Pages

Thursday, October 24, 2013

သတင်းမီဒီယာ ဥပဒေကြမ်းကို အစိုးရ၊ မီဒီယာ၊ ပညာရှင်များ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီးမှသာ လွှတ်တော်၏ အဆုံးအဖြတ်ယူရန် ပြည်သူ့လွှတ်တော်သို့ တင်ပြမည်

သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်မှ ကော်မတီများနှင့် အစိုးရ၊ မီဒီယာ၊ ပညာရှင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း ဆွေးနွေးပြီးမှသာ လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
လက်ရှိတွင် ကော်မတီအနေဖြင့် ယင်းသတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ၎င်းက ပြောကြားသည်။
"အပြန်အလှန် ညှိနှိုင်းမှုက ပြေလည်မှုမရတဲ့ ညှိနှိုင်းမှုမျိုးဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းတယ်ဆိုတာက အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းတာဖြစ်တယ်။ မညှိနှိုင်းတော့ဘူးဆိုရင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ် လိုက်ရင် ပြီးသွားမှာ ဖြစ်တယ်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာထက် ညှိနှိုင်းဆောင်ရွက်တာက ပိုကောင်းတယ်။ ဘာလို့လဲဆိုရင် အဖြေမှန်ရတယ်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တာက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်တာ။ အဲဒီအချိန်မှာ စဉ်းစားချိန် မရတော့ဘူး။ ဒီဟာကို ဖတ်ရှုလေ့လာချိန် မရတော့ဘဲနဲ့ လုပ်လိုက်ရတာ ဖြစ်တဲ့အတွက် အပြင်မှာ ဖတ်ရှုလေ့လာပြီးတော့မှ ညှိနှိုင်းတာက ပိုပြီးတော့ အမြင်တွေ အများကြီးရတဲ့အတွက် ညှိနှိုင်းမှုနဲ့ ဆောင်ရွက်တာ ပိုမိုကောင်းမွန်တယ်။ အဲဒီလို ညှိနှိုင်းမှုတွေ အားလုံးပြီးပြီဆိုမှ လွှတ်တော်မှာ အတည်ပြုချက်ယူမှာ ဖြစ်တယ်။ ဒီတော့ အပြင်မှာ ညှိနှိုင်းမှု မြန်လေလေ ဒီကိစ္စ အမြန်ပြီးလေလေ ဖြစ်မှာပါ"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က The Daily Eleven သို့ ပြောကြားသည်။
သတင်းမီဒီယာ ဥပဒေသည် လူထုဆန္ဒအများစုကို ကိုယ်စားပြုရန် ဖြစ်သည့်အတွက် ထိုသို့ ဆွေးနွေးပွဲများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း၊ လက်ရှိ ဆွေးနွေးပွဲများအရ အမြင်မတူ သဘောထားကွဲလွဲမှုများ ရှိသေးကြောင်း၊ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြင်ပမှ အကြံဥာဏ်များလည်း ရယူသွားမည် ဖြစ်ကြောင်းနှင့် ဥပဒေ ပညာရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း ဦးခိုင်မောင်ရည်က ဆက်လက် ပြောကြားသည်။
အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအနေဖြင့် အစိုးရနှင့် စာနယ်ဇင်း ကောင်စီတို့အကြား မည်သည့်ဘက်မှ ရှိမနေဘဲ ဆောင်ရွက်လျှက် ရှိကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ လွှမ်းမိုးချုပ်ကိုင်မှု မရှိဘဲ သတင်းမီဒီယာ လောကနှင့် ပြည်သူများ၏ ကိုယ်စားပြု ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
Eleven Media Group