Pages

Tuesday, October 29, 2013

မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်


နေပြည်တော်၊ အောက်တိုဘာ ၂၈

အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်နေပြီ ဖြစ်သော်လည်း ဥပဒေ အတည်ပြုရန် နောက်ကျနေသော မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ ပြင်ဆင်ချက်များမှာ သဘောထား ကွဲလွဲနေ၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များနှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များမှာ ဥပဒေပုဒ်မ သုံးခုတွင် သဘောထား ကွဲလွဲနေသောကြောင့် ပြည်ထောင်စု လွှတ်တော်တွင်သာ ပြန်လည် ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယင်းဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က ဤဥပဒေသည် အထူးစီးပွားရေးဇုန် အားလုံးနှင့် သက်ဆိုင်စေရမည်ဟု ပြင်ဆင် ထားသော်လည်း အမျိုးသားလွှတ်တော်ကမှု ဤဥပဒေသည် ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ တည်ထောင်သော အထူးစီးပွားရေးဇုန် အားလုံးနှင့် သက်ဆိုင်စေရမည်ဟု ပြင်ဆင်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်းရ၏ အခန်း ၅ ပုဒ်မ ၂၁ နှင့် အခန်း ၄ ပုဒ်မ ၁၅ တို့တွင်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကြား သဘောထား ကွဲလွဲလျက် ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ဆိုသည်။

ယင်းဥပဒေကြမ်း ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကျင်းပသည့် အချိန်တွင် ညှိနှိုင်း၍ မရပါက မဲခွဲဆုံးဖြတ်သွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ ဥပဒေတွင် အကောက်ခွန် ဦးစီးဌာနက စီမံခန့်ခွဲခြင်း၊ ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲခြင်းနှင့် အာမခံဆိုင်ရာများ၊ မြေအသုံးပြုခြင်း ကိစ္စများနှင့် အလုပ်သမား ရေးရာကိစ္စများ ထည့်သွင်း ရေးဆွဲထားကြောင်း ဥပဒေကြမ်း ကော်မတီထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly