ဥရောပနိုင်ငံများ ဖြစ်သည့် အင်္ဂလန်၊ နယ်သာလန် ဘယ်လ်ဂျီယမ်နှင့် ပြင်သစ်
စသည့်နိုင်ငံ လေးနိုင်ငံက မြန်မာနိုင်ငံနှင့် ချုပ်ဆိုထားသည့်
လေကြောင်းသဘောတူ စာချုပ်အား ပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုခဲ့ကြောင်း
သတင်းရရှိပါသည်။
''အင်္ဂလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်နှင့် ပြင်သစ်စတဲ့ နိုင်ငံလေးနိုင်ငံက
လေကြောင်း သဘောတူ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုဖို့ အတွက် တောင်းဆိုထားပါတယ်။
ပထမဆုံး နှစ်ဖက်ညှိနှိုင်းမှုတွေကို အီးမေလ်းနဲ့ စတင်ညှိနှိုင်း နေပါပြီ။
ကနဦး ညှိနှိုင်းမှုတွေ ပြီးမှသာ မြန်မာနိုင်ငံကို ဖိတ်ခေါ်ပြီး လေကြောင်း
သဘောတူစာချုပ် ပြင်ဆင်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ'' ဟု
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောကြားသည်။ ယင်းသို့ တောင်းဆိုရခြင်း၏ အဓိကအချက်မှာ
ယခင်က နိုင်ငံတစ်နိုင်ငံမှ လေကြောင်းလိုင်း တစ်ခုကိုသာ ပျံသန်းခွင့်
ပြုခဲ့သည့်စနစ် Single designation အစား ပျံသန်းလိုသည့် လေကြောင်းလိုင်းအား
ကန့်သတ်ခြင်း မရှိသည့် Multiple designation အဖြစ်
ပြောင်းလဲချုပ်ဆိုနိုင်ရန် ဖြစ်သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ သာမက၊ ဥရောပ၊ အမေရိက၊
အစ္စရေးနှင့် ယူအေအီး နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၄၆ နိုင်ငံနှင့်
လေကြောင်း သဘောတူစာချုပ်များ ချုပ်ဆိုထားသည်။ မြန်မာနိုင်ငံနှင့် အစောဆုံး
လေကြောင်း သဘောတူစာချုပ် ချုပ်ဆိုမှုအဖြစ် ၁၉၄၉ ခုနှစ်တွင်
အမေရိကန်နိုင်ငံနှင့် Air Transport Agreement အား ချုပ်ဆိုခဲ့သည်။
နိုင်ငံရေးအရ သာမက စီးပွားရေး ပိုင်းတွင်ပါ ပြုပြင်ပြောင်းလဲမှုများ
ဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံအား နိုင်ငံတကာမှ စိတ်ဝင်စားမှု
မြင့်တက်လျက် ရှိပြီး၊ လေကြောင်း ကဏ္ဍတွင်လည်း မြန်မာနိုင်ငံနှင့်
တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းရန် နိုင်ငံတကာ လေကြောင်းလိုင်းများမှ
စိတ်ဝင်စားမှုများ ရှိနေသည်။
ယမန်နှစ် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင်ကာ နိုင်ငံတကာ
လေကြောင်းသစ် ခုနစ်ခုခန့်မှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ
စတင်ပျံသန်းခဲ့သည်။
Eleven Media Group