Pages

Saturday, October 26, 2013

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် ကချင်တိုင်းရင်းသားများနှင့် တွေ့ဆုံ

Saturday, October 26, 2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်သည် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ အပါအဝင် ကချင်တိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားလှယ်များနှင့် မြစ်ကြီးနား မနောကွင်းရှိ ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီရုံးတွင် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။

ကချင်တိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားလှယ်များသည် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်မည့် အခန်းကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးလမြာဝူက ပြောကြားသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံးက တက်ညီလက်ညီ လုပ်ဆောင်နိုင်မှ ကောင်းမွန်တဲ့ ဒီမိုကရေစီ ရနိုင်မယ်လို့ သံအမတ်ကြီးက ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ကချင်လူထု၏ သဘောထားကို လာရောက် နားထောင်ခြင်း ဖြစ်ကြောင်း၊ အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ ဆောင်ရွက်မည် ဖြစ်သောကြောင့် တိုင်းရင်းသားများ တောင်းဆိုထားသော ဖက်ဒရယ်ပြည်ထောင်စု စနစ်မှာလည်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ရိုးရာ ယဉ်ကျေးမှု လူငယ်တာဝန်ခံ ကိုယော်ဆမ်က ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံးရေးတွင် ကူညီနိုင်ရန်အတွက် အမေရိကန်အနေဖြင့် ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာလအတွင်းက ပြုလုပ်သွားခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက် နိုင်ခဲ့ခြင်းမှာ ကေအိုင်အိုဘက်က ဖိတ်ခေါ်ခဲ့သော်လည်း အစိုးရဘက်က မဖိတ်ခေါ်သည့်အတွက် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သံအမတ်က ပြောကြားသည်။
“ကချင်ပြည်နယ် ခရီးစဉ်ပြီးဆုံးရင် ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ခရီးစဉ် အစီအစဉ်အရ သိရသည်။

The Voice Weekly