Pages

Friday, September 27, 2013

မြန်မာ-ဂျပန် ပူးပေါင်းမြှုပ်နှံမှုဖြင့် ပေါင်းဆန်စက် အပါအ၀င် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် စက်မှုဇုန်များ တည်ထောင်မည်


Photo-Sa Maung(Facebook)
 Friday, 27 September 2013 00:35

မြောင်းမြမြို့နယ်ရှိ ပေါင်းဆန်စက်အဖြစ် တည်ဆောက်နေသော တန် ၂၅၀ ဆန်စက်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) နှင့် ဂျပန်နိုင်ငံ Mitsui Co တို့ ပူးပေါင်းပြီး နေရာလေးခု၌ ဧက ၁၀၀ အကျယ်အ၀န်းရှိသည့် ပေါင်းဆန်စက် အပါအ၀င် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် စက်မှုဇုန်များ တည်ထောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းမှ သိရသည်။

''MAPCO နှင့် Mitsui Co တို့ ပူးပေါင်းပြီးတော့ ဆန်နှင့်ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်မယ့် စက်မှုဇုန်တွေကို တည်ထောင်သွားမှာပါ။ စက်မှုဇုန် တစ်ခုကို ဧက ၁၀၀ ကျယ်ဝန်းပြီး နေရာလေးခုကို တည်ထောင်မှာပါ။ အခုချိန်မှာ MIC ကလည်း ခွင့်ပြုမိန့် ကျပြီဆိုတော့ မကြာခင်မှာ အဲဒီကိစ္စကို ကျွန်တော်တို့ launch လုပ်ပါမယ်။ ဒီစက်မှုဇုန်တွေက ထုတ်လုပ်တဲ့ ဆန်နဲ့ဆက်စပ် ပစ္စည်းတွေကို ပြည်တွင်းပြည်ပမှာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းမှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အဆိုပါ စက်မှုဇုန်အတွင်း ပေါင်းဆန် ထုတ်လုပ်မည့် စက်ရုံများ၊ ဆန်ဖြူကြိတ်ခွဲမည့် စက်ရုံများ၊ ဖွဲနုဆီစက်ရုံ၊ ဆန်ကြာဆံ စက်ရုံစသည့် တန်ဖိုးမြင့် ကုန်စည်ထုတ်လုပ်မည့် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် အဆိုပါ စက်မှုဇုန်များအား ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

''လာမယ့် တနင်္လာနေ့မှာ ကျွန်တော်တို့ အခုအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးပွဲကို ကျင်းပမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာစိုးထွန်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ တန်းမြင့်ဆန်များ ထုတ်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) နှင့် ဂျပန်နိုင်ငံ Mitsui Co တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပေါင်းဆန်များကို ရုရှားဈေးကွက်သို့ အဓိက တင်ပို့လျက် ရှိသော်လည်း ၂၅ မှတ် ဆန်များကိုမူ တရုတ်နိုင်ငံနှင့် အာဖရိက ဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ မှာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။
Sa Maung(Facebook)