Pages

Wednesday, October 16, 2013

ကျွန်တော့်မှန်ဘီလူးရှေ့ကအလင်းရောင်များ.. တစ်ကိုယ်တော်ဓာတ်ပုံပြပွဲထားဝယ်မှာကျင်းပမည်


ပြည်တွင်းဓာတ်ပုံပြိုင်ပွဲများနှင့်နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲများတွင်ဆုများရရှိခဲ့သည့် ကော့သောင်းရောက် ထားဝယ်သား ဓာတ်ပုံပညာရှင်
ပြည်စိုးထွန်း(ပန်းချီ)၏ တစ်ကိုယ်တော် ရသဓာတ်ပုံအနုပညာပြပွဲတစ်ခုဖြစ်သည့် ကျွန်တော့်မှန်ဘီလူးရှေ့ကအလင်းရောင်များ ကိုအောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ “ကျွန်တော့်ကို ပညာသင်ကြားပေးခဲ့တဲ့ မြို့၊ပန်းချီပညာကို လေ့လာသင်ယူခွင့်ရခဲ့တဲ့ မြို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့
ဒီပြပွဲကိုကျင်းပဖြစ်တာပါ။” ဟု ဓာတ်ပုံပညာရှင် ပြည်စိုးထွန်းကပြောသည်။

အဆိုပါပြပွဲတွင် ပရိသတ်များတွေ့မြင်ရခဲသည့် မြိတ်နှင့်ကော့သောင်းဒေသတစ်ဝိုက်ရှိ ဆလုံလူမျိုးတို့၏နေထိုင်မှု ဘ၀ဓလေ့များ အပါအ၀င်ဓာတ်ပုံပေါင်း၇၀ကျော်ခင်းကျင်းပြသမည်ဖြစ်ကြောင်းသိရသည်။
ခင်းကျင်းပြသမည့်ဓာတ်ပုံများကိုရောင်းချမည့်အစီအစဉ်လည်းရှိရာ
 အမြင့်ဆုံးအနုပညာကြေးမှာ ငွေကျပ်၁ သိန်း ၈သောင်း အထိရှိသည်။“ ဒီပွဲကရတဲ့ အနုပညာကြေးတစ်ဝက်ကိုလာမယ့်ဒီဇင်ဘာလကော့သောင်းမှာကျင်းပမယ့်
ထားဝယ်ရိုးရာယဉ်ကျေးမှုပွဲတော်အတွက် လှူဒါန်းသွားမှာပါ” ဟု ပြည်စိုးထွန်း(ပန်းချီ)ကဆိုသည်။

ဓာတ်ပုံပညာရှင် - ဦးပြည်စိုးထွန်း

အဆိုပါပြပွဲတွင်ပင်၎င်းရေးသားပြုစုထားသည့် ဓာတ်ပုံပညာဆိုင်ရာ နိုင်ငံတကာအဆင့်မီစာအုပ်တစ်အုပ်ကိုကျပ်တစ်သောင်းခွဲဖြင့်ရောင်း
ချမည်ဖြစ်ကြောင်းသိရသည်။“ဒီပြပွဲပြီးရင်တော့ ထားဝယ်ဒေသကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်တတ်ကျွမ်းတဲ့ ဓာတ်ပုံပညာကို သင်တန်းတစ်ခုပေးပြီးဝေမျှသွားဖို့ စီစဉ်နေပါတယ်” ဟု သူ၏ရည်မှန်းချက်ကို ပြောပြသည်။
ယခုကျင်းပသည့် ဓာတ်ပုံပြပွဲကို Dawei United Group Co.Ltd က
အဓိကကူညီပံ့ပိုးပေးကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)