Pages

Thursday, October 3, 2013

အမေရိကန်ဗဟိုအစိုးရ ရပ်ဆိုင်းမှုဂယက် တစ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးရောက်


ရန်ကုန်၊ စက်တင်ဘာ ၂

ပါလီမန်အတွင်း ဘတ်ဂျက်ကိစ္စ သဘောတူညီချက် မရမှုကြောင့် အမေရိကန် အစိုးရလုပ်ငန်းအချို့ လည်ပတ်မှု ရပ်ဆိုင်းကာ ရွှေထုတ်ရောင်းချကြသဖြင့် တစ်လအတွင်း ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်း ရွှေဈေးမှာ အနိမ့်ဆုံးဈေးသို့ ရောက်ရှိသွားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာ ရွှေဈေးကွက်အတွင်း နှစ်လဆက်တိုက် ကျဆင်းလျက် ရှိခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း လိုက်ပါ ကျဆင်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
“ရွှေလုပ်ငန်းရှင်တွေကတော့ အမျိုးမျိုး ခန့်မှန်းနေကြတယ်။ ကျွန်တော်ကတော့ ပြန်တက်လာမယ် ထင်တယ်” ဟု ရန်ကုန်မြို့ တိတ်စိန် ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၉၃ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားမှာ ၇၂၀,၅၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး ယခု အောက်တိုဘာလ ၂ ရက်နေ့တွင်မူ ကမ္ဘာ့ ရွှေဈေး တစ်အောင်စလျှင် ၁၂၉၀ ဒေါ်လာ နှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား လျှင် ၆၈၉,၀၀၀ ကျပ်အထိ ကျဆင်းခြင်း ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly