Pages
▼
Thursday, October 10, 2013
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာခွဲဝေမှုနှင့် သယံဇာတ ခွဲဝေမှုများကိုသာ ဦးစွာ ပြင်ဆင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ သုံးသပ်
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာခွဲဝေမှုနှင့် သယံဇာတ ခွဲဝေမှုများကိုသာ ဦးစွာ ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက သုံးသပ်ပြောကြားသည်။
လက်ရှိအချိန်တွင် လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးကော်မတီသို့ ပါတီအသီးသီးမှ ပြင်ဆင်လိုသည့် အချက်များနှင့် လွှတ်တော်ကိုယ်စားလှယ် အသီးသီးမှ ပြင်ဆင်လိုသည့် အချက်များကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မတိုင်မီ ပေးပို့ရမည် ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''ကော်မတီအတွင်းရေးမှူး တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အမြင်နဲ့ပြောရရင် ပြည်သူ့အတွက် အဓိက အကျိုးရှိတဲ့ဟာ၊ လွယ်လည်း လွယ်တဲ့ဟာတွေ အရင်ပြင်၊ ဥပမာ ဇယားနှစ် ကိစ္စဆိုရင် power sharing နဲ့ resource sharing ရှိတယ်။ ဒါလေးတွေ အရင်လုပ်။ ပြည်သူအတွက် တကယ်အကျိုးရှိတာ။ တချို့မလိုတဲ့ ပုဒ်မတွေရှိတယ်။ ပြည်သူအတွက် ပြင်ပေးရမယ်။ အဲဒါကို အရင်လုပ်။ လွယ်တာကို အရင်လုပ်။ ခက်တာကို ဒုတိယလုပ်။ အခက်ဆုံးကို တတိယလုပ်။ အဲဒီလို ဖြေရှင်းသွားမယ်ဆိုရင် မအောင်မြင်စရာကို မရှိဘူး''ဟု ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ''ကော်မတီထံ အခြေခံဥပဒေထဲက လက်တွေ့ ပြင်လို့ရနိုင်တဲ့အချက်တွေကို တင်ထားတယ်။ အာဏာ ခွဲဝေမှုကိစ္စတွေဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတွေကို လွှတ်တော်ရွေးဖို့၊ တရားရေးစနစ်ကို အုပ်ချုပ်ရေးက ထိန်းထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ကိစ္စတွေပါတယ်။အဲဒါကြောင့် လက်တွေ့ အလုပ်ဖြစ်နိုင်တာတွေကို ပေးထားပြီးဖြစ်ပါတယ်။ အဲဒါတွေက ၂၀၁၅ မှာ ဆောင်ရွက်နိုင်မယ်လို့ ယူဆထားတာပါ။ဆန္ဒခံယူပွဲကို ဖြတ်ရတယ်ဆိုတာ အင်မတန်မှ ခက်ခဲမယ်လို့ မြင်ပါတယ်။ အခြေအနေအရ ဖြစ်နိုင်တာကို ဆောင်ရွက်နိုင်ဖို့ တင်ထားပါတယ်''ဟု ပြောကြားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဗညားအောင်မိုးက မိမိတို့ ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တန်းတူညီတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ်မူအရ ပြည်ထောင်စုကို တည်ဆောက်ရန် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာရေး၊ အာဏာ ခွဲဝေရေး(power sharing)နှင့် သယံဇာတ ခွဲဝေရေး(resource sharing)ကိစ္စများကို ပြင်ဆင်နိုင်ရန် ဦးစားပေး ကြိုးပမ်းမည်ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီမိုကရေစီ စံနှုန်းနှင့်မညီဘဲ ရှေ့နောက်မညီ ဆန့်ကျင်ကွဲလွဲနေသည့် အချက်အားလုံးကိုပါ တစ်ပြိုင်တည်း ပြင်ဆင်ရန် လိုကြောင်း သုံးသပ် ပြောကြားသည်။
Eleven Media Group