Pages

Thursday, October 10, 2013

မြန်မာသမ္မတနှင့် ဗီယက်နမ် ၀န်ကြီးချုပ်တို့ သီးခြားတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်း တို့သည် အောက်တိုဘာ ၉ ရက်က ဘရူနိုင်းနိုင်ငံ၌ သီးခြားတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်းတို့သည် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာ ဘရူနိုင်းနိုင်ငံ International Convention Center ၌ သီးခြား တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံချိန်မှာ မိနစ်ပိုင်းမျှသာ ဖြစ်သည်။
''ဗီယက်နမ်နဲ့ကတော့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ တိုးမြှင့်ဖို့ ပိုပြောဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
မည်သည့် ကိစ္စရပ်များတွင် တိုးမြှင့်မည် ဆိုခြင်းမှာမူ တွေ့ဆုံချိန် တိုတောင်းသဖြင့် အတိအကျ မပြောနိုင်ခဲ့ကြောင်း သိရသည်။
''အချိန်တိုတော့ အတိအကျမပြောနိုင်ဘူး။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေကို စဉ်းစားကြတာပေါ့။ အဓိကကတော့ ကျွန်တော်တို့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ အချက်အလက်၊ နှစ်နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ ဒါကတော့ ဗီယက်နမ်နဲ့ တွေ့တုန်း ပြောခဲ့တာတွေပါ''ဟု ဦးရဲထွဋ်က ပြောကြားသည်။