Pages

Wednesday, November 13, 2013

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်တွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခေါ်ယူနေခြင်းမှာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အပြည့်အ၀ လိုက်နာမှု မရှိခြင်းဟု အမျိုးသမီး လူ့အခွင့်အရေး အဖွဲ့အစည်းများ ပြောကြား

Wednesday, 13 November 2013 01:28

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်တွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခေါ်ယူနေခြင်းမှာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်ကို အပြည့်အ၀ လိုက်နာမှု မရှိခြင်းဟု အမျိုးသမီး လူ့အခွင့်အရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ပြောကြားသည်။

လက်ရှိ တက္ကသိုလ် အများစု၏ ၀င်ခွင့်ခေါ်ယူမှုတွင် ကျား၊ မ အမျိုးအစားပေါ် မူတည်၍ ခွဲခြားသတ်မှတ် ခေါ်ယူနေခြင်းသည် အမျိုးသမီးများမှာ အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိသေးခြင်းကို ပြသကြောင်း ကျား၊ မ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

"မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ သဘောတူစာချုပ်ထဲမှာ အမျိုးသမီးများအပေါ် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ခွဲခြားဆက်ဆံမှု လုံးဝမရှိစေရဘူးဆိုတဲ့ အချက်ပါပါတယ်။ အမျိုးသမီးတွေကို ပညာရေးဘက်မှာဆိုရင် တက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးဖြစ်လို့ ဒီတက္ကသိုလ် မတက်ရဘူး။ ဒီအလုပ်အကိုင်ကို မရွေးချယ်ရဘူး ဆိုတာတွေက အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို တိုက်ရိုက်ခွဲခြား ဆက်ဆံလိုက်တာပါပဲ။ စာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် အပြည်ပြည်ဆိုင်ရာ စံချိန်၊ စံညွှန်းကို နိုင်ငံအစိုးရ အနေနဲ့ အပြည့်အ၀ လိုက်နာခြင်း မရှိသေးပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အများစုတွင် အမျိုးသားဝင်ခွင့် အမှတ်ထက် အမျိုးသမီး ၀င်ခွင့်အမှတ်များမှာ ပိုမိုမြင့်မားထားခြင်းနှင့် အချို့တက္ကသိုလ်များတွင် အမျိုးသမီးများ တက်ရောက်ခွင့် မပြုထားခြင်း တို့သည်လည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိကြောင်း အရပ်ဘက် အဖွဲ့အစည်းများကလည်း ပြောကြားသည်။

"အခု တက္ကသိုလ်တွေမှာ ကြည့်မယ်ဆိုရင် အမျိုးသမီး လုံးဝတက်လို့ မရနိုင်တဲ့ တက္ကသိုလ်ရှိတယ်။ အမျိုးသား တက်လို့မရတဲ့ တက္ကသိုလ်ဆိုတာ မရှိဘူး။ အမှတ်မှာဆိုရင်လည်း အမျိုးသမီး ၀င်ရခက်ခဲအောင် အမှတ် ၂၀ လောက် မြှင့်ထားတဲ့ တက္ကသိုလ် ခြောက်ခုလောက် ရှိတယ်။ အမျိုးသား ၀င်ရခက်ခဲအောင် အရမ်းအမှတ်မြှင့်ထားတဲ့ တက္ကသိုလ် မရှိဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို နေရာသိပ်မပေးချင်တာတွေ၊ လုပ်ပိုင်ခွင့် သိပ်မပေးချင်တာတွေကို တွေ့နေရပါတယ်။ နိုင်ငံတကာမှာဆိုရင် ဒါမျိုးမရှိပါဘူး။ ဒါဟာ ကျား၊ မ ခွဲခြားဆက်ဆံခြင်း ခံရတယ်လို့ မြင်ပါတယ်" ဟု အခရာ အမျိုးသမီး လူမှုအဖွဲ့အစည်း တည်ထောင်သူ ဒေါ်ထားထားက ဆိုသည်။

အဆိုပါ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပူးပေါင်းချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Eleven Media Group