Pages

Wednesday, December 18, 2013

မြန်မာလုပ်ငန်းရှင်များ တင်ပို့သည့် ကုန်စည်လိုင်းပေါင်း ၇၇၈၇ မျိုးအတွက် တရုတ်နိုင်ငံမှ ပေးအပ်သည့် အကောက်ခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် လျှောက်ထားရမည့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်

 Tuesday, 17 December 2013 
တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင်များ တင်ပို့သည့် ကုန်စည်လိုင်းပေါင်း ၇၇၈၇ မျိုးအတွက် တရုတ်နိုင်ငံမှ ပေးအပ်သည့် အကောက်ခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား မြန်မာလုပ်ငန်းရှင်များ လျှောက်ထားနိုင်ရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားသော မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Certificate of Origin အား လျှောက်ထားရာတွင် လုပ်ဆောင်ရမည့် အချက်အလက် ၁၃ ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး CO Form အား လျှောက်ထားရာတွင် ကုန်ပစ္စည်းတင်ပို့ပြီး ၅ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်နှစ်အတွင်း လျှောက်ထားမည် ဆိုပါက Issue Retrospectively ဟု ရေးသားဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။
အကောက်ခွန် ကင်းလွတ်ခွင့်ဆိုင်ရာ လျှောက်ထားမည့် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် တင်ပို့မည့် ကုန်စည်သည် အကောက်ခွန် ကင်းလွတ်ခွင့် စာရင်းတွင် ပါဝင်ခြင်း၊ ကုန်စည်အမျိုးအစား ဖော်ပြချက်နှင့် Hs Code ကို အကောက်ခွန် ဦးစီးဌာန Hs Section တွင် ကြိုတင်စစ်ဆေးခြင်း၊ စက်မှုထုတ်ကုန် ပစ္စည်းများအတွက် ပင်ရင်းနိုင်ငံ ထွက်ကုန်ပစ္စည်းဖြစ်ကြောင်း စစ်ဆေးနိုင်ရန် စက်မှုဝန်ကြီးဌာနမှ Cost Sheet စိစစ်ရေးနှင့် ထောက်ခံချက်ပေးရေး အဖွဲ့သို့ ဆက်လက်တင်ပြခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်စည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ခြင်း၊ ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သော ကုန်စည်များ အနေဖြင့် နိုင်ငံအတွင်း သိသာထင်ရှားစွာ ပြောင်းလဲထုတ်လုပ်ထားသော ကုန်စည်ဖြစ်ခြင်း စသည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ အကောက်ခွန် ကင်းလွတ်ခွင့်ပေးအပ်သည့် ကုန်စည်လိုင်းပေါင်း ၇၇၈၇ မျိုးအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် နေပြည်တော်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွင်း စီမံကိန်း ၅၃ ခုတွင် အမေရိကန်ဒေါ်လာ ၁၄၁၉၅ သန်းကျော် မြှုပ်နှံထားကြောင်း သိရသည်။
Eleven Media Group