Pages

Thursday, October 10, 2013

ရာထူးမှ ထုတ်ပယ်ခံရသည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်အား အယူခံဝင်မည်


ရာထူးမှထုတ်ပယ်ခံရသည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်အား အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇဗ္ပူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ခွင့်မဲ့ကျောင်းတက် ပျက်ကွက်ခဲ့ခြင်း၊ ကျောင်းအုပ်ကြီးထံ ကြိုတင် ခွင့်ပန်ကြားမှုမရှိဘဲ ရန်ကုန်သို့ ထွက်ခွာခဲ့ခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင် ပတ်သက်ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ၈၈ ကျောင်းသားလှုပ်ရှားမှု ငွေရတုအစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်း တက်ရောက်ခဲ့ခြင်း) တို့ စွဲချက်ပါ သုံးခုဖြင့် ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှစ၍ ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ၅ ရက် ခွင့်မဲ့ ကျောင်းတက် ပျက်ကွက်ခဲ့သည်ဟု စွဲချက်တင်ခဲ့သော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အကြီးအကဲဖြစ်သည့် ကျောင်းအုပ်မှ နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း သတိပေးခြင်း၊ ခေါ်ယူဆုံးမခြင်း၊ ခံဝန်လက်မှတ် ထိုးခိုင်းခြင်းတို့ကို ဌာနဆိုင်ရာစစ်ဆေးခြင်း မပြုမီ ကြိုတင် အရေးယူဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိမှသာ ဌာနဆိုင်ရာ စစ်ဆေးခြင်းကို လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းအုပ်မှ တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ဌာနဆိုင်ရာ စစ်ဆေးမှု တိုက်ရိုက်ပြုခဲ့ခြင်းသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များကျော်လွန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ကာယကံရှင်အနေဖြင့် များစွာ နစ်နာမှုရှိခဲ့ကြောင်း ဆရာမဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။
အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်က''ကျွန်မ ဒီနေ့ပဲ ပျဉ်းမနားစာတိုက်ကနေ မိခင်ဌာနဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကို အယူခံဝင်တဲ့စာ ပို့လိုက်ပါပြီ။ ကျန်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နောက် ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း တင်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအနေနဲ့ အများကြီးနစ်နာပါတယ်။ ကျွန်မမိသားစုအနေနဲ့လည်း အဘက်ဘက်က ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရလို့ပါပဲ။နောက်ပြီး စာသင်လာတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ကလေးတွေရှိတဲ့ ရပ်ဝန်းမှာပဲ ပျော်မွေ့တယ်။ ဒီရပ်ဝန်းမှာ ပျော်မွေ့ခြင်းအားဖြင့် တိုင်းပြည်အတွက် အခြေခံအုတ်မြစ်ဖြစ်လို့ ကျွန်မကျောင်းဆရာမဘ၀ကိုပဲ ပြန်လိုချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး၊ အမှတ်စဉ် (၈/ ၂၀၁၃)၊ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်စိုးစိုးခိုင်အား ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းမှစ၍ မယူမနေရ အငြိမ်းစားပေးသည့် ပြန်တမ်းအမှတ် (၃၀၇)အားပယ်ဖျက်၍ ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၏ ၂၀၁၃ ခုနှစ် သြဂုတ် ၁၇ ရက် စွဲပါစာအမှတ်၊ ၁ ပညာ ၂(ဃ) ၂၀၁၃ (၈/ ၂၀၁၃) ဖြင့် အကြောင်းကြားချက်အရ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးမှ ထုတ်ပယ်လိုက်သောကြောင့် ပညာရေးဝန်ထမ်း တစ်ယောက်အနေဖြင့် များစွာ နစ်နာမှုများရှိသဖြင့် ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်အား အောက်တိုဘာလအတွင်း အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group