Pages

Monday, October 14, 2013

မြန်ပြည်တခွင်က သျှမ်းတောင်သူများ မိုးနဲမြို့၌တွေ့ဆုံ


Farm land in Shan State(Photo: Sailek Panglong facebook)

ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နှင့် သျှမ်းပြည်တို့မှ သျှမ်းတောင်သူလယ်သမား ၁၇၀ ကျော်က သျှမ်းပြည်တောင်ပိုင်း မိုးနဲ မြို့၌ တွေ့ဆုံကြကာ မြေယာသိမ်းပိုက်မှုနှင့်ပတ်သက်သည့် အတွေ့ အကြုံများဖလှယ်ကြသည်ဟု ဆိုသည်။

တွေ့ဆုံပွဲကို အောက်တိုဘာ ၇ ရက်နေ့ကပြုလုပ်ခဲ့ရာ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ စေတနာရှင် တဦးက ကမကထ ပြု ကြောင်း၊  ကချင်ပြည်နယ် မန်စီမြို့နယ် လွယ်ဟိုဆေဒေသ တောင်သူလယ် သမားများ၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ဘက် မှ တောင်သူလယ်သမားများ၊ သျှမ်းပြည်တောင်၊ မြောက်၊ အရှေ့ပိုင်းတို့မှ တောင်သူလယ်သမားကိုယ်စားလှယ်များအား မိုးနဲမြို့သို့လေ့လာရေးခရီး စဉ်အဖြစ် ဖိတ်ခေါ်ကာ တွေ့ဆုံခြင်းဖြစ်သည်ဟု တက်ရောက်သူလယ်သမား စိုင်းကော က ပြောပါသည်။

“အခုလာတာက ဧည့်သည် ၇၀ လောက်ရှိမယ်။ ကျန်တာတွေကတော့ မိုးနဲဒေသခံ လယ်သမားတွေ ဧည့်ခံရေးအဖွဲ့တွေပါ။ အားလုံး ၁၇၂ ယောက်။ တွေ့ဆုံဆွေးနွေးပွဲက အောက်တိုဘာ ၇ ရက်တရက် ထဲပဲ။ အမြင်ချင်းဖလှယ်ကြတယ်။ ၅ ရက်နေ့ ရောက်တယ်။ မနေ့က အောက်တိုဘာ ၈ ရက်နေ့ အသီးသီးပြန်သွားကြပါပြီ”- ဟု ဧည့်ခံကြိုဆိုရေးတွင်ပါဝင်သည့် ကျားဖြူ ပြည်နယ်လွှတ်တော် အမတ် စိုင်းမောင်ကြီး က ပြောသည်။

သျှမ်းတောင်သူလယ်သမားများပိုင် လယ်၊ ယာ၊ ခြံမြေများအား စစ်အစိုးရလက်ထက်က တပ်ပိုင်မြေ၊ ဌာဆိုင်ရာပိုင်မြေ၊ ကုမ္မဏီပိုင်မြေ၊ လက်နက်ကိုင်တပ်ဖွဲ့ပိုင်မြေအဖြစ် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲ အရ ပြန်လည်တောင်းခံနိုင်ပြီးဖြစ်ကြောင်း၊ အချို့ဒေသတွင်လည်း ဆုံးရှုံးသွားသည့်လယ်ယာမြေများပြန်ရပြီဖြစ်ကြောင်း၊ ထို့ကြောင့်မိမိလယ်ယာမြေပြန်ရရေးအတွက် ရဲရဲဝံ့ဝံ့သွားခံသွားသင့်ကြောင်း အမြင်ခြင်းဖလှယ်ကာ အားပေးစကားများ ပြောကြားကြ သည်ဟု ဆိုသည်။

“ကျနော်တို့ မိုးနဲမှာ တပ်ပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ ဌာနဆိုင်ရာပိုင်မြေ၊ ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ကွက်သစ် စီမံကိန်းမြေအဖြစ် အသိမ်းခံရတယ်။ ၁၉၉၆ နောက်ပိုင်းပေါ့၊ စီမံကိန်းတခု တခု သိမ်းပိုက်မြေက ဧက ၅၀၀၀ ဝန်းကျင်ရှိတယ်။  ပြန်ပေးမယ် လို့လဲ နိုင်ငံတော်အစိုးရကော၊ တပ်ပိုင်းရော ပြောထားပြီးဘဲ။ ဒါကြောင့်ဆက်လက်တောင်းခံသွားမယ်” - ဟု မိုးနဲဒေသခံ စိုင်းမွမ်းက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့တောင်ဘက်  မိုင် ၉၀ ခန့် ဝေးသည့် မိုးနဲမြို့သည် သျှမ်း သမိုင်းဝင်မြို့တမြို့ဖြစ် သည်။ ၁၉၆၂ ဦးနေဝင်းအာဏာသိမ်းပိုက်ချိန်တွင် မိုးနဲနယ်ကို စော်ဘွားကြီး စဝ်ပေ့က  စိုးစံသည်။ သမိုင်းအဝင်ဘုရား၊ သမိုင်းဝင်ဂူ နှင့် တန်ခိုးကြီး ဆံတော်ရှင် ဘုရားလဲ ရှိသည်။ သျှမ်းပြည်တွင် စေတီပုထိုး အများဆုံးမြို့တမြို့လည်းဖြစ်သည့် အားလျော်စွာ သျှမ်းပြည် ပုဂံဟုပင် နာမည်တွင်သည့်မြို့တမြို့ဖြစ်ပါသည်။
သတင်းနှင့်ဓာတ်ပုံ-သျှမ်းသံတော်ဆင့်