Pages

Saturday, October 5, 2013

ဝန်ကြီးဌာနနှစ်ခု သီးသန့်ရန်ပုံငွေမှ ကျပ်သန်းပေါင်း သုံးသောင်းနီးပါး ထုတ်သုံးမည်

နေပြည်တော်၊ အောက်တိုဘာ ၎

အစိုးရ၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် သီးသန့်ရန်ပုံငွေမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့က ကျပ်သန်းပေါင်း ၂၈၅၅၂ ဒသမ ၇၂၅ သန်းကို ထုတ်ယူ သုံးစွဲမည်ဟု နိုင်ငံတော်သမ္မတက သဝဏ်လွှာတစ်စောင် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပါ သဝဏ်လွှာကို ၎င်းက ဖတ်ကြား မှတ်တမ်းတင်ခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုအတွက် ကျပ်သန်းပေါင်း ၂၇၃၈၆ ဒသမ ၀၆၅ နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၁၁၆၆ ဒသမ ၆၆ သန်းကို သီးသန့်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲမည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက သီးသန့်ရန်ပုံငွေမှ တောင်းခံသည့် ကျပ်သန်းပေါင်း တစ်ထောင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် ကမ်းထိန်းနံရံများ တည်ဆောက်ရာ၌ အသုံးပြုမည် ဖြစ်ကြောင်း ဝန်ကြီးဌာန ရုံးအဖွဲ့မှူးတစ်ဦးက ပြောကြားသည်။
“သီးသန့် ရန်ပုံငွေဖြစ်တော့ ရန်ကုန်တိုင်းက တောင်းလို့မရလို့ ကျွန်တော်တို့ တောင်းပေးတာပါ” ဟု ၎င်းကဆိုသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ယူသုံးစွဲမည့် ဘဏ္ဍာငွေ အတွက်မူ ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ရုံးအဖွဲ့မှူး မအားလပ်သဖြင့် အသေးစိတ် ဖြေဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်ကြားသည်။

သဘာဝ ဘေးအန္တရာယ်များနှင့် မသုံးစွဲလျှင် မဖြစ်သည့် အထူးကိစ္စရပ်များ ပေါ်ပေါက်ပါက သုံးစွဲရန် အစိုးရအတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်း သတ်မှတ်ထားကြောင်း ပြည်ထောင်စု လွှတ်တော်ထံမှ သိရှိရသည်။
The Voice Weekly