Pages

Wednesday, October 9, 2013

တိုင်းရင်းသား ကိုယ်စားလှယ်လျှောက်ရန် ရန်ကုန်တိုင်းတွင် မွန်လူဦးရေစာရင်း ပြည့်မီဟုဆို

ရန်ကုန်တိုင်း ဒေသကြီးဆိုင်ရာ မွန်တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးရရှိရန် မွန်လူဦးရေ စာရင်းအား ကောက်ယူလျက်ရှိရာ စမ်းသပ်ကောက်ခံမှု များအရ မွန်လူဦးရေစာရင်း ပြည့်မီကြောင်း မွန်လူဦးရေ စာရင်းပြုစုရေး ကော်မတီမှ ဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောကြားသည်။
ဦးမင်းစိုးအောင်က "ကျွန်တော်တို့ အလုံမြို့နယ် ကနေစပြီး မွန်လူဦးရေ စာရင်းကို စမ်းသပ်ကောက်ယူ ခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း အတွင်းမှာ ရွှေပြည်သာတို့ လှိုင်သာယာတို့ အပါအ၀င် မြို့နယ် အတော်များများကို စာရင်းကောက်ပြီးပါပြီ။ စမ်းသပ်ကောက်ခံမှုတွေ အရဆိုရင် မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လျှောက်ထားနိုင်ဖို့အတွက် မွန်လူဦးရေစာရင်း ပြည့်မီပါတယ်" ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မွန်လူဦးရေ စာရင်းအား ၂၀၁၃ ဇူလိုင်မှ စတင်ကာ ကောက်ခံခဲ့ပြီး စာရင်းအမှန်အား ၂၀၁၃ ဒီဇင်ဘာ ၃၁ နောက်ဆုံးထားကာ စိစစ်ကောက်ခံ သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
"ဒီစာရင်း ကောက်ခံရာမှာလည်း အဓိကကတော့ ကျွန်တော်တို့ အနေနဲ့ မှတ်ပုံတင် ကတ်ပြားပေါ်မှာ မွန်အမျိုးသားအဖြစ် ဖော်မပြထားတာတွေရယ်၊ သန်းခေါင်စာရင်းတွေမှာ မွန်လူမျိုးအဖြစ် ဖော်ပြထားခြင်း မရှိတာတွေရယ်ကို လ၀က အကူအညီကိုယူပြီး ပြောင်းလဲလုပ်ဆောင် ပေးတာတွေ လုပ်နေပါတယ်" ဟု မွန်လူဦးရေစာရင်း ပြုစုရေး ကော်မတီမှ ဦးမင်းစိုးအောင်က ပြောကြားသည်။
EMG