Pages

Thursday, April 4, 2013

ဖမ်းဆီးခြင်းခံရသူရခိုင်ကျောင်းသားခေါင်းဆောင်ကိုရဲမင်းဦးအားရုံးထုတ်ပြီ

Photo-Burma VJ Media


မတ်လ ၂၂ ရက်နေ့ ရုတ်တ ရက်ပျောက်ဆုံးခဲ့သည့်ကိုရဲမင်းဦး အား ဧပြီ ၁ ရက်နေ့တွင် အင်စိန်း  ထောင်၌ ပြန်လည်တွေ့ရှိပြီဟု လူပျောက်တိုင်ကြားထားသည် ဗဟန်းမြို့နယ်ရဲစခန်းမှ ကိုရဲမင်းဦး  ၏မိသားစုဝင်များကိုအကြောင်း   ကြားခဲ့ပြီး ဧပြီ ၄ ရက်နေ့ နံနက် (၁၀း၀၀) တွင် အင်စိန်းထောင်မှ  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သို့ပုဒ်မ ၅၀၅ (ခ) ဖြင့် ကိုရဲမင်းဦး  အားရုံထုတ်ခဲ့သည်။
တရားရုံးသိုပစစ်ဆေးခံရန် အတွက်ရောက်ရှိလာသည့် ကိုရဲမင်းဦးက မီဒီယာများနှင့် တွေ့ဆုံစဉ် “ကျွန်တော်ကဘုန်းကြီး  တွေကို နောက်ကွယ်ကကြိုင်းကိုင်  တယ်ဆိုပြီးတော့ စွပ်စွဲပြီးဖမ်းထား တာပါ။ နောက်ပြီးတော့ ဒီအစိုးရOIC ကို အလိုရှိနေတယ်။ ကျွန်တော်ကOIC ကိုလုံးဝကန့် ကွက်တဲ့အတွက် ကျွန်တော့်ကိုဖမ်း  တာပါ။ နောက်ပြီးတော့ ကျွန်တော်   ကို ၉၆၉ နဲ့ ပတ်သက်လို့ဖမ်းတာ လို့လည်းပြောတယ်”ဟု ပြောဆိုခဲ့ သည်။
ကိုရဲမင်းဦးအားဖမ်းဆီးထား ခြင်းနှင့် ပတ်သက်ပြီး ဗဟန်းရဲစခန်း  မှ တာဝန်ကျရဲက၀န်ထမ်းများအား မေးမြန်းရာတွင် “ကျွန်တော်တို့က  အထက်က ခိုင်းလို့လုပ်ရတာပါ။ ကျန်တာဘာမှပြောပိုင်ခွင့်မရှိပါ ဘူး”ဟု ဧပြီးလေးရက်နေ့တွင်Hot News ၏ မေးမြန်းမှုကိုဖြေဆို  ခဲ့သည်။ ကိုရဲမင်းဦးမှာ ၂၀၀၇ စက်တင်ဘာတွင် ဒီငြိမ်းလမ်း၊ ကျော်ကိုကို၊ စည်သူဇေယျစသည့်  ကျောင်းသားခေါင်းဆောင်များနှင့်  အတူဖမ်းဆီးခြင်းခံခဲ့ရပြီး အစိုးရ သစ်လက်ထက်တွင် ပြန်လည်လွတ်  မြောက်လာကာ ယခုလတလော   ဖြစ်ပွားခဲ့သည်။ ပဋိပက္ခများနှင့်  ပတ်သက်၍ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။
 မျိုးမြင့် The Hot News Weekly Journal

မိတ္ထီလာ အကြမ်းဖက်မှုနဲ့ ပတ်သက်သူတချို့ကို မကြာခင်ရုံးတင်မည်

ရန်ကုန်မြို့တွင်း  ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူနေစဉ်။
ရန်ကုန်မြို့တွင်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူနေစဉ်
မကြာသေးခင်တုန်းက မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးထားပြီး မကြာခင်မှာ ရုံးထုတ်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ လူသေဆုံးမှုတွေ အိုးအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးတော့နောက် ဒုက္ခရောက်ခဲ့ရသူတွေကတော့ ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေကြ ရဆဲပါ။ မိတ္ထီလာမြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦး က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မကြာသေးခင်တုန်းက သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး တာဝန်ရှိသူတွေအဖြစ် သံသယရှိသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး အစောဆုံး ဒီသီတင်းပတ်ထဲမှာ ရုံးတင်စစ်ဆေးတော့မှာ ဖြစ်တဲ့အကြောင်း မိတ္ထီလာ တရားရုံးက ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက ၄၀ ကျော်ကိုတော့ အခုအခါ အာဏာပိုင်တွေက ဆူပူမှုတွေနဲ့ ဆက်နွယ်တဲ့ အမှုတွေနဲ့ ရုံးတင် စစ်ဆေးဖို့ စီစဉ်ထားတာလို့လည်း မိတ္ထီလာမြို့က တရားရေးဝန်ထမ်း တဦးကပြောပါတယ်။

“အမှုအရေအတွက်ကတော့ ၁၁ဦးလောက် ရမန်ယူထားတယ်လေ။ ၁၁မှုယူထားတယ်။ လူပေါင်း ၄၁ယောက်၊ ကျမတို့က တရားစွဲအဖွဲ့အစည်းမဟုတ်ဘူးလေ။ ရုံးတင်တဲ့ဟာလောက်ပဲပေါ့နော့်။ ရမန်ယူထားတာလေ။ သူတို့က ၂၂ရက်နေ့ကစပြီး ရမန်ယူတာပေါ့နော်။ ၁၁ရက်နေ့အထိ။”

မိတ္ထီလာမြို့မှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား စကားများရာက ပဋိပက္ခတွေ ကြီးထွားလာရာမှာတော့ အနီးအနားမြို့တွေ သာမက ပဲခူးတိုင်း အနောက် ဖက်ခြမ်းက မြို့အတော်များများအထိ ပျံ့ နံှ့ခဲ့တာပါ။ ဒီအတွက် လည်း ပြဿနာတွေ အစပြုခဲ့တဲ့ ရွှေဆိုင်က ၀န်ထမ်း ၃ ဦးကိုပါ ဖမ်းဆီး ထားပြီး မနက်ဖြန် ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့လည်း မိတ္ထီလာမြို့က တရားရုံးဝန်ထမ်းကပြောပါတယ်။

“ ရွှေဆိုင်က လူသုံးယောက်ပါ ပါတယ်။ သူတို့ကို မနက်ဖြန်အထိ ရမန်ယူထားတယ်။ ငါးရက်နေ့အထိ။”

သွေးထွက်သံယို ဆူပူမှုတွေ မိတ္ထီလာမြို့နယ် အနီးအနား ဒေသတွေကိုပါ ပျံ့နှံ့ကြီးထွားလာရာက အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။ ဒီနောက်မှာတော့ စစ်တပ်အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်မှုအောက် မိတ္ထီလာမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရပိုင် သတင်းစာတွေက ဖော်ပြပါတယ်။

မိတ္ထီလာမြို့ခံတယောက်ကတော့ အခြေအနေတွေဟာ ပုံမှန်ပြန်ဖြစ်စပြု လာနေပေမဲ့ ဒေသခံတွေကြား စိုးရိမ်မှုတွေကတော့ လွှမ်းမိုးနေဆဲပဲ လို့ ပြောပါတယ်။

“မိထ္ထီလာဘက်က အခြေအနေကတော့ သူတို့ တပ်မတော်ဘက်က ကားတွေ ကတော့ ညပိုင်းတွေဆိုရင် လုံခြုံရေးအခြေအနေအရ ပတ်တော့ပတ်တယ်။ ကျနော်တို့ရပ်ကွက်မှာရှိတဲ့ လူထုတွေကတော့ ကိုယ့်ရပ်ကွက်မှာ ကိုယ့် လမ်းထိပ် မှာ စောင့်နေကြတယ်။ ဒါပေမဲ့ သူတို့က အရင် လိုတော့ စောင့်ခွင့် မပေးတော့ဘူး။ ရပ်ကွက်တရပ်ကွက်၊ လမ်းထိပ်တထိပ်ကို သုံးယောက်လောက် ပဲ စောင့်ခွင့်ပေး တယ်။ လောလောဆယ် အခြေအနေကတော့ စိတ်ချရတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ တပ်မတော်သားတွေ စောင့်ကြပ်လို့ ဈေးတွေ ဘာတွေတော့ ဖွင့်ထားပြီ။ ဒါပေမဲ့ လူထုတွေမှာတော့ စိုးရိမ်စိတ်လေးတွေ နည်းနည်း ကျန်နေသေးတယ်ခင်ဗျ။”

ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခအတွင်းမှာတော့ အစ္စလာမ် ဘာသာဝင် အများစု အပါအ၀င် လူပေါင်း ၄၃ ယောက် သေဆုံးပြီး၊ ၁ သောင်းကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေ အပါအ၀င် အဆောက်အဦးတွေ အိုးအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မူဆလင် အများအပြား ကတော့ မိတ္ထီလာမြို့က ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေ ကြရဆဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက ကူညီထောက်ပံ့မှုတွေ နဲ့ နေထိုင်နေကြရ တာပါ။ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကြား စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက်လည်း လုံခြုံရေး အာဏာပိုင်တွေက ဒုက္ခသည်တွေကို အနီးကပ် စောင့်ကြည့်နေ ရတယ်လို့ စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ မိတ္ထီလာမြို့ခံက ပြောပါတယ်။

“ဒုက္ခသည်စခန်း ခြောက်ခုဖွင့်ထားတယ်ခင်ဗျ။ ဒုက္ခသည်စခန်းခြောက်ခုမှာ အစ္စလာမ်ဘာသာဝင်တွေအကုန်လုံး၊ အရင်တုန်းက လူတွေရှိတယ်။ နောက်ပြီးတော့ တချို့ မြို့ထဲက ရပ်ကွက်အနည်းစုမှာ ကျန်နေတဲ့သူတွေကိုလည်း ကျိုကြား ကျိုကြား ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင်တွေကိုလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီး တော့ မင်းတို့ အိမ်တွေမှာ နေခွင့်မပေးဘူး။ မင်းတို့ မနေရဘူးဆိုပြီး လိုက်လံခေါ်ထုတ်ပြီး ဒုက္ခသည်စခန်းတွေထဲ ပြန်ပို့နေရ တာတွေလည်း ရှိနေသေးတယ်။”

မိတ္ထီလာမြို့က ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုတွေ ကြုံခဲ့ရတဲ့ ရန်ကုန်မြို့မှာလည်း တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ်ဘာသာရေးကျောင်း မီးလောင်ပြီး ကလေး ၁၃ ယောက်အထိ သေဆုံးခဲ့တဲ့ အတွက်လည်း လုံခြုံရေးတွေ တိုးမြှင့်ခဲ့တာပါ။ ဒီမတိုင်မီမှာလည်း ဘာသာရေး အခြေခံတဲ့ ဆူပူမှုတွေဖြစ်ပွားအောင် လှုံ့ဆော်မှုတချို့ရှိခဲ့တဲ့အတွက် အခုအခါ အာဏာပိုင်တွေက မြို့ခံတွေကို လုံခြုံရေးအတွက် သတိရှိကြဖို့ နှိုးဆော်ထားတဲ့အကြောင်း ရန်ကုန်မြို့က စာရေးဆရာ မောင်သွေးသစ် ကပြောပါတယ်။

“ ကိုယ်ရပ်ကွက် ကိုယ်တာဝန်ယူ ဆိုတာက အရင်တုန်းက ၈၈တုန်းကလိုပဲ ပေါ့ဗျာ။ ကိုယ့်လမ်းမှာ ကိုယ်လုပ်တဲ့အခါကျတော့ လူစိမ်းသူစိမ်း ဝင်လာရင်လည်း သိတယ်ပေါ့ဗျာ။ တာဝန်ယူပါ ဆိုတာကတော့ ဖိအားပေးတဲ့ သဘောမျိုးတော့မဟုတ်ဘူး။ များသောအားဖြင့် ကိုယ့်ရပ်ကွက်တွေ ကိုယ် ညဘက်ကိုပေါ့ဗျာ။ ယူဖို့ပေါ့ဗျာ။ ယူတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ဘူးပေါ့။ နောက် ညကြီးသန်းခေါင် လူစိမ်းဝင်လာရင်လည်း သိတယ်ပေါ့ဗျာ။ ဒါ ကြိုတင်ကာကွယ်တဲ့ သဘောပဲဗျ။”

ရန်ကုန် ၄၈ လမ်း မီးလောင်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတချို့ကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပြီး ရန်ကုန်တိုင်း အစိုးရကတော့ အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့တာပါ။ အလားတူ မိတ္ထီလာမြို့က ဆူပူမှုတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မျိုး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 
ကိုအောင်လွင်ဦးVOA

Wednesday, April 3, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာအား လက်ခံတွ့ဆုံ

 
နေပြည်တော် ဧပြီ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ နံနက် (၁၁) နာရီတွင် အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ရခိုင်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များအတွက် အိုးအိမ် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ဂုဏ်ပြုနေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(နိုင်ငံတော် သမ္မတရုံး)

CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ် တဲ့


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ ၁ရက်နေ့တွင် ရောင်းချမည်ဟု ကြေညာထားသော မိုဘိုင်းဖုန်း ဆင်းကတ်များ အနက် CDMA 800Hz ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ကျပ်ဖြင့် ဧပြီလ ၂၄ရက်နေ့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Monday, April 1, 2013

ဒုက္ခသည် အကူအညီပေးသူတွေ တားမြစ်ခံရ

Photo-Burma VJ Media
လက်တလောဖြစ်ပွားခဲ့တဲ့ မြန်မာ – မွတ်စလင် အဓိကရုဏ်းတွေကြောင့် ပဲခူးတိုင်း မင်းလှမြို့နယ် နဲ့ မန္တလေးတိုင်း မိတ္ထီလာမြိ့နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့ဟာ လုံခြုံရေးအရဆိုပြီး အာဏာပိုင်တွေရဲ့ တာမြစ်မှုကို ခံခဲ့ရတယ်လို့သိရပါတယ်။
ဒီနှစ်ဖွဲ့ဟာ မန္တလေးတိုင်း မိတ္ထီလာမြိုနယ်နဲ့ ပဲခူးတိုင်း မင်းလှမြို့နယ်က အဓိကရုဏ်းကြောင့် ဒုက္ခရောက်နေကြသူတွေကို မတ်လ ၂၅ ရက်နေ့က တစ်ကြိမ် ၃၀ ရက်နေ့က တစ်ကြိမ် သွားရောက်အကူအညီ ပေးရာမှာ တားမြစ်ခံခဲ့ရတာပါ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့မှ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ စီးတီးစတားမှာ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ မိတ္ထီလာအဓိကရုဏ်းကြောင့် ဒုက္ခရောက်ခဲ့ကြသူတွေအတွက် ငွေကျပ် သိန်း ၃၀ ကျော်ဖိုး ပဲခူးတိုင်းမင်းလှမြို့နယ် ဒုက္ခသည်တွေအတွက် ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိတဲ့အလှူရှင်တွေ လှူဒါန်းထားတဲ့ အဝတ်အစား ၊ ရေသန့် ၊ခေါက်ဆွဲခြောက် ၊ ကြက်သွန် ၊ မုန့်အမျိုးမျိုး စတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေမှတဆင့် ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ အဓိက ဆန်လိုအပ်နေကြောင်း ၊ နောက်ပြီး မိုးရာသီ မရောက်ခင် အိမ်ပြင်ဖို့ သစ် နဲ့ သွပ်မိုးကာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့ကတော့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်မံပြီး လိုအပ်နေအုံးမယ်ဆိုရင်
နောက်ထပ်သွားရောက်ပြီး အကူအညီပေးအုံးမှာဖြစ်တယ်လို့သိရပါတယ်။
Burma VJ Media

မြန်မာ လတ်တလော အရေးနှင့် ပတ်သက်၍ အိုအိုင်စီ စည်းဝေးမည်

 OIC-logo
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) သည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော မွတ်ဆလင်များအား တိုက်ခိုက်နေမူနှင့် ပတ်သက်ပြီး အစည်းအဝေး  ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

OIC-logo၎င်းအစည်းအဝေးကို ဧပြီလ ၁၄ ရက်နေ့တွင် ဆော်ဒီ အရေးဗီးယားနိုင်ငံ ပင်လယ်နီ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သော ဂျီဒက်တွင် ပြုလုပ်သွားမည်ဟု အိုအိုင်စီ ကျေညာချက်တွင် ဖေါ်ပြသည်။
 စနေနေ့က ထုတ်ပြန်သော ကျေညာချက်တွင် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ ၀န်ကြီးများတွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လက်ရှိ အစ္စလာမ်ဘာသာဝင်များ အပေါ် တိုက်ခိုက်နေမူများကို ဆွေးနွေးမည်ဟု ဆိုသည်။

ထုတ်ပြန်ကျေညာချက်ထဲတွင် အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu မှ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ ဆက်ဆံရေး အရာရှိများ တွေ့ဆုံသွားမည်ဟု ဆိုသည်။

၎င်းပြင်သူက မြန်မာနိုင်ငံတွင် နေထိုင်နေသော မွတ်ဆလင်များအားလုံးကို  ရိုဟင်ဂျာ များဟု ဖေါ်ပြပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မူများကို လုပ်ဆောင်သွားရန် အဆင်သင့် ရှိကြောင်း ပြောဆိုသည်။
နိရဉ္စရာ

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း

ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
 ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကြေညာလိုက်ပါတယ်။ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ  အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့ အကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး  ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင်
ကောင်းမလဲဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊
ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ
အေးမောင်က ပြောပါတယ်။

“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”

နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံအကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့  ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး  ဧပြီလကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့  ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံတွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
VOA

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

 သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်းအနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေတွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အားအဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။
VOA

နျူကလီယားလက်နက် မြောက်ကိုရီးယားစွန့်မည်မဟုတ်

 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားနိုင်ငံကို ဒေါ်လာဘီလျံနဲ့ချီ စီးပွားရေးအထောက်အပံ့တွေပေးမယ် ဆိုရင်တောင် နျူကလီးယားလက်နက်ကို စွန့်မှာမဟုတ်ဘူးလို့ ပြောပြီး၊ ခေတ်မီဂြိုလ်တုတွေကို တီထွင် လွှတ်တင်သွားမယ်လို့ ပြောလိုက်ပါတယ်။ ခေါင်းဆာင် ကင်မ်ဂျုံအွန်း (Kim Jong Un) ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီစည်းဝေးပွဲမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နျူကလီးယား လက်နက်တွေကို ပိုပြီး ခိုင်မာအောင်လုပ်သွားဖို့ ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နိုင်ငံရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းလို့မရဘူးလို့ လည်း ပြောကြားခဲ့ပြီး ကမ္ဘာကြီးမှာ နျူကလီးယားလက်နက် ကင်းမဲ့သွားချိန် မရောက်ခင်အထိ နျူကလီးယား လက်နက်တွေကို ချဲ့ထွင် တိုးမြှင့်သွားရမယ်လို့ ဗဟိုကော်မတီစည်းဝေးပွဲက ဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ တင်းမာမှုတွေတိုးနေချိန် မြောက်ကိုရီးယား လွှတ်တော်စည်းဝေးပွဲကျင်းပမယ့် တရက်အလို တနင်္ဂနွေနေ့က အာဏာရပါတီ ဗဟိုကော်မတီစည်းဝေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာလက်ရှိလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ်နဲ့ ဂျပန်နိုင်ငံ Kadena လေတပ်အခြေစိုက်စခန်းကနေ F-22 အမျိုးအစား အမေရိကန် Stealth တိုက်လေယဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံ Osan လေတပ်အခြေစိုက်စခန်းဆီကို တနင်္ဂနွေနေ့က ပျံသန်းသွားခဲ့ကြတယ်လို့ နီးစပ်တဲ့သတင်းရပ်ကွက်က ဗွီအိုအေ ကိုပြောပါတယ်။
VOA

ဧပြီလမှစတင်ပေးအပ်မည့် ကျပ်ငွေနှစ်သောင်းကို လစာအဖြစ် တိုးမြှင့်မည်

ယခင်ထောက်ပံ့ထားတဲ့ ကျပ်ငွေသုံးသောင်းကို ထောက် ပံ့ကြေးအဖြစ် ထား၍ ယခုပေးအပ်မည့် ကျပ်ငွေနှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှာစတင်ပေးအပ်သွားမည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ယနေ့ည ၇နာရီတွင် အများပြည်သူသို့ ရေဒီယိုမှတဆင့် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
Myawady News

တိုးမြှင့်သတ်မှတ်ပေးလိုက်သည့် အစိုးရ၀န်ထမ်းများ၏ လစာ၊ ပင်စင်လစာနှင့် လုပ်ခများ

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်



မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ် ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေး မည် ဖြစ်ကြောင်း ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူများ၏ နီးစပ်ရာ အသိုင်းအသိုင်းမှ ပြောကြားချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ တစ်လတစ်သောင်းနှုန်းနဲ့ ခြောက်လသွင်းထားပြီးပြီ။ အခု ဒီငွေကို ထပ်မသွင်းရတော့ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေ သကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ )နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်း ချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်း ချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်း ဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အ တွက်ရောင်း ချ မည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက် လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွား မည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

Myawady News

မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရထားတဲ့ထဲက The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင် ထုတ်ဝေတာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၂ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပြီးနောက် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့ထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပေးထားပါတယ်။

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့ထဲမှာ လက်ရှိအပတ်စဉ်ဂျာနယ်ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်း လျှော့ပေါ့ပေးလာပြီး ခုလို နေ့စဉ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပေးခဲ့ တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေကို အစိုးရကပဲ ထိန်းချုပ်ခဲ့ရာက ခုလို ပုဂ္ဂလိကပိုင် လုပ်ခွင့်ရတာတဲ့အတွက် သတင်းအရည်အသွေးပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်မှာ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်မှာတော့ နေ့စဉ်ထုတ်သတင်းစာ တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်မှာတော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။ 
VOA

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် မတ် ၂၉
''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးကို နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card  များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card  များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ​ရောင်းချ​ပေးမည့် ရက်နှင့် ​ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာ​ပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set  များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card  များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card  များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card  များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းSimCard  များ ဖြန့်ဖြူးရောင်းချနိုင်မည့် အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများက လုပ်ငန်းလိုအပ်ချက် များနှင့် စီစဉ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်ကြသူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များကို ဧပြီလမှ စတင်၍  တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်သည်။ ထိုသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Sim Card  များကို စုဆောင်း ဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ရောင်းချမည့် အစီအစဉ်၊ လက်ရှိအခြေအနေ နှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှ တစ်ဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်သည်။

Sim Card  များ အရေအတွက်နှင့် စက်အင်အားကန့်သတ်ချက်များကြောင့် ကန့်သတ် ရောင်းချနေရခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီး နောက်တွင် အခြား အော်ပရေတာကြီး နှစ်ခုကလည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ကိုလည်း အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲကာ တိုင်းရင်းသား လုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ခြင်းအားဖြင့် လည်းကောင်း လာမည့်နှစ် အနည်းငယ်အတွင်း ပြည်သူများ၏ လိုအပ်ချက်ကို ကန့်သတ်ချက်မရှိ ဖြည့်တင်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုတ် မှတိုက်ရိုက်ကူးယူဖော်ပြသည်

Sunday, March 31, 2013

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း



Sat, 03/30/2013 - 19:40


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း

၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က)
ဒုတိယဗိုလ်ချုပ်ကြီးကိုကို        
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ
(ခ)
ဦးအောင်မင်း       
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန (၄)
ဒုတိယဥက္ကဋ္ဌ
(ဂ)
ဦးအုန်းမြင့်  
ပြည်ထောင်စုဝန်ကြီး
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
အဖွဲ့ဝင်
(ဃ)
ဦးခင်ရီ      
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
အဖွဲ့ဝင်
(င)
ဦးဝင်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(စ)
ဗိုလ်မှူးချုပ်အောင်သော်
ဒုတိယဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(ဆ)
ဗိုလ်ချုပ်ဇော်ဝင်း  
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
အဖွဲ့ဝင်
(ဇ)
ဦးရဲထွဋ်     
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(စ်)
ဦးဘုန်းဆွေ
ဒုတိယဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန
အဖွဲ့ဝင်
(ည)
ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
အတွင်းရေးမှူး
၂။     အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

(က) 
အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။

(ခ)
ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန်  သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်။

(ဂ)
လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။

(ဃ)
နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်။
(င)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။

(စ)
လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
၃။     တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ပုံ (သိန်းစိန်)                  
နိုင်ငံတော်သမ္မတ             
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    
   
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုတ်        မှတိုက်ရိုက်ကူးယူဖော်ပြသည်                                                                   

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊  နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီးသွားပြီခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ၀တ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက်တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေးတွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။”

ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာဝ အတိုင်း ကောလာဟလတွေကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလလည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ 
ကိုကျော်ကျော်သိန်းVOA

အလုပ်ဗီဇာပုံစံသစ် အမေရိကန် ပေးဖို့စီစဉ်

 လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ၀ါရှင်တန်မြို့တော်မှာ ဆန္ဒပြနေကြသူများ။ (မတ်လ ၂၁ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုက အကြီးစားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတို့အကြား ကျွမ်းကျင်မှု နည်းပါးသေးတဲ့ ဧည့်နိုင်ငံသား အလုပ်သမားတွေ ငှားရမ်းတဲ့ အစီအစဉ်တခု လုပ်ဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်း အတွက် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး ရလာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး W Visa ဆိုတဲ့ တိုင်းပြည်အတွင်းနေထိုင်ခွင့် ဗီဇာကို ထုတ်ပေးမှာဖြစ်ပါတယ်။ W Visa ကိုင်ဆောင်ထားသူတွေဟာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင် မှာဖြစ်သလို၊ အလုပ်အကိုင် တခုကနေတခု ပြောင်းပြီး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

ပထမဦးဆုံးနှစ်မှာ လူပေါင်း ၂ သောင်းကို W Visa ထုတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို အများဆုံး ၂ သိန်းအထိ တိုးပြီး W Visa ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ထုတ်ပေးမယ့် ဗီဇာအရည်အတွက်ဟာ၊ နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်လက်မဲ့ ဦးရေအရည်အတွက်၊ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်ရှင်တွေရဲ့ တောင်းဆိုမှု၊ အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရလက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမားဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့တို့က ကောက်ယူတဲ့ အချက်အလက် တွေအပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
VOA

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအတွင်း တွေ့ရစဉ်


နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊ အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

Eleven Media Group

စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ

 မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့အနေအထားမှာ ရောက်နေပြီ လို့ ပြောကြားလိုက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်က ဘယ်လိုပုံစံနဲ့ပဲ ရန်စစ နျူကလီးယား စစ်ပွဲဖြစ်တဲ့အခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ သတိပေးသွားပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား ကိစ္စရပ်တွေကို စစ်ပွဲကာလစည်းမျဉ်းစည်းကမ်းတွေ
အရ ကိုင်တွယ်သွားမယ်လို့ မြောက်ကိုရီးယားရဲ့ အစိုးရသတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြတဲ့ စနေနေ့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

တောင်ကိုရီးယားကတော့ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရပ်တန့်ပစ်ပါလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဘက်က ရန်စလာရင်လည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက အပြည့်အဝ လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။

အမေရိကန်အိမ်ဖြူတော်က ဒီကြေညာချက်ကို အလေးအနက်ထားကြောင်း ပြောပါ ယ်။ မြောက်ကိုရီးယားဟာ စစ်တိုက်မယ်လို့ ပြောခဲ့ဖူးတဲ့သာဓကတွေ ရှိပြီး စနေနေ့က ခြိမ်းခြောက်မှုကလည်း အဲဒီပုံစံတွေနဲ့ သွားတူတယ်လို့ အမေရိကန် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Caitlin Hayden ကပြောပါတယ်။

စနေနေ့ကပဲ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစက်မှုဇုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားကသာ မြောက်ကိုရီးယားရဲ့ သိက္ခာကို ထိပါးအောင် ပြုမူမယ်ဆိုရင် နှစ်နိုင်ငံကို ခြားပေးထားတဲ့ စစ်မဲ့ဇုံမျဉ်းရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Kaesong စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားပါတယ်။
VOA