Pages

Monday, October 7, 2013

ALD နှင့် RNDP ပေါင်းစည်းပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီ



အသစ်ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီ ( Arakan National Party ) ကို ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ALD နှင့်  RNDP တို့ သဘောတူလိုက်ကြပြီ ဖြစ်သည်။

လွန်ခဲ့သော စနေနေ့နှင့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော (၂) ရက်တာ  နှစ်ပါတီ ပေါင်းစည်းရေး အစည်းအဝေးတွင် ထိုသို့ သဘောတူညီမူ ရရှိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က အစည်းအဝေးတွင် မှတ်ပုံတင်ရန် အထိ ဆုံးဖြတ်ချက် ကျသွားကြောင်းကို  နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ပါတီကို မှတ်ပုံတင်ဖို့အထိ ဆုံးဖြတ်ချက် ကျသွားပြီဖြစ်တယ်။ ဒ့ါအပြင် အဓိက ပါတီမှတ်ပုံတင်ဖို့အတွက် ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့  အသစ် ဖြစ်လာမယ့် ပါတီရဲ့ ဖွဲ့စည်းပုံ မူကြမ်းကိုလည်း အစည်းအဝေး ကနေ လက်မှတ်ထိုး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ၇မိုင်ခွဲရှိ Café 47 ခန်းမှတွင် ကျင်းပပြုလုပ်ခဲ့သော နှစ်ဘက်ပါတီ ခေါင်းဆောင်းများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါတီ ပေါင်းစည်းရေး၊ ဖွဲ့စည်းပုံ မူကြမ်းတို့ကို လက်မှတ် ထိုးနိုင်ခဲ့ကြသည်ဟု ဆိုသည်။

၎င်းအပြင် ပါတီ မှတ်ပုံတင်ရန် အတွက်လည်း ကော်မီတီ တစ်ခုကို အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းကော်မီတီထဲတွင် ပထမ ခေါင်းဆောင်အဖြစ် ဦးအေးသာအောင်၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါက်တာ အေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးသာထွန်းလှ တို့အား တာဝန်ပေးအပ်ခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

“ အတည်ပြုလိုက်တာနဲ့အတူ နှစ်ပါတီပေါင်းစည်းဖို့အတွက် လိုအပ်နေတဲ့ အချက်တွေကိုလည်း နှစ်ဖက် ကိုယ် စားလှယ်တွေ ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်နိုင်ခဲ့တယ်။ အရေးကြီးဆုံး ဆုံးဖြတ်ချက်ကတော့ နှစ်ပါတီကို ပေါင်းစည်းပြီး မှတ်ပုံတင်ဖို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်ဖို့ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်။”

ANP ပါတီကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန်အစီအစဉ်ကို နောက်လာမည့် အပတ်တွင် စတင်လုပ်ဆောင် သွားမည်ဟု သိရသည်။

ဆွေးနွေးပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှ ကိုယ်စားလှယ် ၁၅ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ RNDP မှ ကိုယ်စားလှယ် ၁၅ ဦး အပြင် ALD ပါတီဥက္ကဌ ဦးအေးသာအောင်နှင့်
RNDP ဥက္ကဌ ဒေါက် တာ အေးမောင်တို့လည်း တက်ရောက်ဆွေးနွေးခဲ့သည်။

( နိရဉ္စရာ- ၇ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ