Pages

Friday, October 11, 2013

စပိန်နှင့် ဘီလာရုစ် ခြေစစ်ပွဲ ကစားမည့်ကွင်း ဂျန်နရေတာ ပေါက်ကွဲ၍ ပွဲပျက်ဖွယ်ရှိ


စပိန်နှင့် ဘီလာရုစ် ခြေစစ်ပွဲ ကစားမည့် အီဘီရော့စတာကွင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် စပိန်နှင့် ဘီလာရုစ် အသင်းတို့ ကစားမည့်ပွဲစဉ်ကို မာယော့ကာရှိ အီဘီရော့စတာဘောလုံးကွင်းတွင် ကျင်းပရန်စီစဉ်ထားခဲ့ရာ ယခုအခါဖျက်သိမ်းရဖွယ်ရှိနေကြောင်း သိရသည်။ အကြောင်းမှာ ယင်းဘောလုံးကွင်းအတွင်းရှိ လျှပ်စစ်ဂျန်နရေတာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူနှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ဖြစ်သည်။

အီဘီရော့စတာ ဘောလုံးကွင်းအတွင်းတွင် လျှပ်စစ်ဂျန်နရေတာ သုံးလုံးရှိသည့် အထဲမှ တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှစ်မှာ မီးလောင်ဒဏ်ရာများရရှိကာ ဆေးရုံသို့ ချက်ခြင်း ပို့ဆောင်ခဲ့ရသည်။ စပိန်အသင်းအုပ်စုအထမနေရာ ရရှိရန်အတွက် ယင်းပွဲမှာ အရေးပါနေသော်လည်း လက်ကျန် လျှပ်စစ်ဂျန်နရေတာများဖြင့် ကွင်းထဲရှိ မီးမောင်းများနှင့် LED ဆိုင်းဘုတ်များကို ဓါတ်အားပေးရန် မလုံလောက်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် စိတ်ချရမှု အပြည့်အဝ မရှိသော အခြေအနေအတွက် ပွဲကို ရက်ရွှေ့ဆိုင်းရန် စပိန်အသင်းအနေဖြင့် ဆောင်ရွက်သွားဖွယ်ရှိနေကြောင်း သိရသည်။ လက်ရှိအချိန်ထိမူ အဆိုပါပွဲစဉ်ကို ယခင်စီစဉ်ထားသည့်အချိန်အတိုင်း ဆက်လက်ကစားမည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းဘက်မှ ကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးပေ။

အုပ်စု(I) အတွင်းတွင် စပိန်နှင့် ပြင်သစ်အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ရန် သေချာသွားပြီဖြစ်သော်လည်း အုပ်စု ပထမနေရာအတွက် ဆက်လက် ရုန်းကန်ကြရ ဦးမည်ဖြစ်သည်။

 7Day Sport Journal