Pages

Sunday, October 20, 2013

တရုတ်မြန်မာချစ်ကြည်ရေး အဖွဲ့ ကျောက်ဖြူသို့ လာရောက် လည်ပတ်

 Gas
တရုတ်- မြန်မာ ချစ်ကြည်ရေး အဖွဲ့ တစ်ဖွဲ့သည် ယခုလ ၁၇ ရက်နေ့က ကျောက်ဖြူမြို့ကို လာရောက် လည်ပတ်ခဲ့သည်။
ထိုသို့ လာရောက်လည်ပတ်စဉ် ကျောက်ဖြူ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် ဒေသခံ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသခံတွေနဲ့ တွေ့ဆုံခဲ့စဉ် ကျောက်ဖြူ ဒေသခံများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း  ကျောက်ဖြူ မြို့ခံ တစ်ယောက် ဖြစ်သူ ဆရာထွန်းလွင်က ပြောသည်။
“ တရုတ်မြန်မာ ချစ်ကြည်ရေးအဖွဲ့ဆိုပြီး အဖွဲ့တစ်ဖွဲ့ရောက်ပါတယ်။ တရုတ်တွေရဲ့ ဒီရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံတွေ နစ်နာမှုရှိတယ်။ နောက်တခါ အဲဒီမှာလုပ်ကြတဲ့ ကုမ္ပဏီတချို့ကလည်း အခု အချိန်ထိ အကြွေးတွေ မရသေး။ ဒါတွေကို ကြုံခဲ့ရတယ်။ ရှေ့မှာ တရုတ်တွေ ရင်းနှီးမြုပ်နှံဖို့လာကြရင် ဒေသခံတွေ နစ်နာမှာကိုကြောက်နေတယ်လို့ ဆွေးနွေးဖြစ်ပါတယ်” ဟု ဆိုသည်။
တရုတ်- မြန်မာ ချစ်ကြည်ရေး အဖွဲ့မှ ပြန်လည် ရှင်းလင်းပြောကြားချက်နှင့် ပတ်သက်ပြီးသူက ယခုလို ဆက်ပြောသည်။
“ ဒေသခံတွေရဲ့ နစ်နာချက်ကို အဖွဲ့ ဥက္ကဌပြောတာက သူတို့အနေနဲ့ CNPC ကိုပြောပြလို့ရတယ်။ တရုတ် ပြည်သူတွေလည်း သိအောင်လုပ်လို့ရတယ်။ ဒီဟာတွေက အရင် စစ်အစိုးရ လက်ထက်တုန်းက မပွင့်လင်းတဲ့ အချိန်က လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် တရုတ်တွေဘက်က အားနည်းချက်တွေ ရှိခဲ့တယ်လို့ ပြောဆို သွားပါတယ်။”
တွေ့ဆုံပွဲကို  အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင်  မေဖုန်းမော်ဟိုတယ်တွင်  ပြု လုပ်ခဲ့ကြသည်ဟု သူက ဆိုသည်။
၎င်းအဖွဲ့သည် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ မဒေးကျွန်းသို့လည်း သွား ရောက်ခဲ့ကြောင်း  ဆရာထွန်းလွင်က ဆက်ပြောသည်။
“သူတို့ မဒေးကျွန်းကိုသွားပါတယ်။ မဒေးကျွန်းမှာ MOGE နဲ့ CNPC ကိုတွေ့ဖို့ တောင်းတဲ့ အခါ MOGE နဲ့တွေ့ခွင့် မရခဲ့ပါ။ CNPC နဲ့လည်း အတင်းတောင်းဆိုမှ တွေ့ခွင့် ရခဲ့ပါတယ်။ ဒီနေ့တော့ သံတွဲကို ဆက်သွားမှာပါ” ဟု ဆိုသည်။
အခုရောက်ရှိလာသော တရုတ်မြန်မာ ချစ်ကြည်ရေးအဖွဲ့သည် ကျောက်ဖြူမြို့သို့ ပထမဆုံး ချစ်ကြည်ရေး ရောက်ရှိလာတဲ့ တရုတ်အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ