Pages

Thursday, October 10, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတဦးသိန်းစိန် ယနေ့တွင် ဘရူနိုင်း၌ သီးခြားတွေ့ဆုံရန်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတဦးသိန်းစိန်တို့သည် ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် ဘရူနိုင်းနိုင်ငံ၌ သီးခြား တွေ့ဆုံရန်ရှိကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးဖြစ်သော ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ဘရူနိုင်းနိုင်ငံသို့ အောက်တိုဘာ ၉ ရက်က ရောက်ရှိခဲ့သည်။
ဂျွန်ကယ်ရီသည် အောက်တိုဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် မြန်မာသမ္မတနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အဆိုပါတွေ့ဆုံမှုသည် ညှိနှိုင်းနေဆဲဖြစ်ပြီး အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပြောကြားသည်။
(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများကို အမေရိကန် သမ္မတ ဘားရက်အိုဘားမား တက်ရောက်ရန် အစီအစဉ်ရှိသော်လည်း အိုးဘားမားက ၎င်း၏ အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အိုဘာမားကိုယ်စား အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက တရုတ်ဝန်ကြီးချုပ် လီခကျန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် အာဆီယံ-တရုတ် ဆက်ဆံရေး တိုးမြှင့်မှုကို မြန်မာနိုင်ငံက အကောင်အထည်ဖော်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ယနေ့တွင် လက်ခံရယူမည် ဖြစ်သည်။
EMG