Pages

Thursday, November 14, 2013

မဲဆန္ဒနယ်များ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင် အမြန် သုံးစွဲနိုင်ရေး ဥပဒေပြင်မည်


နေပြည်တော်၊ နိုဝင်ဘာ ၁၃

မဲဆန္ဒနယ် တစ်ခုစီအတွက် ပြည်ထောင်စု လွှတ်တော်က ချထားပေးပြီး လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် အသုံးပြုရမည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို အမြန်ဆုံး သုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ ဥပဒေကြမ်း ကော်မတီက အဆိုပါ မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကြမ်း အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း အရေးကြီးအဆို တင်သွင်းရာ ယင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ဒီအချက်က ဥပဒေရဲ့ မူရင်းပြဋ္ဌာန်းချက်ထဲမှာ ပါပြီးသားပါ။ မဲဆန္ဒနယ်တွေမှာ အမြန်ချပေးနိုင်အောင် ပြင်ဆင်နေတဲ့ ဥပဒေကို ဒီလွှတ်တော်မှာ ပြီးပြတ်အောင် လုပ်ချင်တဲ့ သဘောပါ” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ပြီးပါက မဲဆန္ဒနယ် တစ်ခုစီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များသည် ယင်းဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် စတင်ကတည်းက ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ယင်းသို့ အသုံးပြုနိုင်ရန် အချက်ပါရှိခြင်း မရှိသဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းဖွံ့ဖြိုးရေး ရန်ပုံငွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ်အတွက် ညှိနှိုင်း အသုံးပြုရမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီထံမှ သိရသည်။

The Voice Weekly