Pages

Sunday, November 10, 2013

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရုံးမှ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား လေ့လာရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြား

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရုံးမှ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား လေ့လာရေးခရီးစဉ် လာရောက်ရန် တရားဝင် ဖိတ်ကြားခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဗဟို အလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားသည်။
အဆိုပါ ခရီးစဉ်အား ဒီဇင်ဘာ ၈ ရက်တွင် စတင်သွားရောက်ရန် ယာယီအားဖြင့် စီစဉ်ထားပြီး ဗဟို အလုပ်အမှုဆောင် ဦးဥာဏ်ဝင်း အပါအ၀င် အဖွဲ့ဝင် ၁၀ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
"အစိုးရ နိုင်ငံခြားရေးရုံးက ဖိတ်တာပါ။ ဖိတ်တဲ့အထဲမှာ အလည်အပတ်လို့ပဲ ပါတယ်။ အသေးစိတ် မသိရသေးပါဘူး"ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
ယခုကဲ့သို့ တရုတ် နိုင်ငံခြားရေးဌာနမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဖိတ်ကြားမှုသည် ပထမဆုံးအကြိမ် ဖိတ်ကြားခြင်းဖြစ်ပြီး ယခင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ သွားရောက်ခဲ့သော ခရီးစဉ်များမှာ တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လေ့လာရေး ကိုယ်စားလှယ်များသည်  တရုတ်နိုင်ငံသို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်လေ့လာခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ၂၀၁၃ ခုနှစ် မေလအတွင်း သွားရောက်ခဲ့ကာ ဇွန်လအတွင်း၌ NLD လူငယ်အဖွဲ့မှ သွားရောက်ခဲ့သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံမှ ဖိတ်ကြားသဖြင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုဝင်ဘာ ၇ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။
Eleven Media Group