Pages

Monday, September 2, 2013

စီမံ/စီးပွား ၀န်ကြီးဌာနပိုင် ဂိုထောင်မီးလောင်မှုတွင် ရုံးသုံးစာရွက် စာတမ်းများ၊ ကားနှင့်မော်တော်ဆိုင်ကယ် အပါအ၀င် ကျပ်သိန်း ၇၀၀ ကျော် ဆုံးရှုံး

စီမံ/စီးပွား ၀န်ကြီးဌာနပိုင် ဂိုထောင်မီးလောင်မှုတွင် ရုံးသုံးစာရွက် စာတမ်းများ၊ ကားနှင့်သိမ်းဆည်းထားသည့် မော်တော်ဆိုင်ကယ်များ အပါအ၀င် သိန်း ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နေပြည်တော် ဗဟိုမီးသတ်မှ သတင်းရရှိသည်။
မီးလောင်မှု ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် နံနက် ၃ နာရီခွဲတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဂိုထောင်အတွင်းရှိ စာရွက်စာတမ်း အဟောင်းအထုပ် ၁၀၀၀၀ ရှိသည့်အနက် အထုပ် ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
"မီးလောင်မှုဖြစ်စဉ်ကို စစ်ဆေးလျက်ရှိကြောင်း၊ ဘယ်လိုအကြောင်းကြောင့် လောင်တယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မီးစလောင်တာကတော့ စာရွက်စာတမ်း အဟောင်းတွေကနေ စလောင်ခြင်းဖြစ်ကြောင်း၊ တိတိကျကျသိဖို့ စစ်ဆေးလျက် ရှိပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီးလောင်မှုကြောင့် ဂိုထောင် အမှတ် (၈) တွင် သိမ်းဆည်းထားသည့် မော်တော်ဆိုင်ကယ် ၁၆၀ စီး၊ မော်တော်ကား ငါးစီးနှင့် စာရွက်စာတမ်း အဟောင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
ပျက်စီးသွားသည့် မော်တော်ယာဉ်များမှာ ဧည့်ကြိုယာဉ်အဖြစ်သုံးသည့် ဟိုက်အေ့စ်စူပါကာစတန်၊ မတ်တူး၊ ဟိုင်းလတ်၊ တိုယိုတာအဲဖက်နှင့် အော်ဒီကားများ ပါဝင်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၆၅၀ ခန့် ရှိကြောင်း၊ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး အစီး ၁၆၀ အတွက် ကျပ်သိန်း ၈၀ သတ်မှတ်ထားကြောင်း သိရသည်။
Eleven Media Group