Pages

Wednesday, December 4, 2013

၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနားကို အရေးတော်ပုံ ချီတက်သည့် လမ်းကြောင်းရှိ မြို့များတွင် ကျင်းပမည်



     Wednesday, 04 December 2013 00:30

၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီး (၇၅) နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးတော်ပုံ ချီတက်ရာ လမ်းကြောင်းရှိ မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ ၀င်များထံမှ သိရသည်။

အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် ချောက်မြို့မှ စတင်ကာ မကွေး၊ အောင်လံ၊ ပြည်၊ မင်းလှ၊ ရန်ကုန်၊ မန္တလေး စသည့်မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ချောက်မှာ ဒီဇင်ဘာ ၁၁ ရက်မှာ အခမ်းအနား လုပ်မယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ဆင်နွှဲတဲ့ မြို့တွေတိုင်းမှာ အခမ်းအနားလုပ်ဖို့ စီစဉ်ထားတယ်။ ရည်ရွယ်ချက်က ၁၃၀၀ ပြည့် အရေးတော်ပုံ လှုပ်ရှားမှု  (၇၅) နှစ် ပြည့်တယ်။ အဲဒီမှာ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေ ညီညွတ်တယ်ပေါ့ဗျာ။ အဲဒီ စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ဖို့ပေါ့" ဟု ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် စာရေးဆရာ ဦးနေ၀င်းစံက ပြောကြားသည်။

"ကိုယ့်မြို့မှာ ကိုယ်လုပ်မယ်။ ချောက်မှာလုပ်ရင် ရန်ကုန်က တက်မယ်။ ရန်ကုန်မှာလုပ်ရင် ချောက်က လာတက်မယ်။ အဲဒီလို ပုံစံမျိုးပေါ့။ ကျွန်တော်တို့ မြို့ပေါင်းစုံနဲ့ အစည်းအဝေးတွေလုပ်ပြီး တိုင်ပင်ဆွေးနွေး ထားတယ်။ ရေနံမြေ သပိတ်ကြီး ချီတက်လာတဲ့အတိုင်း လုပ်မယ်" ဟု ၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် အခမ်းအနားကို ချောက်မြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ လည်းကောင်း၊ မကွေးမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၊ ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၉ ရက်၌ ရွှေတိဂုံ စေတီတော်တွင် လည်းကောင်း၊ မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်၌ အာဇာနည် ၁၇ ဦး ဗိမာန်တွင် လည်းကောင်း ပြုလုပ်သွားမည်ဟု ဦးမျိုးရန်နောင်သိမ်းက ပြောကြားသည်။

၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်၊ (၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်) တွင် ချောက်မြို့ အလုပ်သမားများ အစည်းအဝေးနှင့် ရေနံချောင်း အလုပ်သမားများ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ချောက်ရေနံမြေမှ သခင်ဖိုးလှကြီး ဦးဆောင်သော အလုပ်သမားများသည် ချောက်ရေနံမြေမှ မိုင် ၄၀၀၀ ကျော်ရှိသည့် ရန်ကုန်မြို့သို့ ချီတက်ဆန္ဒ ပြခဲ့ကြရာ ပြည်သူများ၊ ကျောင်းသားများ ပူးပေါင်းပါဝင် ခဲ့ကြကြောင်း သိရသည်။
Eleven Media Group