Pages

Friday, December 20, 2013

မြန်မာနိုင်ငံ မှ ရိုးရာလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ် ထပ်မံရယူနိုင်ခဲ့



ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ငလိုက်ဆည်မှာ ကျင်းပခဲ့တဲ့ ရိုးရာ လှေလှော် ပြိုင်ပွဲ မှာ အိမ်ရှင်မြန်မာနိုင်ငံ အနေနဲ့ ရွှေတံဆိပ် ၃ ခု ထပ်မံရယူ
နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိမ်ရှင် မြန်မာနိုင်ငံ အနေနဲ့ အမျိုးသား ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ အသင်းဟာ ထိုင်းအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ အတွင်း ဖိအားပေးခြင်း ကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင် ခဲ့တာကြောင့် ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ရွှေတံဆိပ်ဆုကို ထိုက်တန်စွာ ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာအမျိုးသား အသင်း အနေနဲ့ ပန်းဝင်ချိန်မှာ ၂ မိနစ် ၁၁.၈၁၃ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းကို ဖိအားပေးခဲ့တဲ့ ထိုင်းအသင်း ကတော့ ပန်းဝင်ချိန်မှာ ၂ မိနစ်၊ ၁၂.၉၉၃ စက္ကန့်နဲ့သာ ပန်းဝင်နိုင် ခဲ့တာကြောင့် ငွေတံဆိပ် ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တတိယဆု ကိုတော့ အင်ဒိုနီးရှား နိုင်ငံက ရရှိခဲ့ပါတယ်။ နောက်ထပ် ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ အမျိုးသမီး ၂၀ တက်လှေလှော် ပြိုင်ပွဲ မီတာ ၅၀၀ မှာလည်း အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ မြန်မာ အမျိုးသမီးအသင်း အနေနဲ့ ဒီပြိုင်ပွဲမှာ အင်ဒိုနီးရှား အသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ ရပါတယ်။ ပန်းဝင်ချိန်မှာ မြန်မာအမျိုးသမီး အသင်းဟာ ၁ မိနစ် ၅၉.၆၃၅ စက္ကန့်နဲ့ ပန်းဝင် နိုင်ခဲ့ပါတယ်။
 
နောက်ထပ် အမျိုးသမီးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲ မှာလည်း မြန်မာအမျိုးသမီး အသင်း အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး ရွှေတံဆိပ် ဆုကို ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲ မှာလည်း မြန်မာ အမျိုးသမီး အသင်းဟာ ထိုင်းအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး ပန်းဝင်ချိန်မှာ ၂ မိနစ်၊ ၂၃.၃၆၉ စက္ကန့်နဲ့သာ ပန်းဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကလည်း ရိုးရာ လှေလှော်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ဆုအထိ ရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ အချိန်မှာ ရိုးရာ လှေလှော် ပြိုင်ပွဲမှ ရွှေတံဆိပ်ဆု ၉ ဆုအထိ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
  MRTV4