Pages

Saturday, March 30, 2013

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် ပူးပေါင်းလက်တွဲဖြေရှင်းရန် ကိစ္စများ ဆွေးနွေး

မြိတ် ။ မတ် ၃၀

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားအား မတ်လ (၃၀) ရက် နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊
မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊
ရပ်ကွက်များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊
တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြသလို မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်နှင့် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှ
ခေါင်းဆောင်များက မြိတ်မြို့ တည်ငြိမ်ရေး၊ အေးချမ်းစွာ နေထိုင်
လုပ်ကိုင် စားသောက်ရေး၊ ကောလာဟလ များနှင့် ပတ်သက်ပြီး မယုံကြည်ရေးနှင့် ပွင်းလင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆက်ဆံရေး၊
ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ငြိမ်းချမ်းစွာဖြင့် အတူ
ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ကြောင်းသိရသည်။

သတင်း နှင့် ဓာတ်ပုံ ( မြိတ်ပုလဲမြေ ဖေ့ဘွတ် )

Thursday, March 28, 2013

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း


နေပြည်တော် မတ် ၂၈
မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုတ်  မှ တိုက်ရိုက်ကူးယူဖော်ပြသည်။

မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ လုံးဝလက်မခံဟု ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ထုတ်ပြန်


ရန်ကုန် ။ မတ် ၂၈

လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ သဘောထားတစ်ရပ်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်တွင် မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား ၄င်းတို့အနေဖြင့် လုံးဝလက်မခံကြောင်း၊ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးသည် နိုင်ငံတော်တွင်လုံးဝ
တာဝန်ရှိကြောင်းသဘောထားကိုဖော်ပြထားပြီး လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ ၊
တရားဥပဒေမဲ့လုပ်ရပ်များ အမြန်ဆုံးရပ်တန့်၍ သေဆုံးထိခိုက်ဒဏ်ရာရသူများအား ကူညီစောင့်ရှောက်ရန် ဘာသာရေးခေါင်းဆောင်များ၊
နိုင်ငံတော်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်းဖော်ပြထားသည်။

““ အပြစ်မဲ့ပြည်သူတွေအနေနဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ လုံခြုံစွာနေထိုင်ခွင့်ရှိပါတယ်။ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ
ကို မှန်မှန်ကန်ကန်တာဝန်ယူပေးဖို့လိုအပ်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကောလာဟလပေါ်လာတိုင်း မထိတ်လန့်ဖို့လိုအပ်ပါတယ်”” ဟု ၈၈ မျိုးဆက်
( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင် ကိုမင်းကိုနိုင်ကပြောသည်။
NLA

မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ

ကျော်သူ

မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်ကတည်းက လူမှုရေးပရဟိတ ဟောပြောပွဲများ လာရောက်ဟောပြောပေးရန်အတွက် ကြိုတင်ချိတ်ဆက်ထားမှုကြောင့် ပြည်မြို့သို့သွား ရောက်ခဲ့ရသည်။ ကျွန်တော့်အား ဖိတ်ကြားထားသော ပြည်မြို့ဝန်းကျင်ရှိ ပေါင်းတလည်၊ ရွှေပေါက်ပင် ကျောင်း (နိဗ္ဗာန်ဈေး)၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း (မီးသင်္ဂြိုလ်စက်)ဖွင့်ပွဲ၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ၊ မန္တလေးတိုင်း စကျင်မြို့မှ တဆင့် ချင်းပြည်နယ် ဂန့်ဂေါ၊ ဟားခါး၊ ဖလန်း၊ ကလေးမြို့များသို့ သွားရောက်၍ ဟောပြောရမည်ဖြစ်သောကြောင့် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခွါခဲ့ရသည်။ ယင်းနေ့ ည (၇း၃ဝ) နာရီအချိန်တွင် ပေါင်းတလည်မြို့ စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့ခံမိဘပြည်သူလူထု (၅ဝဝဝ) ကျော်ခန့်သည် ဟောပြောပွဲစင် ဘေးတစ်ဖက်ရှိ လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားသည်အထိ ပရိသတ်များ လာရောက်အားပေးခဲ့သည်။ ၂၆.၃.၂ဝ၁၃ ရက် နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် တပေါင်းလပြည့် နိဗ္ဗာန်ဈေးပွဲတော်ကြီးတွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူဒါန ဆိုင်ခန်းတစ်ခု ဖွင့်လှစ်ကာ သောက်ရေခွက်(စတီး)၊ ဇလုံ(စတီး)၊ ပန်းကန်ပြား(စတီး)၊ လင်ဗန်း(စတီး)များအပြင် 2013 Kyaw Thu 1st BreakOut Calendar အပါအဝင် ပစ္စည်းအရေအတွက် (၅ဝဝ) ကျော်ခန့်အား မဲဖောက်လှူဒါန်းပေးခဲ့ သည်။ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့လည်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ နေကထိုင်နှင့် အလှူငွေကျပ် (၃) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည (၇းဝဝ) နာရီအချိန်တွင် ဇီးကုန်မြို့ စာပေဟော ပြောပွဲ ကျင်းပမည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့သည် ညနေ (၄းဝဝ) နာရီအချိန်တွင် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကြို့ပင်ကောက်မြို့ ဆူပူအကြမ်းဖက်မှု ဂယက်များကြောင့် ဇီးကုန်းမြို့တွင်လည်း ၂၆.၃.၂ဝ၁၃ ရက်နေ့ ည (၇းဝဝ) နာရီအချိန်တွင် ကျင်းပမည် ဖြစ်သော ကျွန်တော် (ကျော်သူ)၏ စာပေဟောပြောပွဲ အခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက်တည်း အကြမ်းဖက်မှုအဖျက်လုပ်ငန်းများ စတင်မည်ဟု သတင်းကြားသိရှိရသည့်အတွက် ဒေသခံ မိဘပြည်သူ အပေါင်းနှင့် ညှိနှိုင်း၍ ဟောပြောပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ မိမိတို့ ထင်မြင်ထားသည့်အတိုင်း ယင်းညတွင် ဇီးကုန်းမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသော ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ စသည့်မြို့များတွင် ပြုလုပ်မည်ဖြစ်သော ဟောပြောပွဲ အစီအစဉ် များအား ကျွန်တော်သည် ဆက်လက်ဟောပြောခြင်း မပြုလုပ်တော့ဘဲ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တည်ရှိရာသို့ ၂၇.၃.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အသင်းသူ/သားများနှင့်အတူ ပြန်လည်ထွက်ခွါခဲ့တော့သည်။
အကြောင်းမှာ ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်လုပ်ရပ်များသည် မြို့ခံ၊ နယ်ခံ ပြည်သူတို့မှ စတင်ခြင်းမဟုတ်ဘဲ ပြင်ပမှသူစိမ်းများ ဒေသအတွင်းသို့ ရဲတင်းစွာဝင်ရောက် သွေးထိုးလှုံ့ဆော်မှုကြောင့် ၄င်း၊ အစိုးရဌာနဆိုင်ရာများမှလည်း လက်ရှိအခြေအနေဆိုးကြီးတွင် စတိတ်ရှိုးများ၊ ကပွဲသဘင်များ၊ စာပေ ဟောပြောပွဲများအား တရားဝင်ပြုလုပ်ခွင့် ပေးထားခြင်းသောကြောင့်၎င်း၊ စတိတ်ရှိုးများ၊ ကပွဲများ၊ စာပေ ဟောပြောပွဲများသည် ကြည့်ရှု့သူအပေါင်းတို့အား သွေးကြွစေခြင်း၊ စိတ်ဓာတ်ထကြွစေခြင်း၊ ခန္ဓာကိုယ် သွေးများဆူပွက်စေခြင်း စသည့်ဦးတည်သော ရည်ရွယ်ချက်များ ဖြစ်စေခြင်းကြောင့်၎င်း ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာခဲ့ပါက ဒေသခံ မိဘပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ စားဝတ်နေရေး စသည့် နောက်ဆက်တွဲ အဖြစ်ဆိုးများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှု များကို ပြန်လည်သုံးသပ်သော် မိတ္ထီလာမှတဆင့် ရမည်းသင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်သလင်း စသဖြင့် တစ်မြို့နှင့်တစ်မြို့ ကူးစက်အကြမ်းဖက်မှုတို့ကို စိုးရိမ်ဖွယ်ရာ မျက်မြင်တွေ့ရှိနေ ရသည်။
ထို့ကြောင့် ဤကဲ့သို့ အကြမ်းဖက်ကွန်ယက် ဆက်နွယ်မှုတို့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အစိုးရိမ်ရဆုံး၊ အန္တရာယ်အကြီးမားဆုံးသော အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိတော့သည်။ အကယ်၍များ ဤဖြစ်ရပ်ဖြစ်စဉ်များသည် မိမိနှင့်မဆိုင်၊ မိမိနှင့်မပတ်သက်ဟူသော အတ္တသမားတစ်ယောက်၏ အတ္တဝါဒီခံယူချက်ဖြင့် “ငါဆိုမည့်ပွဲ၊ ငါကမည့်ပွဲ၊ ငါဟောမည့်ပွဲတွေကို သက် ဆိုင်ရာမြို့နယ် အာဏာပိုင်တွေကတောင် ခွင့်ပြုချက်ပေးထားတာဘဲ၊ ပွဲပါမင့် ကျပြီးသားဘဲ၊ ဒေသခံတွေ ကလည်း တောင်းတနေတာဘဲ… ဒါကြောင့် ငါကတော့ ကမှာဘဲ၊ ဆိုမှာဘဲ၊ ဟောမှာဘဲ” ဟူသော စိတ်ဓါတ်ခံယူချက်မျိုးဖြင့် ကပြ၊ ဟောပြော အသုံးခံမည်ဆိုပါက စိုးရိမ်စိတ် ကြီးထွားနေကြသော ပြည်သူ လူထုတို့အား စော်ကားခြင်း (သို့) အကြမ်းဖက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ခြင်းဟူသော ကြံရာပါ တရားခံအဖြစ် မြန်မာ့သမိုင်း၏ တရားခံဆိုးထဲတွင် ပါဝင်သွားပေလိမ့်မည်။ ကမ္ဘာ့အလယ်တွင်လည်း မြန်မာလူမျိုး၊ မြန်မာနိုင်ငံဟူသည် ကြောက်စရာကောင်းသော နိုင်ငံလူမျိုး၊ လူသားချင်းစာနာစိတ် ကင်းမဲ့သော နိုင်ငံလူမျိုး၊ မငြိမ်းချမ်းသော နိုင်ငံလူမျိုးဟူ၍ မျက်နှာငယ်ရပေတော့မည်။ ထိုသို့ အကြမ်း ဖက်မှုအား အားပေး၊ လှုံ့ဆော်၊ တိုက်တွန်း၊ ပါဝင်လှုပ်ရှားသော သူအပေါင်းတို့သည်လည်း ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားတင်မကဘဲ ဘာသာပေါင်းစုံတို့၏ ငြိမ်းချမ်းမှုကိုလိုလားသော ဘုရားသခင်တို့အား စော်ကားခြင်းလည်းမည်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် လူမှုရေးပရဟိတ ဟောပြောပွဲများအား ခက်ခက်ခဲခဲ စီစဉ်ဆောင်ရွက်ပေးထားသော မြို့ရွာအသီးသီးတို့၏ ကြိုတင်ဖိတ်ကြားထားမှုတို့အား စိတ်မ ကောင်းစွာဖြင့် မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူလူထုအရေးတို့အတွက် အချိန်ကာလတစ်ခုကို ပြောင်း ရွှေ့မှုကို ပြုလုပ်ခဲ့ရတော့သည်။
ငယ်စဉ်ကလေးဘဝက မိဘ၊ အဘိုးအဘွားတို့မှ ကလေးငယ်လေးများအား နောက်ပြောင်ကျီစယ် ဆော့ကစားခဲ့သော “ရှေ့ဂျွမ်းလေးထိုးပါဦး … နောက်ဂျွမ်းလေးထိုးပါဦး … မျောက်ဖိုးစိန်လေးရေ” ဟူသော မြှောက်ပင့်ကျီစယ်၊ ဆိုခဲ့သော စကားလေးအတိုင်း အနုပညာရှင်များ၊ စာပေပညာရှင်များ၊ နိုင်ငံရေး သမားများအနေဖြင့် ယခုလက်ရှိတိုင်းပြည်အတွက် စိုးရိမ်ရသော အခြေအနေတွင် ပွဲပါမင့်များ ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိတို့၏ အတ္တများကိုဖြုတ်၍ အများအကျိုးအား ရည်သန်သော စိတ်စေတနာ တို့ဖြင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက် ပြင်ပပယောဂများ မဝင်ရောက်နိုင် ရန်အတွက် စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ကြရန်နှင့် “ရှေ့ဂျွမ်းလေးထိုးပါဦး၊ နောက်ဂျွမ်းလေးထိုးပါဦး၊ မျောက်ဖိုးစိန်လေးရေ” ဟူ၍ ချော့မြူတိုင်း မကမိဖို့ အရေးကြီးပါကြောင်း ပရဟိတစိတ်ထားဖြင့် အသိပေးနှိုးဆော်လိုက်ပါတော့သည်။

ကျော်သူ

မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်းများ(ဓာတ်ပုံ)




















                                         Photo - Eleven Media Group



                                                 Photo - The Voice Weekly



                                 Photo - The Voice Weekly

မတ်လ ၂၈ ရက်နေ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများစုစည်းမှု

မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်း


                                  မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်
မင်းလှမြို့ အမှတ်(၃) ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အင်အား (၃၀၀) ခန့်ရှိသော လူအုပ်စုက ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ (၁၅) လုံးဝန်းကျင်ခန့် ပျက်စီးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ
ရောက်ရှိ လာပြီးနောက် လူအုပ်စု ကွဲသွားကြောင်း မင်းလှမြို့ အမှတ်(၃) ရပ်ကွက်မှ ဒေသခံများက ပြောပါသည်။ ဖျက်ဆီးသူ လူအုပ်စုတွင် မင်းလှ ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ မင်းလှမြို့ အနီးဝန်းကျင် ကျေးရွာများမှ လာရောက်သူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မင်းလှမြို့၏ အဓိက ၀င်ပေါက်ဖြစ်သော သရက်ပင်-တာဆုံ လမ်းဆုံတွင် စစ်ဆေးရေး ဂိတ်ထားရှိပြီး လူအ၀င်ကို ယာယီပိတ်ပင်ထားပြီး အထွက်ကိုသာ ခွင့်ပြုထားကြောင်း မင်းလှမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။
Eleven Media Group 
          =========================================
ပဲခူး တိုင်း မိုးညို မြို့  က ဗလီ ကို ဖျက် ဖို့  ပေါ်ပေါ် ထင် ထင် ပဲ ရောက် ရှိလာ
တဲ့ အဖွဲ့  ကို ဒေသခံ အာဏာ ပိုင် တွေ က နောက် ဆုတ် ပေး ခဲ့ ရပါတယ်။
ရဲမှုး နဲ့  နယ်မြေခံ စ သုံးလုံး အရာ ရှိ တစ်ချို့  ကို မင်း တို့  ဖယ် ပေး ငါ တို့ 
လုပ်စရာ ရှိ တာ တွေ ကို လုပ် မယ်၊ ဘာမှ သွေး ထွက် သံ ယို မရှိ စေရ ဘူး
လို့  ပြောပါတယ်။ ရဲ တွေ က နောက် ဆုတ်ပေး လိုက် တော့ ဗလီ ကို စပြီး
ဖြိုတာပါ ပဲ လို့  မိုးညို ဒေသခံ တွေ က FNG ကို ပြောပါတယ်။

မျက်မှန်းတမ်း ဘူးသူတွေ က ယခင် မန္တလေး အခြေစိုက် ထောက်လှမ်းရေး ၁ က အရာ ရှိ ဟောင်း
 တစ်ဦး ဖြစ် ပုံ ရတယ် လို့  ပြောကြ ပြီး သူ ဟာ သူ့  နဲ့  ပါလာတဲ့ သူတွေ
ကို တော်တော်သြဇာ ညောင်း ပုံ ရတယ် လို့  ပြောပါတယ်။
FNG
    *****************************************************
                          မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ
မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်ရှိ ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှ ညနေ ၄ နာရီ ၀န်းကျင်အထိ သံဃာဟု ယူဆရသူ (၄၀) ၀န်းကျင်ခန့်က ဖျက်ဆီးခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ထိုသို့ ဖျက်ဆီးပြီးချိန်တွင် လူစုခွဲ၍ ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရသည်။ ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာသွားချိန်တွင် အဆိုပါ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖျက်ဆီးနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ကူးခွင့် မပြုဘဲ တားဆီးခဲ့ကြပြီး ဖျက်ဆီးမှုတွင် ပါဝင်သူများမှာ
 ဒေသခံများ မဟုတ်ကြောင်း မိုးညိုမြို့ခံများက ပြောသည်။
********************************************************************
                                   မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ
မင်းလှမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက အကြမ်းသူများက Light Truck မော်တော်ယာဉ် တစ်စီးအား မီးရှို့ဖျက်ဆီးခြင်း၊ လူနေအိမ် အချို့အား ၀င်ရောက် ဖျက်ဆီးခြင်း၊ ဈေးဆိုင်အချို့အား ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အင်အားတိုးချထားကာ ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် မိုးညိုမြို့၌လည်း မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုများက နေအိမ် တစ်လုံးအား ဖျက်ဆီးခဲ့ကြသဖြင့် လုံခြုံရေး အဖွဲ့က လူစုခွဲခဲ့ရကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ သတင်းအစီအစဉ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်

Eleven Media Group

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကိုမတ်လ ၂၈ရက်
နေ့လည် ၂ နာရီကရန်ကုန်မြို့သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့် ရှိ
YMCAတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် မင်းကွန်းတောရ ဆရာတော်က မေတ္တာတရားနှင့် ပတ်သက်ပြီး ဟောပြောစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် အစ္စလမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်က ဟောပြောစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ



ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် တခြားဘာသာဝင်များက
မင်းကွန်းတောရ ဆရာတော်ကို လှူဖွယ်ပစ္စည်းများ ကပ်လှူနေစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)






မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား


 မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေးအခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အရှင်ဝီရသူက သူ့ကိုလူတချို့က အစ္စလာမ်ဘာသာ ဆန့်ကျင်ဟောပြောတယ်လို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အစ္စလာမ်ဘာသာကို အဆိုးမြင်ဟောပြောနေတာမဟုတ်ပဲ မြန်မာနိုင်ငံတွင်းနေထိုင်ကာ အမျိုးဘာသာကို စော်ကားနေတဲ့ မူဆလင်တွေကိုသာ ဆန့်ကျင်ပြောကြားနေခြင်းဖြစ်ကြောင်း၊ အဲဒီမူဆလင်တချို့ကို အာရပ်နိုင်ငံတွေက မြှောက်ပင့်အားပေးနေတယ်လို့ယူဆကြောင်း၊ မြန်မာနိုင်ငံတွင်း မူဆလင်နဲ့ မြန်မာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုရှိဖို့လိုကြောင်းစသဖြင့် ပြောကြားလိုက်ပါတယ်။
 RFA Burmese
====================================================
“မြန်မာလေးယောက်က ကုလားတစ်ယောက်ကို အနိုင်ကျင့်”
===============================
မန္တလေး မတ်(၂၇)
××××××××××-

ယနေ့ ၂၇-၃-၂၀၁၃-ရက်နေ့ ညနေ (၄း၀၀)နာရီခန့်က ဖြစ်သည်။ ကိုကျော်ကျော်အောင်(ခ) ဘီလား အသက်(၃၅)နှစ် (ဘ)ဦးတင်ရွှေ (အမိ)ဒေါ်တင်လှ-သည် ဆိုင်ကယ်စီး၍ ၃၈×၇၈-လမ်းမှ လမ်း၈၀-သို့ ဦးတည်မောင်းနှင်လာရာ ၃၉-လမ်းထောင့် အရောက်တွင် နောက်မှ ဘင်ကားတစ်စီး ကျော်တက်လာပြီး ဆိုင်ကယ်ရှေ့မှ ပိတ်ရပ်လိုက်ပါသည်။
၎င်းနောက် ကားထဲမှ လူနှစ်ယောက် ဆင်းလာပါသည်။ ထို့နောက် နောက်ထပ် လူနှစ်ယောက် ဆင်းလားပါသည်။ အားလုံး စွပ်ကျယ်အင်္ကျီအဖြူ မီးသက်ဝတ်စုံရောင် ဘောင်းဘီရှည်များ ဝတ်ထားကြပါသည်။ ထိုလေးယောက်လုံးက ဘီလားကို စကားတစ်ခွန်းမျှ မပြောမဆိုဘဲ မုဆိတ်ဆွဲကာ ပါးရိုက်ပါသည်။ ဆိုင်ကယ်ဦးထုပ်ချွတ်ကာ ဆိုင်ကယ်ဦးထုပ်ဖြင့် ခေါင်းကိုရိုက်နှက်ပါသည်။ ဆံပင်တွေကို ဆောင့်ဆွဲ ခေါင်းရော မျက်နှာကိုပါ လက်သီးနှင့် ထိုးပါသည်။
“ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ၊ ကျနော် ခဗ်ျားတို့ကို ဘာစော်ကားလို့လဲ၊”ဟု ဘီလားကတောင်းပန်ရင်း မေးပါသည်။ ပါးစပ်ပိတ်ထားဟုဆိုကာ ထပ်ရိုက်ပါသည်။ ကယ်ကြပါဦး-ဟု အော်သည့်အခါ ဓားနှင့်ထိုးမည်ဟု ခြိမ်းခြောက်ပါသည်။
ထိုစဉ် ၃၉လမ်းမှ ရပ်ကွက်သူ/သားများ ရောက်လာပါသည်။ လူးစုခွဲကာ “ဦးလေးသွားတော့”ဟု ပြန်ခိုင်းပါသည်။ ဘီလားလည်း ကြောက်ကြောက်လန့်လန့်နှင့် အိမ်ပြန်ပြေးခဲ့ပါသည်။ ဘင်ကားနှင့်လူများထံ ဆိုင်ကယ်ဦးထုပ် ပါသွားပါသည်။
ကြောက်လန့်ထူပူနေ၍ ကားနံပါတ်ကိုလည်း မှတ်မထားလိုက်ပါ။ ဖြန်ဖြေသော ရပ်ကွက်သူ/သား များကိုလည်း မမှတ်မိပါ။ ထိုးကြိတ်သူများသည် လူငယ်အရွယ်များ ဖြစ်ကြပြီး ဗမာလူမျိုးများ ဖြစ်ကြပါ သည်။
ဘီလားသည် မွတ်ဆလင်မ်ဖြစ်ကာ အကွက်(၅၉၆)ဂျွန်းဗလီဝင်း၊ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်ပါသည်။ ရဲကိုလည်းကြောက်၊ ဗမာကိုလည်းကြောက်၊ လာမေးသူများကိုလည်းကြောက်၊ စစ်ဆေး မေးမြန်းခံရမှာလည်းကြောက်နေ၍ လူသိမခံ တိုင်လည်းမတိုင်ရဲဘဲ သူငယ်ချင်း တစ်ယောက်အိမ်မှာ သွားနေလျက် ရှိပါသည်။ တစ်ခါမျှ ရန်မဖြစ်ဖူး၊ ရဲစခန်းမရောက်ဖူးဘူးဟု ဆိုပါသည်။ ယခုအခါ ပါးများ ယောင်ကိုင်းလျက်ရှိပါသည်။
၎င်း၏ ဖုန်းနံပါတ်ရှိသော်လည်း ကြောက်လန့်နေ၍ ၄င်းဖြစ်ရပ် သိသူများ၏ ဖုန်းနံပါတ်များကိုသာ ပေးလိုက်ပါသည်။
09-91039055
09-2023909
မိမိသည် မြန်မာများက ကုလားတွေကို အနိုင်ကျင့်သည့် အမှုမျိုး မတွေ့ဘူးပါ။ မိမိသည် အနိုင်ကျင့်ဝါဒကို ရွံမုန်းသူ ဖြစ်ပါသည်။ ကုလားဖြစ်စေ မြန်မာဖြစ်စေ၊ အနိုင်ဝါဒ မကျင့်သုံးစေလိုပါ။ အနိုင်ကျင့်ဝါဒကို တိရစ္ဆာန်တွေသာ ကျင့်သုံးလေ့ရှိသည်ကို သတိပြုစေလိုပါသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
၂၇-၃-၂၀၁၃ pm 10;45

စစ်ပွဲအချိန်မရွေးဖြစ်လာနိုင်၍ မြောက်ကိုးရီးယားအစိုးရ တောင်ကိုးရီးယားနှင့် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်



ဆိုးလ်၊ မတ်၂၇။

မြောက်ကိုးရီးယားက တိုက်ပွဲသည် အချိန်မရွေး ဖြစ်လာနိုင်
သောကြောင့် တောင်ကိုးရီးယားနှင့် ဆက်သွယ်ရေးလိုင်းများမှ
နောက်ဆုံးကျန်သည့် လိုင်းတစ်ခုကို ဖြတ်တောက်မည်ဖြစ်
ကြောင်း အမေရိကန်နှင့် တောင်ကိုးရီးယားနိုင်ငံကို နျူကလီး
ယားသုံး၍ တိုက်ခိုက်ရန် ခြိမ်းခြောက်ပြီးနောက်နေ့ဖြစ်သည့် ယနေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။

ယခုတစ်ကြိမ်သည် ဖေဖော်ဝါရီလက ၎င်းတို့၏ တတိယ
အကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကြောင့် ကုလ
သမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ခဲ့ခြင်းနှင့် အမေရိကန်-
တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုန့်ပြန်
လုပ်ဆောင်ခဲ့သည့် ခြိမ်းခြောက်မှုများတွင် နောက်ဆုံးတစ်ခု
ဖြစ်သည်။

မြောက်ကိုးရီးယားနိုင်ငံသည် လက်နက်တပ်ဆင်ထားသည့် စစ်မတိုက်ဇုံနှင့် တောင်-မြောက်ကိုးရီးယား အစိုးရနှစ်ခုလုံး
အသုံးပြုသော အနီ ရောင်ကြက်ခြေခတ်ကြား ခံတပ်ကို
စီမံကွပ်ကဲသည့် အမေရိကန်စစ်တပ်နှင့် တိုက်ရိုက်ခေါ်ဆို
နိုင်သည့် ဖုန်းလိုင်းမှ ခေါ်ဆိုမှုများကိုလည်း ရပ် ဆိုင်းလိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

“စစ်ပွဲ ဘယ်အချိန်ထဖြစ်မယ်ဆိုတာ မသိနိုင်တဲ့ အခြေအနေ
ဖြစ်နေတယ်။ နှစ်နိုင်ငံစစ်တပ်ကြား ဆက်သွယ်ရေးဟာ ဆက်
လုပ်စရာ မလိုတော့တဲ့ကိစ္စ ဖြစ်နေပါပြီ”ဟု မြောက်ကိုးရီးယား သတင်းအေဂျင်စီ KCNAတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ပါရှိသည်။

“မြောက်ကိုးရီးယားနဲ့ အမေရိကန်ကြား၊ တောင်ကိုးရီးယားနဲ့
မြောက်ကိုးရီးယားကြားမှာ ဖုန်းဆက်သွယ်ပြောလို့ရတဲ့ ဆက်
သွယ်ရေး ဖုန်းလိုင်း တွေ၊ ဆက်သွယ်စရာတွေ ရှိမနေတော့ပါ
ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသွားကြောင်း သိရသည်။

တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံသည် ၁၉၅၀-၅၃ ပြည်တွင်း
စစ်ပြီးနောက် ချုပ်ဆိုခဲ့သည့် စာချုပ်သည်လည်း အပစ်အခတ်
ရပ်စဲရေး သ ဘောတူညီ ချက်သာဖြစ်ပြီး စစ်ပြေငြိမ်းရေးစာချုပ်
ချုပ်ဆိုခဲ့ခြင်း မဟုတ်ခဲ့ဘဲ ယခုအခါ၎င်းသဘောတူညီချက်သည်
လည်း ပျက်စီးသွားပြီဖြစ်ကြောင်း မြောက်ကိုးရီးယားအစိုးရက
ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား ပြည်သူငါးသောင်းကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်ပေးနေသည့် ကေဆောင်စက်မှုဇုန် ပရော့ဂျက်ရှိ
တောင်ကိုးရီးယား ကုမ္ပဏီ၁၂၃တွင် လုပ်နေသော တောင်ကိုး ရီးယားပြည်သူများက “ဆက်သွယ်ရေးဖုန်းလိုင်း”ကို နေ့စဉ်သုံး
အဖြစ် သုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ကေဆောင်စက်မှုဇုန်တွင် ပျမ်းမျှအားဖြင့် တစ်ကြိမ်လျှင်
တောင်ကိုးရီးယားအယောက်၁၂၀ခန့်နေထိုင်ရကြောင်း
သိရသည်။

၎င်းစက်မှုဇုန်သည် မြောက်ကိုးရီးယားတို့ တောင်ကိုးရီးယား
တိုးရစ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့မှုနှင့် တောင်ကိုးရီးယား
ရေတပ်ပိုက် သင်္ဘောကို မြောက်ကိုးရီးယားတို့ နစ်မြုပ်စေခဲ့မှု တို့ကြောင့် တောင်ကိုးရီးယားနိုင်ငံက အကူအညီများနှင့် ကုန်
သွယ်ရေးကို လျှာ့ချပြီးနောက် တောင်-မြောက်ကိုးရီးယားနှစ်
နိုင်ငံကြား ပူးတွဲဆောင်ရွက်သည့် နောက်ဆုံးစီးပွားရေး ပူးပေါင်းဆောင်ရွက်ချက်ဖြစ်ကြောင်း သိရသည်။

ကေဆောင်စက်မှုဇုန်သည် မြောက်ကိုးရီးယား၏ ရှားပါး လှသည့် ငွေကြေးရပေါက်များထဲမှတစ်ခုဖြစ်ပြီး တောင်
ကိုးရီးယားနှင့် ကုန်သွယ်ခြင်းကြောင့် တစ်နှစ်လျှင် ၂ဘီလျံ
ဒေါ်လာရရှိစေကြောင်း သိရပြီး မြောက်ကိုးရီးယားသည်
လည်း ၎င်းဇုန်ကို မပိတ်ချင်ကြောင်း သိရသည်။

မြောက်ကိုးရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အထက်မှ ညွှန်ကြားချက်များတွင် ယခင်ကလည်း ယာယီရပ်တန့်မှုများ ရှိခဲ့သည့် ကေဆောင် စက်မှုဇုန်မပါဝင်ပါဟု ပြောကြားခဲ့ကြောင်း
သိရသည်။

တောင်ကိုးရီးယားအစိုးရက ကေဆောင်ရှိ အလုပ်သမားများ လုံခြုံဘေးကင်းရေးကို သေချာစေရန် တိုးတက်လုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသေးစိတ်
အချက်များ ထုတ်ပြန်မထားသေးကြောင်း သိရသည်။

Ref:Reuters

The Myanma Age

၆၈ နှစ်မြောက် တပ်မတော်နေ့ နေပြည်တော်မှာ ကျင်းပ

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)


၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)



၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကို တွေ့ရစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)


မြန်မာ့တပ်မတော် သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့တာ မရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့ ဒီနေ့ကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ တပ်မတော် ဥပဒေစည်းမျဉ်းများအပြင် ဂျီနီဗါကွန်ဗန်းရှင်း (Geneva Conventions) ကိုလည်း လိုက်နာလျက်ရှိကြောင်းနဲ့ ကွန်ဗန်ရှင်း ခေါ် နိုင်ငံတကာ သဘောတူညီချက်တွေကိုလည်း တပ်မတော်သားတွေသိရှိအောင် သင်ကြားပေးလျက်ရှိကြောင်းအပြင် စည်းကမ်းဖေါက်ဖျက်သူတွေကိုလည်း အရေးယူလျှက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဂျီနီဗါကွန်ဗန်းရှင်းဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်မှာ ပြန်လည်မွန်းမံပြဌာန်းခဲ့တဲ့ ဥပဒေလိုမျိုးအသက်ဝင်တဲ့ နိုင်ငံတကာ သဘောတူညီချက်ဖြစ်ပါတယ်။ အဲဒီပြဌာန်းချက်မှာ စစ်ပွဲကာလအတွင်း စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေရဲ့ အခွင့်အရေးကို ပြဌာန်းထားတာဖြစ်သလို စစ်ပွဲတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ကိုလည်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒီနေ့ တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့တဲ့ တပ်မတော်ဖြစ်အောင်ကြိုးပမ်းဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အထူးဧည့်သည်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ရေးပြကွင်း ပွဲကြည့်စင်ရှေ့ဆုံးတန်းမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့အတူ ထိုင်ခုံဘေးချင်းကပ် နေရာချထားပေးခဲ့ပြီး၊ အဲ့ဒီအခမ်းအနားကို လွှတ်တော်အသီးသီးက ရေးရာကော်မတီဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ထည့်သွင်းပြသခဲ့သလို စစ်ရဟတ်ယာဉ်တွေက နိုင်ငံတော်အလံကို ပျံဝဲသယ်ဆောင်ပြီး အလေးပြုတဲ့အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။

ဒီကနေ့ တပ်မတော်နေ့ အခမ်းအနားကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ပထမဆုံးအကြိမ် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ 

၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ သ၀ဏ်လွှာမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဦးတည်ချက်ကို နိုင်ငံရေးအင်အားစုအားလုံး၊ တပ်မတော်အပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ အင်အားနဲ့ နိုင်ငံသစ်တည်ထောင်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
သတင်း -RFA
Photo-RFA

၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ




















သတင်း-RFA
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

Wednesday, March 27, 2013

ယနေ့ မတ်(၂၇) ရက် ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ နေ့လည် ၂ နာရီခွဲမှည၁၁နာရီအထိသတင်းစုစည်းမှု

မတ်လ ၂၅ ရက်နေ့က ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်တွင် အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်ပြီးနောက် တွေ့ရသည့်မြင်ကွင်း
(ဓာတ်ပုံ - ကောင်းမြတ်မင်း / ဧရာဝတီ)


                                     ဇီးကုန်းတွင် ဆူပူဖျက်ဆီးမှုများ ပြုလုပ်နေ

ပဲခူးတိုင်း ဇီးကုန်းမြို့ရှိ ဗလီတလုံးနှင့် မွတ်စလင်များ၏ နေအိမ်နှင့် ဈေးဆိုင် ၂၀ ခန့်ကို ယနေ့ နေ့လည် ၂ နာရီခွဲခန့်တွင် လူ ၅၀၀ ခန့်က ထပ်မံ ဖျက်ဆီးကြကြောင်း သိရသည်။ ယင်းဗလီကို ယမန့်နေညက ဖျက်ဆီးသေးသော်လည်း မပြိုပျက်သေးသဖြင့် ထပ်မံ ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း၊ သတင်းသမားများ ဓာတ်ပုံရိုက် သတင်းယူမှုများကို တားမြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရှိသော်လည်း အခြေအနေကို မထိန်းသိမ်းနိုင်ကြောင်းနှင့်
ယခုအခါ အင်းမ အခြေစိုက် တပ်မ (၆၆) တပ်ဖွဲ့တချို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ အနီးရှိ ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
**********************************************************************                                     မင်းလှတွင် ဆူပူ ဖျက်ဆီးမှု ရဲတပ်ဖွဲ့ မထိန်းနိုင်
ပဲခူးတိုင်း မင်းလှမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့ နေလည်အချိန်တွင် ဗလီ ၃ လုံးနှင့် မွတ်စလင်တို့၏ နေအိမ်များကို လူရာဂဏန်းခန့်က ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် မိုးပေါ် ထောင်ဖောက် ခြောက်လှန်သော်လည်း လူစုကွဲခြင်း မရှိကြောင်း သိရသည်။
**************************************************************
ပဲခူးတိုင်းတွင် ဆူပူအကြမ်းဖက်သူများကို ရော်ဘာကျည်ဆံဖြင့် ပစ်ခတ်နှိမ်နင်း၊ ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၇ (ညနေ ၆ နာရီ ၃၀ မိနစ်)

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များတွင် အကြမ်းဖက် ဆူပူလှုပ်ရှားသူများကို ရဲတပ်ဖွဲ့ ရော်ဘာကျည်ဆံဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။

"မင်းလှမှာ အိမ်၊ ဆိုင်တွေ ဖျက်နေတဲ့ ဆူပူအကြမ်းဖက်သူတွေကို ရော်ဘာ ကျည်ဆန်နဲ့ ပစ်ခတ်နှိမ်နင်းတယ်။ ၁ ဦးဒဏ်ရာရတယ်။ ၀မ်းဗိုက်မှာ။ ဇီးကုန်း မှာတော့ ၃ ဦးဒဏ်ရာရတယ်။ အားလုံး မစိုးရိမ်ရပါဘူး"ဟု ပဲခူးတိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက
 ဧရာဝတီသို့ အတည်ပြုပြောသည်။
***********************************************************************

          ပဲခူးတိုင်း မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ များ ထပ်မံထုတ်ပြန်
ရန်ကုန်၊ မတ် ၂၇ (ညနေ ၆ နာရီ ၃၅ မိနစ်)

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ များ ယနေ့ညနေပိုင်းတွင် ထပ်မံထုတ်ပြန် လိုက်ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

"ပြသနာမဖြစ်သေးတဲ့ သာယ၀တီ၊ လက်ပံတန်း၊ မိုးညိုမြို့နယ်တွေမှာ ပုဒ်မ ၁၈၈ ထုတ်တယ်။ နတ်တလင်းနဲ့ ဇီးကုန်းမြို့နယ်မှာတော့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်တယ်" ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကလည်း ပဲခူးတိုင်း မင်းလှ၊ ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးဖြစ်ရာ ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသော မြို့နယ်စုစုပေါင်း ၈ မြို့နယ်ထိရှိလာပြီဖြစ်သည်။
The Irrawaddy (Burmese Version)
*******************************************************
မတ်လ ၂၇ ရက်နေ့ ည ၈ နာရီ


"ဒီကိစ္စက သာမန် ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ မိတ္ထီလာလို အစ္စလာမ် ဘာသာဝင်ကနေပြီးတော့ တစ်ခုခု မှားယွင်းပြီးတော့ ဆောင်ရွက် ခဲ့တယ် ဆိုတာလည်း ဒီဖြစ်စဉ်မှာ ဖော်ထုတ်လို့ မရဘူး။ ဒီမှာကတော့ ဘေး ပယောဂကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ သုံးသပ်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းများရဲ့
ဆောင်ရွက်ချက်၊ ဒါကိုလည်း ဖျက်ဆီး ဆောင်ရွက်ခဲ့တဲ့ လူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ အရေးယူသလိုပဲ တစ်ပိုင်းက ဥပဒေမဲ့ လုပ်ရပ်တွေကို တားဆီး ဆောင်ရွက်နေပါတယ်။ တစ်ပိုင်းကလည်း တည်ငြိမ် အေးချမ်းမှု ရှိလာတာနဲ့အမျှ ဖျက်ဆီးရာမှာ ပါဝင်တဲ့ သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်အောင် ဆောင် ရွက်နေ ပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့ ဦးစီး ကွပ်ကဲမှုနဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ပြန်ရအောင်
ဆောင်ရွက်နေပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အတွင်း လက်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်းက Eleven Media Group သို့ ပြောကြားပါသည်။
*****************************************************************
မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်


ပြည်မြို့နှင့် အနီးဝန်းကျင်ဖြစ်သည့် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ယနေ့ (မတ်လ ၂၇ ရက်) ညမှစတင်၍ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရသည့် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်သည်။ ယင်းအမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၃ အား ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် ည ၈ နာရီ ၃၀ မိနစ်တွင် လိုက်လံကြေညာခဲ့သည်ဟု သိရသည်။

Eleven Media Group
*****************************************************
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ


ယနေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ဇီးကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသူတစ်ဦးမှာ
 ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ယင်းလူနာမှာ ဇီးကုန်းမြို့၊ သံပုရာကန် ရပ်ကွက်တွင် နေထိုင်သည့် ကိုမျိုးသန့် (၃၃) နှစ် ဆိုသူဖြစ်ပြီး
၎င်းမှာ ၀မ်းဗိုက် သေနတ်ထိမှန်သည့် ဒဏ်ရာရရှိခဲ့ပြီး ယနေ့ည ၉ နာရီ ၃၀ မိနစ် ဝန်းကျင်မှစ၍
 ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း၊ ၄င်း၏ ဒဏ်ရာအခြေအနေအား မပြောပြနိုင်သေးကြောင်း ဆေးရုံတာဝန်ကျ ၀န်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
==================================================

Who's Responsible? ဘယ်သူ့မှာ တာဝန်ရှိလဲ

Written by ဒေါက်တာခင်မောင်ညို


                 မုံရွာမြို့ စံပယ်တောင် သတ္ထုတူးဖော်ရေး လုပ်ကွက်အား ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်

ဤဆောင်းပါးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်ပတ်သက်သော အကြောင်းအရာများကို သုံးသပ်ထားခြင်းဖြစ်သည်။

အစီရင်ခံစာ၏ ရည်ရွယ်ချက်

ထိုလက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာသည် မှန်ကန်သောအချက် အတော်များများ ပါဝင်သည်ဟု ယူဆပါသည်။ သို့သော် အချို့သော မပြည့်စုံသောအချက်များ လိုအပ်သော အချက်များကို ပြည်သူ့အကျိုးအတွက် ဆွေးနွေးလိုပါသည်။

မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာကို လေ့လာကြည့်မည်ဆိုလျင် အပိုဒ်(၃)၌ ''စုံစမ်းရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်နှင့် ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဟူသော ရည်ရွယ်ချက်ကို ဖော်ပြထားပါသည်။

ထိုရည်ရွယ်ချက်သည် ကောင်းမွန်သင့်မြတ်သော ရည်ရွယ်ချက် ဖြစ်ပါသည်။သို့သော်''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်''ဆိုသော အချက်ကတော့ လက်တွေ့တွင် လုံးဝလက်မခံနိုင်အောင် ကွဲလွဲလျက်ရှိသည်။

မီးစုံးပါသောမီးခိုးဗုံး

စင်စစ် မီးစုံးပါသော မီးခိုးဗုံးကို (အရပ်ဘက်ပြည်သူများအပေါ်တွင် အသုံးမပြုရန်)အပြည်ပြည်ဆိုင်ရာက တားမြစ်ထားသည်။ အပိုဒ် ၂၈ တွင် ရဲချုပ်က မီးခိုးဗုံးသုံးသည်ဟု ဆိုထားသည်။ ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်ကလည်း ထိုမီးခိုးဗုံးမျိုး သုံးခဲ့ကြောင်း တင်ပြသည်။ (၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သုံးခဲ့ဟန်တူသည်။ ဘယ်နေရာတွင် သုံးသည်ဟု ဖော်ပြထားခြင်းမရှိ၍ မသိနိုင်ကြပါ)

ရဲချုပ်က ၂၀၀၇ ခုနှစ်က သုံးသောဗုံးနှင့် ယခုဗုံးအာနိသင် ကွာခြားသည်။ယခင်က မီးလောင်ဒဏ်ရာ ရရှိမျိုးခြင်း မရှိကြောင်း ပြောသွားသည်။ ဤနေရာတွင် စဉ်းစားရန် နှစ်မျိုးရှိသည်။ပထမအချက်မှာ မီးခိုးဗုံးချင်း မတူလို့လား။ဒါမှမဟုတ် ဒုတိယအချက်အနေဖြင့် အခြေအနေ (တာပေါ်လင်စများ၊ စီဝိုင်စီ သင်္ကန်းစ များ)ကြောင့်လား ဟူသော မေးခွန်းများ ထွက်လာနိုင်သည်။ ကျွန်တော့်အနေနဲ့တော့ မီးခိုးဗုံးချင်းမတူလို့ပါ ဟုသာ ဖြေချင်ပါသည်။

အကြောင်းကား ဖော့စဖရပ်(မီးစုံး)ပါလာပါက မီးစုံးသည် အပူချိန် ၈၀၀ ဒီဂရီစီတွင် မီးလောင်သည်။ ထိုမီးစုန်းများသည် လွင့်စင် ကွဲကြေသွားသည်။ (၈)ပေ အကွာအဝေးအထိ မီးစွဲနိုင်သည်။ ရေနှင့် ငြိမ်းသတ်၍မရပါ။ အသားကို လောင်သည်။ ကြွက်သား(Muscle) ထဲထိ လောင်သည်။ မီးစုံးပါလာပါက ချည်ထည်ဖြစ်ဖြစ် စီဝိုင်စီဖြစ်ဖြစ် လောင်ပါသည်။ အသားကို လောင်ပါသည်။ ပထမမီးခိုးဗုံးသည် ဖော့စဖရပ် နည်းနည်းသာပါသော ဗုံး သို့မဟုတ် လုံးဝမပါသော ဗုံးဖြစ်နိုင်ပါသည်။ ဒုတိယကတော့ ဖော့စဖရပ် ပါသည်မှာ သေချာပါသည်။အစီရင်ခံစာ(အပိုဒ် ၉၁ )တွင် အချက် ၅ ချက် ဖြင့် ဖော်ပြထားသည်။

Polypropylene ကြောင့် မီးပိုလောင်သည်ဟု ဆိုသော်လည်း ဖော့စရပ်စ်ပါသော မီးခိုးဗုံးသည် တရားခံအစစ်ဖြစ်ကြောင်း တွေ့ရပါသည်။ ထိုဖော့စဖရပ်သည် အင်မတန်ပြင်းသော အဆိပ်လည်းဖြစ်သည်။ ဆန္ဒပြသူများ၏ ကိုယ်ခန္ဓာကိုလောင်သော မီးမှာ Polypropylene ကြောင့်ဆိုပါက အသားထဲထိ လောင်စရာမရှိပါ။ အသားထဲလောင်သည်မှာ ဖော့စဖရပ်သာ ဖြစ်နိုင်ပါသည်။

ဒီကိစ္စကို သေသေချာချာ လေ့လာပါက ဖော့စဖရပ်ပါသော မီးခိုးဗုံးကို သုံးထားကြောင်း ထင်ရှားသည်။ ထိုဗုံးကို အဓိကရုဏ်း နှိမ်နင်းရေးတွင် လုံးဝသုံးခွင့်မရှိပါ။ ပြည်သူအပေါ်လည်း သုံးခွင့်မရှိပါ။ အစီရင်ခံစာတွင် ထိုအကြောင်း ဖော်ပြထားခြင်းမရှိပါ။

အပြည်ပြည်ဆိုင်ရာ ဥပဒေ (Article 1 of Protocol III) အရ လူတွေ အပေါ် မပစ်ရပါဘူး။ လောင်ကျွမ်းနိုင်တဲ့ ပစ္စည်းတွေ ရှိနေရင်လည်း မပစ်ရပါဘူး။ ဂျီနီဗာကွန်ဗင်းရှင်အရ လူတွေနေထိုင်သောအရပ် (Civilian Area)အပေါ်လည်း ပစ်ခွင့်မရှိပါဘူး။တကယ်တန်း မီးခိုးဗုံးသည် စစ်သုံးလက်နက်သာ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒပြရာတွင် သုံးစွဲခွင့်မရှိပါ။ ရဲများ သုံးခွင့်မရှိဟု ယူဆပါသည်။ ထိုအချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ကျူးလွန်နေပါသည်။

ကျူးလွန်သူကို မဖော်ထုတ်

မီးခိုးဗုံးကို ဘယ်ကလုပ်လဲ၊

မြန်မာပြည်မှာ ဘယ်လောက်ရှိလဲ၊
ဘယ်အတွက်သုံးဖို့လဲ၊
ဘာတွေပါလဲ။
ဘယ်သူက သုံးခိုင်းလဲ။
အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်က''ကျွန်မတို့က အချက်အလက်တွေကို စုံစမ်းလေ့လာတာသာ ဖြစ်တယ်။ ဘယ်သူ့ကို အပြစ်ပေးပါ အကြံပေးဖို့မဟုတ်ဘူး''လို့ ပြောသွားတယ်။ ဆိုလိုတာက ''ဘာဖြစ်တယ်''ဆိုတာကိုသာ အစီရင်ခံခြင်းဖြစ်သည်။''ဘယ်လိုအပြစ်ပေးရမည်ကို တင်ပြရန် တာဝန်မရှိ''ဟု ပြောကြားသွားသည်နှင့် တူပါသည်။ ကျွန်တော်တို့ကလည်း အပြစ်ပေးရန် မပြောပါ။ ကော်မရှင်၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော''ဥပဒေစိုးမိုးရေးနှင့် အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေး''ဟူသော အချက်ကို ''သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ''ကို တင်ပြရန် လိုသည်ဟု ယူဆပါသည်။

ထိုမီးခိုးဗုံးကို ၂၀၀၇ ခုနှစ်က သုံးသည်။ ထိုကြောင့် ၂၀၁၂ နှစ်တွင် ဆက်သုံးသည်ဟူသော အစဉ်အလာသည် တရားဥပဒေအရ မှန်ကန်မှု ရှိပါသလော။ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်သည်ကိုကော်မရှင်မှ ထုတ်ပြောသင့်သည်။ မီးစုံးပါသော မီးခိုးဗုံးသုံးခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ထုတ်ဖော်ရေးသားခြင်း မပြုသည်မှာ ဘာကြောင့်လဲ။ ဘယ်သူ့အပေါ် တာဝန်ရှိလဲ။ ကော်မရှင်ဥက္ကဋ္ဌတွင် တာဝန်ရှိ ပါသလား။ ကျွန်တော် မေးခွန်းထုတ်လိုပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု

သတ္တုတွင်းတစ်ခု တူးမည် သို့မဟုတ် စက်ရုံတစ်ခု ဆောက်မည်ဆိုလျင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (EIA) နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (SIA) သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) ကို တင်ပြနိုင်ရန် လေ့လာမှုများ ပြုလုပ် ဆောင်ရွက်ရသည်။
အပိုဒ်(၇၀)မှ အချို့ကို ထုတ်နုတ် တင်ပြလိုပါသည်။

(က)ဂေဟစနစ်။ မြေအောက်ရေကို စစ်ဆေးရာတွင် သောက်သုံးရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

(ခ) လေထုညစ်ညမ်းမှု အခြေအနေ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၀န်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းထက် ပိုမိုနေသည်ကို တွေ့ရှိရပါသည်။
အပိုဒ်(၈၁)ကို ဖတ်ကြည့်ပါဦး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတော်ပြဌာန်းချက်များ ဆောင်ရွက်သင့်သည် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ။ မရှိ။
အတိုချုပ်တင်ပြပါမည်။

(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (EMP) မရှိ။
(ခ) ယ(ဂ)ယ(င)ယ(စ)တို့တွင် စံချိန် မမီကြောင်း၊ ပြည်သူလူထု သဘောထားမယူထားကြောင်း ဖော်ပြထားသည်။
အကြံပြုချက် (င) တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA) များကို အသစ်ပြုစုရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
အကြံပြုချက်မှာ (စ) တွင် ပါရှိသည်။၎င်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်(EMP)နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (OHSAS) များကိုနိုင်ငံတကာ ပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော်ရန် သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဤသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

အထက်ပါ (EIA) (SIA) တို့ကို လေ့လာရန် အချိန်ပေးရပါသည်။ သာမန်အားဖြင့် လပေါင်းများစွာ ကြာပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ကျွမ်းကျင်သူများကို နေ့ချင်းမရနိုင်ပါ အချိန်ယူရပါသည်။ ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာသည်ပင် (ဒေတာအပြည့်အစုံ မပါသည့်တိုင်) သုံးလခန့် ကြာပါသည်။

ထိုအစီရင်ခံစာတွင် ရေနှင့်လေကိစ္စကို အကြမ်းအားဖြင့်သာ ဖော်ပြထားသည်။ ထိုအရပ်တွင် မြေအောက်ရေသည် သောက်သုံးရန် မသင့်ဟု တင်ပြထားသည်။ လေထုထဲတွင် ဖုန်မှုန့် (Particulates)တွေ များနေသည်။
စံပယ်တောင်၊ကြေးစင်တောင် ဧရိယာထက် လက်ပံတောင်းတောင်သည် ဧရိယာ အလွန်ကြီးပါသည်။ယခု စံပယ်တောင်တစ်လုံး ပြောင်ရုံမျှဖြင့်ပင် ဤမျှပတ်ဝန်းကျင် ပျက်စီးနေပါလျင် နောက်ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့ကို သတ္ထုတူးပါက များစွာ ထိခိုက်မည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။

ကန့်ကွက်သံများ ကြားရသည်

ပြီးခဲ့သည့်အပတ်က ပညာရှင်များပါသော မြန်မာအစိမ်းရောင်ကွန် ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် အစည်းအဝေးလုပ်ကာ သဘောထားထုတ်ပြန်သည်။ဘာကြောင့် ထုတ်ပြန်ရသနည်း။ သဘာဝပတ်ဝန်းကျ င်ထိခိုက်မှုများ မဖြစ်ပွားအောင် တားဆီးစောင့်ကြည့်နေသော အဖွဲ့ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုကွန်ရက်၏ သဘောထားသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို တစ်စိတ်တစ်ဒေသ ထောက်ခံသော်လည်း အဓိကကျသည့် အချက်ကို ထောက်ပြထားသည်။
''နိုင်ငံတကာ စီမံကိန်းများအား အကောင်အထည်ဖော်ရာ၌ နိုင်ငံတကာ၏ စံချိန်စံညွှန်းနဲ့အညီ စီမံကိန်းကို အစအလယ်အဆုံး အချိန်ယူ စစ်ဆေးပြီးမှသာ လုပ်ခွင့်ရပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံမှန်သမျှ ရေရှည်တည်တံ့ရေး လုပ်ငန်းများကို ဦးစားပေးပြီး ဆွေးနွေးတိုင်ပင် တွက်ချက်ပြီးမှသာ လုပ်ကိုင် ဆောင်ရွက်သောကြောင့် အောင်မြင်မှု ရလဒ်များ ရရှိရုံမျှမကဘဲ ဆိုးကျိုးများကိုပါ ထိန်းသိမ်း ကာကွယ်နိုင်ခဲ့ပါသည်။သို့ပါ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြစ်ဆုံစီမံကိန်းကဲ့သို့ အလေးထားကာ ပြန်လည်ပြင်ဆင် သုံးသပ်ပေးပါရန်''ဟု ပါရှိသည်။

နိဂုံး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာကို သေသေချာချာ စိစစ်ရေးသား အကြံပြုထားသည်။ သို့သော် ပြည်တွင်းပြည်ပ ပညာရှင်များ ကျွမ်းကျင်သူများကို ခန့်ထား၍ (EIA) (SIA)စသည်တို့ကို မဆောင်ရွက်ဘဲ စီမံကိန်းကို ဆက်လက်ဆောင်ရွက်နေသည်။ မတ်လ အတွင်းတွင်ပင် စာချုပ်ဆိုလက်မှတ် ထိုးမည်ဟု သိရသည်။ မဖြစ်သင့်ပါ။ အစီရင်ခံစာ၏ အကြံပြုသည်ကို အကောင်အထည်ဖော်သူများက မလိုက်နာသည်ကို ထိုင်ကြည့်နေကြမှာလား။ အစီရင်ခံစာ ထွက်လာရင်ပြီးရော လုပ်ချင်တာလုပ်မည်ဟူသော သဘောလား။ ဒီလိုလုပ်လို့ ရလား။
သူတို့တစ်တွေ မှားယွင်းစွာ အကောင်အထည် ဖော်နေသည်ကို လျစ်လျူရှုထားခြင်းသည် အပြစ်ပင်ဖြစ်သည်။

ဒါတွေ ဘယ်သူ့မှာ တာဝန်ရှိသလဲ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌမှာလား။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတမှာလား။

ဘယ်သူ့မှာ တာဝန်ရှိလဲ။


ဒေါက်တာခင်မောင်ညို

နတ်တလင်းမြို့နယ်တွင် ကောလဟာလများကြောင့် ရဲနှင့်တပ်တို့ ရွှေ့လျား လုံခြုံရေးယူနေရ



စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

ရန်ကုန်(မဇ္ဈိမ)။ ။ နတ်တလင်းမြို့နယ်တွင် အဓိကရုဏ်း ဖြစ်စေမည့် ကောလဟာလများကြောင့် ရဲလုံခြုံရေး များနှင့် စစ်တပ်တို့မှ ရွှေ့လျား လုံခြုံရေးယူနေရကြောင်း နတ်တလင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ထိုသို့ လုံခြုံရေးယူရခြင်းမှာ မီးရှု့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း နတ်တလင်း မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တဦးက ပြောသည်။

၎င်းက “ကျွန်တော်တို့ မြို့နယ် ရဲတပ်ဖွဲ့အနေနဲ့တော့ အကုန်လုံး ဖြန့်ကျက်ထားပါတယ်။ နေရာအနှံ့ပါ။ တချို့နေရာတွေ ရွှေ့လျားသွားလာနေပါတယ်” ဟု ဆက်ပြောသည်။

ထိုသတင်းကြောင့် ရဲဝန်ထမ်းများအပြင် စစ်တပ်မှ ပူးပေါင်း၍ အင်အား ၁၀၀ကျော်ခန့် နေရာယူထားကြောင်း သိရသည်။

နတ္တလင်းမြို့တွင် မတ်လ ၂၆ ရက်နေ့ ညက ဗလီတလုံးနှင့် လူနေအိမ်အချို့ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။

ထို့အပြင် ယခုလတ်တလောတွင် နတ်တလင်းမြို့နယ်တွင်းရှိ တာပွန်တိုက်နယ်သို့ လူအုပ်တချို့တက်လာသဖြင့် တာဝန်ရှိသူများက တားဆီးထားကြောင်း နတ်တလင်းမြို့နယ်ရဲစခန်းမှ အတည်ပြုသည်။
Mizzima - News in Burmese

ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ကိုရဲမင်းဦးပျောက်ဆုံးသွားမှုဘာမျှမသိရသေး

ရန်ကုန်၊ မတ် ၂၇။

ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ
အတွင်းရေးမှူး ကိုရဲမင်းဦးပျောက်ဆုံးသွားမှုနှင့်
ပတ်သတ်၍ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု
မရှိဟု ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ပွင့်လင်းမြင်သာမှု မရှိသေးဘူးဆိုတာ အခု ရဲမင်းဦးကို
မလိမ့်တပတ်လုပ်ပြီး SP ကလိုလို ရဲ ကလိုလို ခေါ်သွား
တယ်။ ဘုန်းကြီးတို့ စုံစမ်းတဲ့အခါမှာလည်း တကယ်မသိလို့ မသိဘူးပြောတာလား သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး
မပြောရဲသေးလို့ မပြောတာလား ဆိုတာတော့ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေက ပိုပြီးသိပါလိမ့်မယ်” ဟု ယင်းက ဆက်လက်
မိန့်ကြားသည်။

ကိုရဲမင်းဦး မပျောက်ဆုံးခင် ၂၅ ရက်နေ့ညပိုင်းက ဖုန်း
ဝင်လာပြီး ၎င်းကို တွေ့ဆုံရန် ပြောကြောင်း၊ ယင်းက
မအားသဖြင့် ဖုန်းထဲမှပင် မေးမြန်းရန် ပြန်ပြောကြောင်း၊
၎င်းဆီသို့ ဖုန်းဆက်သူသည် “ကျွန်တော် ဒီဘက်ပိုင်းမှာ
တာဝန်ကျနေတယ် ဗဟန်းထဲမှာ လှုပ်ရှားနေတယ် ဒီ
ဘက်မှာ လုံခြုံရေးကိစ္စတွေကြောင့် အိပ်ရေးတွေ ပျက်
နေတယ်” ဟု ပြောဆိုကြောင်း ကိုရဲမင်းဦး၏ ဖုန်းအဝင်
အသံဖိုင်အရ သိရသည်။

ထိုကဲ့သို့ ဖုန်းဆက်ပြီး ၁၀ မိနစ်အကြာ ဘုန်းကြီးကျောင်းသို့
ဒကာနှစ်ဦး ရောက်လာပြီး စကားပြောရန် ခေါ်ဆိုသွားကြောင်း၊ လိုက်မသွားခင် ကိုရဲမင်းဦးကSP နှင့် တွေ့မည်ဖြစ်ပြီး ဦးဇင်း
များအား စိတ်မပူရန် ပြောကြားခဲ့ကြောင်း ဗဟန်းမြို့နယ် ဦးသာသနကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသက
ပြောကြားသည်။

“ကိုရဲမင်းဦးကို ခေါ်သွားတို့ ဦးဇင်းတို့နှစ်ပါးက မယောင် မလည်နဲ့ နောက်ကနေ လိုက်သွားတော့ ကြေးသွန်း
ဘုရားကြီး အရှေ့ဘက်အပေါက်ရှေ့က ဆိုင်မှာ လူခုနှစ်
ယောက်လောက်နဲ့ ထိုင်နေတာတွေ့တယ်။ ဦးဇင်းတို့လည်း
အဲ့ဆိုင်ကို ကျော်သွားပြီး မျက်စောင်းထိုးနားက ကြံရည်ဆိုင်မှာ ထိုင်ပြီး စောင့်ကြည့်နေသေးတယ်။ နောက် ၅ မိနစ်လောက်
နေတော့ ကားတစ်စီးနဲ့ တင်ပြီး ခေါ်သွားတာပဲ” ဟု ယင်း
ဦးဇင်းက ဆက်လက်ပြောကြားသည်။

ကိုရဲမင်းဦးကို ထိန်းသိမ်းထားသည် ဆိုပါက ၂၄ နာရီ
အတွင်း ပြန်လွှတ်ပေးရမည်ဖြစ်ပြီး ယခုလက်ရှိတွင်
ကိုရဲမင်းဦး ပျောက်နေသည်ဟုသာ ပြောနိုင်ပြီး ဌာနဆိုင်ရာ
များမှ ဖမ်းဆီးထားခြင်းကို အတည်မပြုနိုင် သေးကြောင်း၊ ကိုရဲမင်းဦး ပျောက်ဆုံးနေမှုနှင့် ပတ်သတ်၍ဗဟန်းရဲစခန်းတွင် လူပျောက်အမှတ်စဉ် ၁၃/၂၀၁၃ ဖြင့် ယခုလ ၂၆ ရက်နေ့တွင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။

“ကိုရဲမင်းဦးကို ဖမ်းသွားတယ်ဆိုရင်လည်း ဘယ်မှာ ဖမ်း
ထားတယ်ပေါ့၊ ဘာကြောင့် ဖမ်းတယ်ဆိုတာမျိုး။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ခု ဘယ်ရောက်လို့ ရောက်
နေမှန်း မသိရဘူး” ဟု ကိုရဲမင်းဦးပျောက်ဆုံးကြောင်း ဗဟန်း မြို့နယ်ရဲစခန်းတွင် တာဝန်ယူအမှုဖွင့်ထားသူ ရခိုင်လူငယ်များ
အဖွဲ့မှကိုခင်မောင်လင်း (ခ) ကိုဖိုးသားက ပြောကြားသည်။

ကိုရဲမင်းဦး ပျောက်ဆုံးနေမှုအပေါ် ဗဟန်းရဲစခန်းသို့
တိုင်ကြားအမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ အကြောင်း
တစုံတရာ ထူးခြားမှု မရှိသေးကြောင်း၊ ကိုရဲမင်းဦးသည် ၂၅
ရက်နေ့ ည ၉နာရီကျော်ခန့်ကတည်းက ပျောက်ဆုံးသွားခြင်း
ဖြစ်ပြီး ယနေ့အချိန်ထိ စုံစမ်း၍ မရသေးကြောင်း သိရသည်။

ရည်မွန်The Myanma Age

Mobile Alarm System v1.2.91 for Android (Full Version)


ဖုန်းပိုင်ရှင်တွေအတွက် မတ်လ ၂၄ရက်မှာထွက်ရှိလာတဲ့ Mobile Alarm System ဆော့ဝဲ version အသစ်လေး 1.2.91 ကိုတင်ပေးလိုက်ပါတယ်။ ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုမိတ်ဆက်ပေးမယ့်ဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။ Android ဖုန်းတော်တော်များများမှာအသုံးပြုနိုင်ပါတယ်။ ဒီဆော့ဝဲလေးနဲ့လုပ်နိုင်တဲ့အချက်ကတော့
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၁.၂၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store Website မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။


                          http://www.filesnack.com/files/c7jld0s9
သက်နိုင်စိုး www.myanmarmobileapp.com မှ ကူးယူဖော်ပြသည်။