Pages

Monday, December 2, 2013

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်း ရပ်ဝန်းကြောင့် ကမ်းရိုးတန်းဒေသများ လှိုင်းကြီးမည်


ရန်ကုန်၊ ဒီဇင်ဘာ ၁

ဘင်္ဂလား ပင်လယ်အော်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေခြင်းကြောင့် ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း အဆိုပါဌာနက သတိပေးချက် ထုတ်ပြန်သည်။

ယခုတစ်ကြိမ် ဘင်္ဂလား ပင်လယ်အော်အတွင်း ထပ်မံဖြစ်ပေါ်လာသည့် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်း မုန်တိုင်း အခြေအနေအထိ ရောက်ရှိပါက ၂၀၁၃ ခုနှစ်အတွက် ဘင်္ဂလား ပင်လယ်အော် အတွင်း ပဉ္စမမြောက် ဖြစ်ပေါ်လာသည့် မုန်တိုင်း ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

လာမည့် နှစ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်း လီဟာ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဘက်ခြမ်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်။

The Voice Weekly