Pages

Sunday, November 10, 2013

အလုပ်သမားသမဂ္ဂ ညီလာခံရလဒ် ပြည်သူ့လွှတ်တော်သို့ တင်မည်

 
ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်းပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တက်ရောက်လာမည့် အလုပ်သမားနှင့် တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ်များမှ ၂၀၁၂ ခုနှစ် အလုပ်သမား ဥပဒေ၊ အစိုးရနှင့် အလုပ်သမား အခန်းကဏ္ဍ၊ အနိမ့်ဆုံး လုပ်ခလစာ၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများ အကြောင်း စသည်တို့ကို တစ်ခုလျှင် တစ်နာရီခွဲကြာ အုပ်စုချင်းလိုက်ဖွဲ့ကာ ဆွေးနွေးကြမည် ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို စုပေါင်းကာ ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။

“ကျွန်တော်တို့ လုပ်ရတဲ့ အဓိက အကြောင်းက အလုပ်သမားတွေက အခက်အခဲတွေ ရှိတုန်းပဲ။ အလုပ်သမားတွေ သပိတ်မှောက်ရတဲ့ ကိစ္စပဲ ကြည့်လေ။ ဒီအခြေအနေမှာ စုပေါင်းပြီး လုပ်တာပါ။ ရလဒ်ကိုတော့ ပြည်သူလွှတ်တော် တင်ဖို့ရှိတယ်။ ရက်တော့ အတိအကျ မရှိသေးပါဘူး” ဟု ထပ်မံပြောကြားသည်။

အဆိုပါ ညီလာခံမျိုး ပြုလုပ်ခြင်းသည် အလုပ်သမားအတွက် အဖြေတစ်ခု ထွက်ပေါ်လာဖွယ်ရှိပြီး လုပ်သားများ အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းကို မိမိတို့ ကြိုဆိုကြောင်း စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။

The Voice Weekly