Pages

Thursday, November 14, 2013

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၌ ဆွေးနွေးမည်


ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးရန်အတွက် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ယင်းဥပဒေကြမ်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက တင်သွင်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ခံကာ ဆက်လက် ဆွေးနွေးရန်အတွက် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
သူရဦးအောင်ကိုက ယင်းဥပဒေပါ ပုဒ်မ ၁၈ အရ ဆန္ဒထုတ်ဖော်လိုသော ပြည်သူများသည် အနည်းဆုံး ၅ ရက် ကြိုတင်ကာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းရမည်ဟု ဖော်ပြထားကြောင်း၊ မြို့နယ်ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် အကြောင်းပြချက်မရှိဘဲ တင်ပြမှုကို ပယ်ချနိုင်ခွင့် ပြုထားကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ပါက ထောင်ဒဏ်တစ်နှစ်ထိ ဖြစ်စေ၊ ဒဏ်ငွေကျပ် သုံးသောင်းထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားခြင်းကြောင့် ပုဒ်မ ၁၈ သည် နိုင်ငံသားများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် နိုင်ငံသား အခွင့်အရေးကို ပြန်လည် ထိန်းချုပ်ထားသည်ကို တွေ့ရပါကြောင်း၊ အုပ်ချုပ်ရေးမှူး၊ ရဲမှူးတို့သည်လည်း ဥပဒေ၏ အထက်တွင် ရောက်နေသည့် သဘောသက်ရောက်နေကြောင်း၊ ဆန္ဒ ထုတ်ဖော်သူများသည်လည်း ယင်းပုဒ်မဖြင့် ဖမ်းဆီး ခံနေရကြောင်း၊ ထို့ကြောင့်  ပုဒ်မ ၁၈ တွင် ခွင့်ပြုမိန့် တောင်းခံခြင်းအား အသိပေး အကြောင်းကြားခြင်းသို့ ပြောင်းလဲခြင်းဖြင့် လည်းကောင်း၊ ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းဖြင့် လည်းကောင်း ဥပဒေကြမ်းကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့သည်။
ပြည်သူများအနေဖြင့် ဆန္ဒထုတ်ဖော်ခြင်းသည် မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့် ထိန်းညှိပေးခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု အားကောင်းလာသည်နှင့်အမျှ ဆန္ဒဖော်ထုတ်မှုသည်လည်း လျော့ပါးလာမည် ဖြစ်ကြောင်း၊ ပြည်သူများအား အကာအကွယ်ပေးမည့် ဥပဒေများ ဖြစ်ပေါ်လာရေးအတွက် လွှတ်တော်မှ တာဝန်ရှိသည့်အလျောက် လွှတ်တော်မှ ဆွေးနွေးရန် အဆိုတင်သွင်းပါကြောင်း ပြောကြားသည်။ထို့နောက် ယင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေသည့် ဥပဒေများသည် အလိုလျောက် အကျိုးအာနိသင်မရှိ ပျက်ပျယ်သွားမည် ဖြစ်ကြောင်း၊ ယခု ငြိမ်း/စု/စီ ဥပဒေသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးကို ပြန်လည် ပိတ်ပင်သည့် သဘော သက်ရောက်နေသည့်အတွက် ပြည်သူများသည် မူလအခွင့် အရေးကို မရဖြစ်နေကြောင်း ထောက်ခံ ဆွေးနွေးသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ယင်းဥပဒေပါ အဓိကကျသည့် ပုဒ်မများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းမရှိကြောင်း၊ ယင်းဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက် ရန် မသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။
Eleven Media Group