Pages

Wednesday, October 9, 2013

ပြည်လမ်းရှိ မြန်မာ့အသံဝင်းအား ငှားရမ်းခဖြင့်မဟုတ်ဘဲ SkyNet နှင့် Forever တို့အား လုပ်ကိုင်ခွင့် ပေးထားခြင်းဟု ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူပြောကြား

ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံဝင်း (ဟံသာဝတီဝင်း) အား မြေနှင့် ငှားရမ်းခကို တိကျစွာ သတ်မှတ်၍ လုပ်ကိုင်ခွင့် ပေးထားခြင်းမဟုတ်ကြောင်း အောက်တိုဘာ ၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။ အောက်တိုဘာ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် The Daily Eleven သတင်း စာ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ''ဒီအဆောက်အအုံတို့ မြေကြီးတို့ အဲဒီမှာ သုံးစွဲခွင့်ဆိုတဲ့ ဟာမျိုးက ကျွန်တော်တို့အနေနဲ့ ဘယ်လို အခကြေးငွေနဲ့ ငှားတဲ့ဟာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီဟိုဟာက ဘယ်လိုစာချုပ်မှာ ချုပ်ထားလဲဆိုရင် တကယ်တမ်းကတော့ ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း အဲဒီအချိန်မှာ လုပ်နိုင်တဲ့ အတိုင်းအတာကို လုပ်မယ်ပေါ့နော်။ ကျွန်တော်တို့ အနာလော့စနစ် ကျွန်တော်တို့ လုပ်နိုင်သလောက်ကို သွားနေတယ်။ အဲဒီအခါမှာ ဒီတိုးလွှင့်လာတဲ့ နိုင်ငံတကာ အသံထုတ်လွှင့်ခြင်း နည်းပညာတွေရှိတယ်။ DVT တို့ ခုနကပြောတဲ့ DTH (Direct To Home) တို့ STS ဒါမျိုးတွေရှိလာတော့ ဒါတွေကို တကယ်တမ်း အဲဒီတုန်းက ကိုယ့်ရဲ့လုပ်နိုင်တဲ့ အနေအထားမျိုးမရှိဘူး။ လုပ်ချင်တဲ့ ကုမ္ပဏီမျိုးကလည်း အဲဒီတုန်းက ကမ်းလှမ်းတဲ့အခါမျိုးမှာ ဒါပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါတွေတော့ ဒီနေရာမှာ သုံးခွင့်ပေးမယ်။ ဒါဆိုရင် မင်းတို့အနေနဲ့ ရတဲ့ငွေထဲကနေ သွင်းပါဆိုတဲ့စနစ်နဲ့ သွားတာဖြစ်တဲ့အတွက်ကြောင့် ဒီနေရာတွေမှာ ဒါဘယ်လောက်ပါ ဒါဘယ်လောက်ပါလို့မြေကြီးငှားတာမျိုးနဲ့ ရန်ကုန် မြန်မာ့အသံ ဟံသာဝတီဝင်း အပေါ်မှာ ကျွန်တော်တို့ လုပ်ထားတာမျိုး မရှိပါဘူး။ အဲဒါလေး ဖြေချင်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာ့အသံဝင်း တစ်ခုလုံးအား လုပ်ကိုင်ခွင့် ပေးထားသည့်အတွက် နိုင်ငံတော်အနေဖြင့် မည်မျှရရှိသည် ဆိုခြင်းကို ခွဲခြားပြခြင်း မပြုခဲ့ပေ။
Eleven Media Group