Pages

Tuesday, October 15, 2013

ဟုန်ရှင်း အအေးခန်းစက်ရုံ အလုပ်သမား ခေါင်းဆောင်နှစ်ဦးအား အလုပ်ရှင်မှ တရားစွဲဆိုထားရာ အောက်တိုဘာ ၁၄ ရက်၌ စစ်ဆေးမည်

ဟုန်ရှင်း အအေးခန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် နှစ်ဦးအား အကျိုးဖျက်ဆီးမှု၊ ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် အလုပ်ရှင်မှ တရားစွဲဆိုထားရာ ယနေ့ (အောက်တိုဘာ ၁၄ ရက်) မွန်းတည့် ၁၂ နာရီတွင် တောင်ဒဂုံမြို့နယ် တရားရုံး၌ စစ်ဆေးမည်ဟု တရားစွဲဆို ခံရသည့် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုမင်းမင်းက ပြောကြားသည်။
ကိုမင်းမင်းက "၁၀ လပိုင်း ၁ ရက်က တရားရုံးမှာ ကိုယ်ပိုင်ခံဝန် သွားလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ၁၄ ရက်မှာ အလုပ်ရှင်ရော အလုပ်သမားရောကို စစ်မယ်ဆိုပြီး ချိန်းလိုက်တာပါ။ အမှုက အကျိုးဖျက်ဆီးမှုရယ်၊ ခြိမ်းခြောက်မှုရယ်၊ ပိတ်ဆို့မှုရယ် သုံးမှုပါ။ ကျွန်တော်ရယ်၊ အတွင်းရေးမှူး ကိုသီဟရယ်ကို တရားစွဲထားတာပါ" ဟု ပြောကြားသည်။
ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရသည့် အတွက်ဟုဆိုကာ သြဂုတ် ၁၀ ရက်တွင် စက်ရုံအလုပ်ရှင်များကို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် သဘောတူညီမှု အပြည့်အ၀ မရသောကြောင့် ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြကြောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် စက်ရုံအလုပ်သမား ၁၀၀ ကျော်က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့်ကာ ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ရရှိရန် အစိုးရကို အကူအညီ တောင်းခံခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ၀န်ကြီး၏ ညှိနှိုင်းပေးမှုဖြင့် သပိတ်စခန်းအား စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ရုပ်သိမ်း ခဲ့ကြသည်။
အဲဒီတုန်းက ၁၄ ရက်မှာ အလုပ်ရှင်ရော အလုပ်သမားရောကို စစ်မယ်ဆိုပြီး ချိန်းလိုက်တာပါ။ အမှုက အကျိုးဖျက်ဆီးမှုရယ်၊ ခြိမ်းခြောက်မှုရယ်၊ ပိတ်ဆို့မှုရယ် သုံးမှုပါ . . . . .
"မြို့တော်ခန်းမရှေ့မှာ ညှိနှိုင်းတုန်းက နှစ်ဦးနှစ်ဖက် ပြေလည်ပြီ ဖြစ်တဲ့အတွက် အမှုကို ပိတ်ပေးပါလို့ တောင်းပန်တဲ့စကားကို ၀န်ကြီးဌာနရှေ့မှာပဲ ပြောခဲ့တယ်။ ရန်ကုန်တိုင်း အလုပ်သမား ၀န်ကြီးကလည်း အလုပ်ရှင်နဲ့ ညှိကြည့်လို့ ပြောတယ်။ ဒေါ်စန္ဒာမင်းလည်း ပါတယ်ဗျ။ အဲဒီတုန်းက အလုပ်ရှင်ဘက်က  ဦးနေထွန်းစံက ရှယ်ယာဝင်တွေနဲ့ တိုင်ပင်ပြီး မင်းတို့အမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ် ပြောတယ်။ အခု အလုပ်သမား လူစုကွဲတဲ့ အချိန်မှာ ကျွန်တော်တို့ကို တရားရုံးကို လွှဲလိုက်တာပါ။ အခု သီဟရော ကျွန်တော်ရော အလုပ်လက်မဲ့ ဖြစ်နေတာ။ အလုပ်လည်း ရှာလို့မရသေးဘူး။ ကျန်တဲ့ အလုပ်သမားတွေက ပြန်တဲ့သူက ပြန်သွားကြပြီ။ အလုပ်ရှာတဲ့ သူတွေက ရှာနေကြတုန်းပဲ" ဟု ပြောကြားသည်။
ထို့ပြင် သြဂုတ်လ အတွင်းက စက်ရုံတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည့်အတွက် ဟုန်ရှင်း အအေးခန်းစက်ရုံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုမင်းမင်း၊ အတွင်းရေးမှူး ကိုသီဟနှင့် မသဇင်စိုးတို့ သုံးဦးအား ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အရေးယူမှု ပြုလုပ်ထားသည်ဟု ကိုမင်းမင်းက ပြောကြားသည်။
Eleven Media Group