူတွေ ရဲ့ကြိုးစားမှုကြောင့် အလုပ် သမားတွေရဲ့ တောင်းဆိုချက်အားလုံးအလျော့ ပေး လိုက်လျောခဲ့ရတဲ့ (၂၃.၉.၂ဝ၁၃) ရက်နေ့ကို ''အမှန်တရားအနိုင်ရတဲ့နေ့'' အဖြစ် မှတ် ကျောက်တင်ရင်း မြို့ထဲရောက်နေပြီဖြစ်တဲ့ အမှန်တရားကိုရွာပြင်ပြန်ထွက်မသွားဖို့ ကျွန် တော်တို့ဆက်လက်ကြိုးစားကြပါစို့။

                   လင်းအောင်ပြည့်(အာရှအလင်းအယ်ဒီတာ)