Pages

Monday, December 23, 2013

မန်စီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

 
 မန်စီမြို့နယ် မိုင်းခေါင်နွမ်ခြင်း စစ်ဘေးရှောင်စခန်းကိုတွေ့ရစဉ် ဓာတ်ပုံ-အောင်ခိုင်/ 7day Daily 
ဗန်းမော်ခရိုင် မန်စီမြို့ နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာနှင့် နမ့်လင်းပါကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက်က တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ၂၁ရက်တွင်လည်း နမ့်လင်းပါကျေးရွာအနီးတွင် အစိုးရနှင့် ကေအိုင်အေတို့အကြား နံနက်၅နာရီ မိနစ် ၃၀ ခန့်က စတင်၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရဘက်မှ ခလရ(၄၇)၊ (၂၃၇)၊ (၃၈၇)၊ (၄၃၈) တို့နှင့် ကေအိုင်အေတပ်ရင်း ၁၂ တို့အကြား တိုက်ပွဲများ  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရတပ်နှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် အောက်တိုဘာလလယ်ခန့်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မန်စီမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကေအိုင်အေက ၄င်းတို့၏အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ စတင်တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောကြားထားသည်။

ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူများကမူ မြစ်ကြီးနားဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီထားခဲ့သော အရေးပါသည့် အများပြည်သူသုံးလမ်းကြောင်းများ ဖွင့်လှစ်ရန် ကေအိုင်အေတပ်များ နောက်ဆုတ်ပေးသော်လည်း အစိုးရတပ်များက သတ်မှတ်လမ်းကြောင်းအတိုင်း ၀င်မလာ၍ တိုက်ပွဲဖြစ်ပွားရကြောင်း  ပြောသည်။ ထို့အပြင် အစိုးရက နယ်မြေစိုးမိုးမှု ပြုလုပ်လိုသည့်အတွက် အင်အားသုံးကာ ဖိတိုက်နေသည့်သဘော ဖြစ်နေသည်ဟုလည်း  ကေအိုင်အေက ပြောကြားထားသည်။

အစိုးရဘက်ကမူ မန်စီမြို့ နယ်အတွင်း  တပ်မတော်ရိက္ခာတင်ယာဉ်များကို  ကေအိုင်အေက မိုင်းထောင်ခြင်း၊ စတင်ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲများဖြစ်ပွားနေရသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍  ဗန်းမော်မြို့နယ်ရှိ  ဘုရားကျောင်းများ၊ တရုတ်နယ်စပ်အနီး မန့်ဝိန်းကြီးဒေသရှိ စစ်ဘေးရှောင်စခန်းလေးခုတွင် တိမ်းရှောင် ခိုလှုံနေရကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

7day Daily