Pages

Thursday, September 26, 2013

နေပြည်တော်တွင်ဆည်တစ်ခုကျိုးပေါက်

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ခရမ်းကိုင်းကျေးရွာသားများ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေစဉ် ဓာတ်ပုံ - သန်းထူး

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဒေသခံရွာသားများတည်ဆောက်ထားသော လျှိုပိတ်ဆည်တစ်ခု ယမန်နေ့ညက ကျိုးပေါက်သွားကြောင်း သတင်းရရှိသည်။

အဆိုပါဆည်သည် ထန်းတပင်ကျေးရွာမှ ဒေသခံရွာသားများက တောင်ကျလျှိုကိုပိတ်ကာ တည်ဆောက်ထားသော လျှိုပိတ်ဆည်ဖြစ်ပြီး ဆည်ကျိုးပေါက်သွားသည်မှာ မှန်ကန်ကြောင်း ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးတင့်က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။

နေပြည်တော်ဒေသနေ ပြည်သူများ စိုးရိမ်ကာ ပြောဆိုလျှက်ရှိသော ငလိုက်ဆည်ကျိုးပေါက်တော့မည်ဆိုသည်မှာမူ မဟုတ်မှန်ပါကြောင်း  ငလိုက်ဆည်အတွက် အမြဲစောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောကြားသည်။ ထန်းတပင်ရွာအနီးမှ ကျိုးပေါက်လျက်ရှိကာ လျှိုပိတ်ဆည်မှာလည်း အရွယ်အစားသေးငယ်သည့်အတွက် အလွန်အမင်းစိုးရိမ်ဖွယ်ရာမရှိကြောင်း၊ အချိန်တိုအတွင်း ရေအားနည်းသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ငလိုက်ဆည်အနီးပတ်ဝန်းကျင်တွင်နေထိုင်သော ပြည်သူအများကမူ ဆည်ကျိုးတော့မည်ဟုသော သတင်းများကြောင့် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။

““ငလိုက်ဆည် ကျိုးတော့မယ်လို့ ကြားနေရတာပြည်သူတွေက စိုးရိမ်နေကြတယ်။ သက်ဆိုင်ရာက အတည်ပြုသတင်းအမြန်ထုတ်ပေးရင် ပိုကောင်းမှာပဲ”” ဟူ၍ တောင်ညိုကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

ငလိုက်ဆည် ကျိုးပေါက်မည်ကို ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ပျဉ်းမနားမြို့နယ်တို့ အတွင်းရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ပိုမိုစိုးရိမ်နေကြသည်။ အကယ်၍ ဆည်ကျိုးပေါက်ခဲ့ပါက အဆိုပါ မြေနိမ့်ပိုင်းတွင် ရေလွှမ်းမိုးနိုင်သည်ဟု ဒေသခံများ ထင်နေကြသည်။

၂၀၁၁ ကလည်း ငလိုက်ဆည်ကျိုးသည်ဟုသော ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်က ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာတွင် မဟုတ်မှန်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

7Day Daily