Pages

Saturday, October 5, 2013

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ရိုက်နှက်ခံရ

 မလေးရှားနိုင်ငံရှိ ဂျိုဟိုးပြည်နယ်၊ စီနိုင်မြို့၊ တမန်ဘင်တန်း ရပ်ကွက်ရှိ TDK လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၌ အလုပ်လုပ်ကိုင်သည့်  မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက မုဒိမ်းကျင့်ကာ ရိုက်နှက်ပြီး သင်္ချိုင်းကုန်းအနီး ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင် TDK စက်ရုံမှ အချိန်ပိုဆင်းရန်မရှိသဖြင့် ပြန်လာသော အသက် (၂၄)နှစ်အရွယ် မြန်မာအမျိုးသမီး ကရင်တိုင်းရင်းသူတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက ကားဖြင့် ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

““အဲဒီအမျိုးသမီးကို ဒီနေ့ပဲ သွားတွေ့ပါတယ်။ ဒဏ်ရာတွေ တော်တော်ရထားတယ်။ သူတို့ အသေသတ်မလို့ ယောက်ျားရှိပါတယ်တောင်းပန်လို့ ပြန်လွှတ်တာ”” ဟု အဆိုပါအမျိုးသမီးနှင့် စက်တင်ဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံသူ မလေးရှားနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကြီးကပြောသည်။

၎င်းသည် အိမ်ထောင်သည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်သူဖြစ်သည်။ ရိုက်နှက်ခံရမှုများကြောင့် သွားတစ်ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်တွင်လည်း  ဒဏ်ရာများစွာရရှိခဲ့သည်ဟု ဆိုသည်။
““တရားခံတွေမိအောင် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မိန်းကလေးကိုတော့ ဆေးရုံမှာထားထားပါတယ်””ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးနေသော မယာယာက ပြောသည်။ အဆိုပါ မုဒိမ်းကျင့်ခံရမှုနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးကိုလည်း အကြောင်းကြားစာ ပေးပို့ထားကြောင်း မယာယာက ဆက်လက် ပြောကြားသည်။

သြဂုတ် ၁၆ ရက်တွင်လည်း ဂျိုဟိုးပြည်နယ် Panasonic ဖုန်းများထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားများက အုပ်စုလိုက် ၀ိုင်းဝန်းအဓမ္မပြုကျင့်ပြီး  နံနက် ၁ နာရီတွင် ၎င်းနေထိုင်သော အဆောင်အနီး၌ ပစ်ချထားခဲ့သည်။

7Day Daily

KTV ဆိုင်ရှင်နဲ့ အပေါင်းပါ (၁၂)ဦးကို လူသတ်မှုနဲ့ ဖမ်းဆီး


ရန်ကုန်၊ အောက်တိုဘာ ၅

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌ အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊ အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်တဲ့ မိုးစက်ဝိုင်နဲ့ ဧရာဝတီ စကားစမြည်

Miss Universe Myanmar 2013 ဆုရွေးချယ်မှု နောက်ဆုံး နေ့ကို အောက်တိုဘာလ ၃ ရက်နေ့ညက အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့တာမှာ နှစ်ပေါင်း ၅၀ ကျော်အတွင် ပထမဆုံး ပြိုင်ပွဲမှာ သရဖူဆောင်ခဲ့တဲ့ မိုးစက်ဝိုင်က ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်ပါတယ်တဲ့။ 


 မိုးစက်ဝိုင်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။     ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။
မေး။     ။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Miss Universe တဦး အဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံနေရတဲ့ သူတယောက် ဖြစ်သွားပြီ ဆိုတော့ စောင့်စည်း ထိန်းသိမ်းရမှာတွေများသွားပြီ။ မိုးစက်ရဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမလဲ။
ဖြေ။     ။ တွေးထားပါတယ်၊ ဒီပွဲက တခြားပွဲတွေလို ဆုရရင်ပြီးသွားတာမဟုတ်ပါဘူး၊ တောင်တက်ဖို့အတွက် တောင်တက် ခွင့်ရသွားတဲ့ သဘောပါ၊ ကိုယ်ကတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ အဟြေအဆို၊ အပြုအမူတွေက မြန်မာနိုင်ငံ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့အတွက် စဉ်းစားရတော့မယ်၊ ကိုယ်လုပ်ချင်တာ လုပ်လို့တော့ မရတော့ဘူးပေါ့။
မေး။     ။ ကိုယ့်အလှကို ကိုယ်ယုံကြည်ပြီးတော့ Miss Universe ၀င်ပြိုင်ခဲ့တာလား။
ဖြေ။     ။ မိုးစက်အမြင်မှာ ဒီ Miss Universe Myanmar က အလှတခုတည်းနဲ့ မပြည့်စုံပါဘူး၊ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု နိုင်မယ့်သူကိုရှာတာပါ၊ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု နိုင်မယ် လို့တော့ ထင်ပါတယ်၊၊
မေး။     ။ ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲမှာ ဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။     ။ မိုးစက်က ဟိုမှာဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေကလာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ။
မေး။     ။ မယ်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
ဖြေ။     ။ မိုးစက်အဲ့လိုမျိုး အဓိကလေ့လာထားတာမရှိပါဘူး၊ ဟြေပြချင်တာက မြန်မာနိုင်ငံအကြောင်းဟြေပြချင်တယ်၊ ယဉ်ကျေးမှု ကတော့ မိုးစက်က မြန်မာနိုင်ငံမှာ ကြီးလာတဲ့အတွက်မြန်မာ့ယဉ်ကျေးမှုကတော့ ကိုယ့်ရဲ့အတွင်းပိုင်းမှာ ရှိပြီး သားပါ၊ ဒါကဖယ်ထုတ်လို့လည်းမရတဲ့ အရာပါ၊ ဖုံးလို့လည်းမရတဲ့ အရာပါ၊ အဲ့ဒါကိုတော့ တကူးတက လေကျင့်စရာမလိုဘူးလို့ထင်ပါတယ်။
မေး။     ။ ညီမလေးရဲ့ပညာရေး အကြောင်းပြောပြပါဦး။
ဖြေ။     ။ မိုးစက်က အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလစ်မှာရှိတဲ့ ကယ်လဖိုးနီးယားလူဗန်တက္ကသိုလ်ကနေ Business Marketing နဲ့ဘွဲ့ရခဲ့တာပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဝေးသင် English Major တက်ခဲ့ပါတယ်။ ပြည်ပမှာ ကျောင်းတက်တာက ပြည်ပ အတွေ့အကြုံလိုချင်လို့ပါ၊ အဓိကကတော့ မြန်မာနိုင်ငံမှာ တက်တယ် ဆိုရင် မြန်မာစနစ် ပဲကြုံရမှာလေ၊ ကိုယ်ကပိုပြီးတိုးတက်ချင်တယ်၊ အတွေ့အကြုံလည်းပိုရချင်တယ်၊ ကိုယ့်ကိုယ် ကိုယ် အားကိုးချင် တဲ့စိတ် လည်း ရှိချင်တာကြောင့်လည်းပါပါတယ်၊၊
မေး။     ။ နိုင်ငံခြားမှာနေတော့ အဲ့ဒီမှာလိုလွတ်လွတ်လပ်လပ်နေချင်တဲ့စရိုက်တွေ ကူးစက်လာတာမျိုးရှိလား။
ဖြေ။     ။ မိုးစက်က ကိုယ်ကောင်းတယ်လို့ထင်တဲ့ဟာကိုပဲ ကိုယ်လက်ခံပါတယ်၊ ဥပမာ လူဆိုတာ အရှက်အကြောက် အရမ်းကြီးနေရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးပေါ့နော်၊ ဒါမျိုးတွေတော့ ဟိုရောက်တဲ့အခါမှာ ကိုယ်က ဟြေင်းရမှာပေါ့၊ သူများဟြေရင် ကိုယ် ဟြေရဲရမယ်၊ ဒါမျိုးလေးတွေကတော့ ဟြေင်းသင့်လို့ဟြေင်းတာပါ၊ ဟြေင်းနိုင်အောင်လည်း ကြိုးစား ထားပါတယ်၊၊
မေး။     ။ အနုပညာအလုပ်ကို ၀ါသနာပါလား။
ဖြေ။     ။ ၀ါသနာပါလားဆိုတော့ မင်းသမီးလုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒီဟာကျတော့ ဘ၀မှာတခါကြုံတဲ့ အခွင့် အရေး၊ ပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်စားပြု၊ ကိုယ့်လူမျိုး ကိုယ်စားပြုလို့ရမယ်၊ နိုင့်ငံ့ဝန်တခုကို ထမ်းဆောင်တဲ့ အခွင့်အရေး တခု အနေနဲ့ ကြုံတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
မေး။     ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား။
ဖြေ။     ။ မိုးစက်က နိုင်ငံတကာနဲ့ Compare လုပ်တယ်လို့မမြင်ပါဘူး၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် မြန်မာ့ ယဉ်ကျေးမှု ကိုပဲ သိစေချင်ပါတယ်၊ ကမ္ဘာကကြည့်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာ့ ထုံးတမ်း ဓလေ့တွေ ကိုပဲ မြင်စေချင်ပါတယ်။
မေး။     ။ ဘယ်နိုင်ငံက Miss Universe တွေကိုသဘောကျလဲ။
ဖြေ။     ။ မိုးစက် အမြဲသဘောကျတာကတော့ ဗင်နီဇွဲလားက Miss တွေကို သဘောကျပါတယ်၊ သူတို့ကအရမ်း ချော တယ်၊ သူတို့ရဲ့ Body ကလည်း သေသေချာချာအချိုးကျကျကိုလှပတယ်၊ သူတို့ Work က တကယ့် Professional  ပဲ။
မေး။     ။  မယ်စကြ၀ဠာပြိုင်ပွဲ သွားပြိုင်ပြီး ပြန်လာရင်ရော ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ အဓိကကတော့ ညီမလူမှုရေးလုပ်ငန်းတွေပဲ လုပ်ချင်ပါတယ်၊ Miss ရထားတဲ့အချိန်မှာ လူမှုရေး လုပ်ရင် ပိုလွယ်တယ် လို့ထင်ပါတယ်၊ လူတွေကိုပိုစည်းရုံးနိုင်မယ်၊ ကိုယ်ဟြေတာကိုလက်ခံလာမယ်လို့ထင်ပါတယ်၊ မင်းသမီး လုပ်ချင်ရင် ရုပ်ရှိရင်လုပ်လို့ရပါတယ်၊၊
မေး။    ။ ရုရှား မယ်စကြ၀ဠာပြိုင်ပွဲမှာ ဘယ်လို Talent တွေလုပ်မယ်လို့စဉ်းစားထားလဲ။
ဖြေ။     ။ မိုးစက်ကြည့်ဖူးတဲ့ Miss Universe ကတော့ Talent မပါဘူး၊ တကယ်လို့ Talent ပါရင်တော့ ညီမ မြန်မာ အကနဲ့ ဖျော်ဖြေ တင်ဆက်ကပြမှာပါ။ ကျွမ်းကျွမ်းကျင်ကျင်တော့ မကတတ်ပါဘူး၊ ဒါပေမယ့် ငယ်ငယ်တုန်းက သင်္ကြန်ယိမ်းအက ကိုတော့ အထက်တန်းကျောင်းမှာတုန်းကပါဝင် ကပြဖူးပါတယ်။
မေး။     ။ မိုးစက်မှာ ဘယ်လို အားနည်းချက်တွေရှိလဲ။
ဖြေ။     ။ အားနည်းချက်က မိုးစက်ရှက်တတ်ပါတယ်၊ နောက်တခုက မိုးစက်ရဲ့ Walking Skill သိပ်မကောင်းသေးပါဘူး၊၊
မေး။     ။ ရှက်တတ်တယ်ဆိုတော့ ရေကူးဝတ်စုံ ၀တ်တော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အဲ့ဒါကတော့စိတ်ထဲမှာ Mood တခုသွင်းရပါတယ်၊ ရေကူးဝတ်စုံဝတ်တာ အစကတော့ ရှက်တယ်၊ နောက်ပြန် စဉ်းစားကြည့်တော့ ဒါအားကစား တခု၊ ရေကူးတယ်လို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါတယ်၊ လူတိုင်းရေကူးရင် ရေကူး ၀တ်စုံပဲဝတ်တယ်၊ ဒါကြောင့် အဲ့လိုရေကူးတယ်လို့ စိတ်သွင်းလိုက်တဲ့ အတွက်မိုးစက်အဆင်ပြေသွားပါတယ်ရှင့်။
မေး။     ။ ဘာကိုဝါသနာပါတာလဲ။
ဖြေ။     ။ မိုးစက်သီချင်းဆိုတာ ၀ါသနာပါပါတယ်။
 မေး။     ။ မြန်မာနိုင်ငံက မီဒီယာတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ အခုမီဒီယာတွေဝိုင်းနေတယ်ဆိုတော့ အကောင်းဖြေရမယ် ထင်တယ်နော်(ရယ်လျှက်)၊ အကောင်း မဖြေရင်အကုန်လုံးဝိုင်းပြီးတော့ ပြဿနာရှာမှာလေ၊ မီဒီယာတွေက အကုန်လုံးအရမ်းကောင်းပါတယ်။
မေး။    ။ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။     ။ ညီမပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ Vote ပေးတာလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံ ကိုယ်စားပြု ဖြစ် အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်။
ဧရာဝတီ http://burma.irrawaddy.org/interview/2013/10/05/49086.html မှ

အောက်တိုဘာလ (၅)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၀)

အောက်တိုဘာလ (၅)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၀)

ဂျာနယ်ဖတ်ရန် ဤနေရာကိုနှိပ်ပါ

အောက်တိုဘာလ (၇)ရက်နေ့ထုတ် The Voice Weekly Vol.9/No.39

အောက်တိုဘာလ (၇)ရက်နေ့ထုတ် The Voice Weekly Vol.9/No.39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မျိုးစောင့်ဥပဒေအတွက် ထောက်ခံလက်မှတ်တစ်သန်း ယခုလအတွင်း ပြည်သူ့လွှတ်တော်သို့ထပ်ပို့မည်


ရန်ကုန် - အောက်တိုဘာ ၅၊ ၂၀၁၃(မော်ကွန်း)

မျိုးစောင့်ဥပဒေထွက်ပေါ်လာရေးအတွက် ထောက်ခံလက်မှတ်တစ်သန်းကို ယခုလထဲတွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီသို့ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေသော အမျိုးဘာ သာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်အရေးအဖွဲ့ ရုံးအဖွဲ့မှူးဆရာတော် အရှင်စန္ဒာသီရိက မော်ကွန်းသို့ ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် မျိုးစောင့်ဥပဒေဖြစ်မြောက်အရေးအတွက် ထောက်ခံလက်မှတ်များကို ယခုနှစ် မတ်လကတည်းက ကောက်ခံစုစည်းလာရာ ယခင်လများက ပေးပို့ထားသော လက်မှတ်ပေါင်း သုံးသန်းနှင့် ယခုပေးပို့မည့် လက်မှတ်တစ်သန်းကို ပေါင်းလိုက်လျှင် ထောက်ခံလက်မှတ်ပေါင်း လေးသန်း အထိရှိခဲ့ပြီဖြစ်သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ် စားလှယ်များအကြားတွင်လည်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း အဆိုပါဥပဒေဖြစ်မြောက်ရေးအတွက်  ထောက် ခံလက်မှတ်များကောက်ခံရာတွင် NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ NDF(အမျိုးသားဒီမိုကရေစီအင်အားစု)၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသဖြင့် ပါတီအသီးသီးမှ ပါတီဝင်များကလည်း ကောက်ခံပေးမှုများရှိနေသည်ဟု ဆရာတော်က ယခုလိုပြောပါသည်။

“ပါတီအနေနဲ့ ကောက်ခံပြီးလာပေးတာကတော့
 တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပဲရှိပါသေးတယ်။ ကျန်တာ တွေကတော့ ပါတီဝင်အနေနဲ့ ကောက်ကြတယ်။ ပါတီအနေနဲ့ပေးတာတော့ မဟုတ်ဘူး။ NLD ပါတီဝင်တွေလည်း ကောက် ခံပြီး လာပေးကြတာပဲ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်းလာပေးကြတာပဲ။
NDFပါတီဝင်တွေလည်းကောက်ပြီးပေးကြပါတယ်”

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်လဲ့လဲ့ဝင်းဆွေကို သြဂုတ်လအတွင်းက မော်ကွန်းမဂ္ဂဇင်းမှမေးမြန်းရာ ၎င်းက “ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေရေးဆွဲပေးတဲ့အတွက်ကြောင့် စိတ်ထဲမှာ ကျေးဇူး တင်လျက်ရှိပါတယ်။(ကိုလိုနီခေတ်အပါအ၀င်) ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့
 မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ဒုက္ခ များကို အခြေံခံပြီးပြော တာပါ”ဟု ဆိုခဲ့သည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ဆန့်ကျင်နေသော သူများ၊ နိုင်ငံတော်အစိုးရအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် လွှတ်တော်များမှ တာဝန်ရှိသူများအနေဖြင့် မျိုးစောင့်ဥပဒေပြဌာန်းခြင်းအားဖြင့် တကယ်ရရှိလာမည့် အကျိုးကျေးဇူး များကို အသေအချာလေ့လာစေချင်ကြောင်း အရှင်စန္ဒာသီရိက ဆိုပါသည်။            ။

နှင်းကို (မော်ကွန်း)

Yangon Press International

ကုန်စည်ပြပွဲနဲ့လက်တွဲမယ့် ပန်းချီပန်းပု ရေးဆွဲထုလုပ်မှု



ရန်ကုန်မှာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ကုန်စည်ပြပွဲမှာ ပန်းချီပန်းပု ရေးဆွဲထုလုပ်မှု အစီအစဉ်တွေကိုလည်း ထည့်သွင်းထားပါတယ်။
ဆင်ဖြူကျွန်းအောင်သိန်း
အဲဒါကတော့ တပ်မတော်ခန်းမမှာလုပ်မယ့်   Yangon International Trade Exhibition မှာ
 ပန်းချီရွှေမြင့်၊ ပန်းပု ကျော်ကျော်မင်း   တို့က
စာပေ နဲ့ ပန်းချီလောက ဆရာကြီးများရဲ့ ပုံတူကို ဂုဏ်ပြု ရေးဆွဲ ထုလုပ်သွားမယ့်အစီအစဉ်ပါ။

ရေးဆွဲထုလုပ်မယ့်ရက်စွဲ၊ ဆရာကြီးများရဲ့အမည်တို့ကို ဖော်ပြပေးလိုက်ပါတယ်။

 
ပန်းချီမောင်မောင်သိမ်း (ပုသိမ်)
အောက်တိုဘာ ၁ဝ -  စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

အောက်တိုဘာ ၁၁ -  ပန်းချီမောင်မောင်သိမ်း (ပုသိမ်)

 
 အောက်တိုဘာ ၁၂ - ပန်းချီလှတင်ထွန်း (ယဉ်ကျေးမှုတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်  ဦးသန့်ဇင်/စာရေးဆရာဝင်းပ)

အောက်တိုဘာ ၁၃  - ပန်းချီမြဟန်  

ကုန်စည်ပြပွဲနဲ့ ပန်းချီပန်းပု ရေးဆွဲထုလုပ်ခြင်းအစီအစဉ်ဟာ ယခင်က ရန်ကုန်မှာ မရှိခဲ့ဖူးဘူးလို့ ယူဆရပါတယ်။

သီးခြားစီ ဖြစ်ထွန်းခဲ့တဲ့ပွဲတွေ ဖြစ်ပြီး လာရောက်သူ ပရိသတ်ခြင်းလည်း ထပ်တူကျမှုမရှိပါ။
ဒီကုန်စည်ပြပွဲဟာ ထူးခြားတဲ့ ပြပွဲဖြစ်တယ်လို့ ပြောနိုင်သလို ဒီပန်းချီပန်းပုထုလုပ်ခြင်းအစီအစဉ်ဟာလည်း ထူးခြားတဲ့ အစီအစဉ်လို့ ဆိုရပါလိမ့်မယ်။

ဒီကနေ့က အောက်တိုဘာ ၅ ရက်နေ့ပါ။ ဒီတော့ လာမယ့် အောက်တိုဘာ ၁ဝ ကြာသပတေးနေ့က စတင်ပြီး ထူးခြားတဲ့တွဲစပ်မှုကို သွားရောက် လေ့လာနိုင်ကြတော့မှာဖြစ်ပါတယ်။
 

ဧရာဝတီ

နိုဘယ်လ်ဆု လျာထားစာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားစာရင်းမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း  ပါဝင်နေပါတယ်။
နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ရွေးချယ်ရမယ့် ဒီနှစ် စာရင်းမှာ လူ ပုဂ္ဂိုလ်အနေနဲ့ ၂၀၉ ဦးပါဝင်ပြီး အဖွဲ့အစည်း ၅၀ ပါဝင်ပါတယ်။
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
အော်စလို နိုဘယ်လ်သုတေသန အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ခရစ်စတင်း ဘာ့ဂ် ဟာ့ပ်ဗီကန်က သမ္မတ ဦးသိန်းစိန်ဟာ မနှစ်တုန်းက သူ့အကြိုက်ဆုံး စာရင်းထဲမှာ ထိပ်ဆုံးက ပါနေပေမယ့် ဒီနှစ်မှာတော့ မပါတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဆု ရသွားနိုင်တယ်လို့ ပြောပါတယ်။
“မနှစ်တုန်းက သမ္မတ ဦးသိန်းစိန်ကို ထိပ်ဆုံးက ကျနော် လျာထားခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော့် လျာထား စာရင်းထဲမှာ မပါတော့ဘူး။ မြန်မာပြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့်ပါ။ ဒါပေမယ့် အလားအလာ အကောင်းဆုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို  ပေးမယ်ဆိုရင်တော့ ဦးသိန်းစိန်လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သွားနိုင်ပါတယ်။”
ဒီနှစ်အတွက် ဆုရနိုင်ချေ အရှိဆုံးလို့ သူ ခန့်မှန်းတာကတော့  ပါကစ္စတန်က အမျိုးသမီးတွေရဲ့ ပညာရေးအတွက် တိုက်ပွဲဝင်သူ အစွန်းရောက်ဝါဒကို အန်တုတိုက်ခိုက်တဲ့ အသက် ၁၆ နှစ်အရွယ် မာလာလာ ယူဆွဖ်ဆေးလို့ ပြောပါတယ်။
နောက်ထပ်နှစ်ယောက်ကတော့  ရုရှား လူ့အခွင့်အရေး လှုပ်ရှားသူ  အစိုးရအတိုက်အခံ လိုက်ဒမိုက်လာ အဲလက်ဇိုက်ဘာ၊ ရုရှားက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် လစ်လီယာ ရှီဗာနိုဘာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနှစ် နိုဘယ်လ်ဆုအတွက် စကားတင်စာရင်းမှာ ပါဝင်နေတယ်ဆိုပြီး  နာမည်ထွက်နေသူတွေထဲမှာ အာဖဂန် နစ္စတန်က အမျိုးသမီးဆရာဝန် ပထမဆုံး အမျိုးသမီး ၀န်ကြီး စီမာ ဆန်းမာ၊ အမေရိကန် လူမျိုး အကြမ်းမဖက်နိုင်ငံရေး အန်တုမှု နည်းနာတွေကို စနစ်တကျ ဖော်ထုတ်ခဲ့သူ၊ အာရတ်နွေဦးလူထု လှုပ်ရှားမှု နည်းနာတွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ချီးကျူးခံရသူ ပါမောက္ခ ဂျင်းရှပ်၊ အိုင်ယာလန် ၀န်ကြီးချုပ်ဟောင်း မာရီ ရိုဘင်ဆင်၊ လူမှု ကွန်ရက် ဖေ့ဘုတ်ခ်၊ အမေရိကန် ထောက်လှမ်းရေး သတင်းအချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အတ်ဒ၀ပ် စနိုးဒင်း၊ အမေရိကန် သမ္မတဟောင်း ဘေးကလင်တန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ တီဘက်အရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရ ပေါ်လစီတွေကို ဝေဖန်တဲ့ တရုတ်အတိုက်အခံ ဟူဂျီယာတို့ ပါဝင်နေပါတယ်။
မြန်မာပြည်မှာ  ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ အများက ထင်မှတ်မထားတဲ့ ပြုပြင်ပြောင်းလဲရေးသမားတယောက်အနေနဲ့ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေ၊ စစ်အစိုးရလက်အောက်မှာ ဆယ်စုနှစ် ၅ ခုစာလောက် ရှိခဲ့တဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲတဲ့ ဆောင်ရွက်ချက်တွေကြောင့် သတိနဲ့ ချီးမွှမ်းတာတွေကို ခံရသူဖြစ်ပါတယ်။
အာရှမှာ ဒုတိယအဆင်းရဲဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေသူလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္ဂတ ဦးသိန်းစိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်မလှည့်ဖို့ဆိုရင် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်း အစိုးရအဖွဲ့ဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အာဏာယူပြီး နှစ်ပေါင်း ၅၀ ကြာ တိုက်ရိုက် စစ်အုပ်ချုပ်ရေး စနစ်လည်း အဆုံးသတ်သွားပါတယ်။
အဲဒီနောက်ပိုင်း မြန်မာပြည်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ လွတ်လပ်မှုနဲ့ အလုပ်သမား သမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့်တွေကို ခွင့်ပြုလာပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း သမ္မတနဲ့ စီးပွားရေး ပြန်ဆက်ဆံလာပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာအတွင်း ပထမဆုံး အဖြစ် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးကို မြန်မာပြည် စေလွှတ်ခဲ့ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တရားဝင်ကြေညာဖို့ ရှိပါတယ်။ 
DVB

ဗိုလ်ချုပ်ကို ခုတုံး လုပ်သော အဆိုဖြစ်၍ ကြံ့ခိုင်ရေးများ ကန့်ကွက်ခဲ့ရ

 
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာကောင်းတဲ့ စကားလုံးအဖြစ် နားလည် လိုက်မိပါတယ် . . .

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး  လွှတ်တော်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ၁၂-၉-၂၀၁၃ (ကြာသပတေးနေ့) တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကျင်းပမည့် နေရာသို့ ၁နာရီစော ရောက်ရ မည်လို့ နှိုးဆော် ထားတာကြောင့် ၀ီရိယ ကောင်းစွာဖြင့် ၉နာရီ မထိုးခင် ရောက်အောင် သွားသော်လည်း ကျွန်တော့် ထက်ဦး သူဖြစ်တဲ့ ကမာရွတ်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေကို မရွှင်ပျတဲ့ မျက်နှာနှင့် တွေ့လိုက် ရလို့၊ ဆရာကြီး စောစော စီးစီး ဘာများ အလိုမ ကျလို့လဲ မေးလိုက်တော့ ကျွန်တော်တင် ထားတဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းလဲ တင်ပါတယ်။ ပြောတယ်ဗျာလို့ ဆိုလို လာပါတယ်။ ဦးကျော်ရဲ့အဆိုကိုတော့ လက်ခံပြီး ကျွန်တော်တို့ အဆိုတွေ ကိုတော့ မေးခွန်းအဖြစ် ပြောင်းခိုင်းတာ တော် တော် ၀မ်းနည်းစရာ ကောင်းပါတယ်လို့ ကျွန်တော့်ထက် အသက်အရွယ်၊ အတွေ့အကြုံ၊ အသိဉာဏ်ပညာ အစစအရာရာ သာလွန်တဲ့ လူကြီး တစ်ယောက်ရဲ့ ငြီးတွားသံဟာ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ပထမဆုံး ဝေဒနာလေး ဖြစ်ခဲ့ ပါတော့တယ်။

ဒီနေရာမှာ အဆိုနဲ့ မေးခွန်းကို အတိုဆုံးနှင့် အရှင်းဆုံး ပြောရရင်၊ အဆို အတည်ဖြစ်ရင် လုပ်ချင် သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ လုပ်ကို လုပ်ပေး ရတော့မယ့် သဘောဖြစ်ပြီး မေးခွန်း ဆိုတာ ကတော့ အချိန် အတိုင်းအတာ တစ်ခုထိ ရွှေ့ဆိုင်းလို့ ရှောင်လွှဲလို့ ရတယ်။ ငြင်းပယ်လို့ ရတဲ့ သဘောလေး ရှိပါတယ်။ လွှတ် တော် မေးခွန်းရဲ့ သုံးပုံနှစ်ပုံ လောက်ကလည်း ဘဏ္ဍာငွေ ထပ်မံတောင်း၍ ရရှိလာသည့် အပေါ်တွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆိုတဲ့ အဖြေက များနေတာကို  တွေ့နေရကြောင်း ဆရာကြီး ဦးမြငွေ အနေနဲ့ သူ့ရဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းခိုင်း တာကို စိတ်မကောင်း ဖြစ်တာပါပဲ။

လွှတ်တော်ကို အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်ခဲ့ရာ ဦးကျော်ရဲ့အဆိုတင် သွင်းချိန်မှာတော့ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ဒုတိယ ဝေဒနာလေး ဖြစ်ပေါ်လာခဲ့ ရပါတော့တယ်။ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးပြီး ခဲ့တဲ့ ခေါင်းစဉ်ကို တိုင်းဒေသကြီး လွှတ်တော်မှာ ပုံတူ ကူးချ အဆိုတင်သွင်း တာဟာ နိုင်ငံရေး အမြတ် ထုတ်တာပဲ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်မှာ ပြည်ထောင်စု ဒုဝန်ကြီး ကိုယ်တိုင် အကျယ်တ၀င့် ရှင်းလင်း ပြီဖြစ်သော အကြောင်း အရာတွေ ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းသည် တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့် ထဲမှာ မရှိ တာကိုလည်း အသိ၊ ငွေစက္ကူ တွေကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက တောင်းဆိုတာနှင့် ပြောင်းလဲ ထုတ်ဝေလို့ မရဘူး ဆိုတာ ကိုလည်း အသိ။ ငွေစက္ကူပါ ရုပ်ပုံများ ပြောင်းလဲ ထုတ်ဝေ ရုံဖြင့် ပြည်သူလူထု၏ လိုအင် ဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ဘူး။ မပြည့်စုံ စေဘူး ဆိုတာလည်း အသိ၊ မှန်ကန်တဲ့ တင်ပြမှု ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုလို့ ပြောရမှာလည်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး ပြီးသား ဖြစ်လို့ ပယ်ချ ခံရမည် ဆိုတာလည်း မသိ။ အဲဒီလို အသိပေါင်း မြောက်မြားစွာ ရှိနေရဲ့ သားနှင့် အဖွဲ့အစည်း တစ်ခုကို အပုပ်ချ၊ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ် သွားတာ တွေ့ရတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူတွေ ရှေ့မှာ မားမား မတ်မတ် ရပ်တည်ရင်း၊ ဒီမိုကရေစီ လမ်းကြောင်း သစ်ကို အတူ လက်တွဲ လျှောက်လှမ်း ကြရမယ့် ပြည်သူ့ ကိုယ်စားလှယ်ချင်း မ၀ံ့မရဲ ဖြစ်မိတာ အမှန်ပါပဲ။ ပြည်သူ့ အကျိုးအတွက် မဟုတ်ဘဲ မိမိ အကျိုးအတွက် မျှော်ကိုးပြီး ပြောရက် လေခြင်းလို့ စိတ်ထဲမှာ တွေးနေတုန်း မင်္ဂလာ တောင်ညွန့် မြို့နယ်မှ ဒေါက်တာ စောလှထွန်းက အဆိုကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရဲ့ ငွေစက္ကူ သမိုင်း ကြောင်းနှင့် တကွ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အခန်း ၁၂ လွှတ်တော်သို့ တင်သွင်းသည့် အဆိုများ ခေါင်းစဉ် အောက်ရှိ ပုဒ်မ ၁၁၃ စည်းကမ်း ချက်များ ပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားတဲ့ မဆီလျော်သော အကြောင်း ပြချက်၊ ခိုင်လုံသော အထောက်အထား မပါရှိသည့် ယူဆချက်များ၊ မသင့်လျော်သော အသုံး အနှုန်းများ၊ ဂုဏ်သရေကို ထိခိုက် စေသည့် ဖော်ပြချက်များ မပါရှိစေ ရဆိုတဲ့ အချက်တွေနှင့် ထောက်ပြ ဝေဖန် ကန့်ကွက်ခဲ့ ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီး ကလည်း လွှတ်တော် ဥပဒေများနှင့် အညီ လွှတ်တော် သဘောထားကို မဲခွဲ ဆုံးဖြတ်ရာ စေခဲ့ရာ တက်ရောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၁၇ဦး ရှိရာမှာ အဆိုရှင် ဦးကျော်ရဲ့ ပါတီမှ ၂ဦးသာ ထောက်ခံပြီး ကျန် ၁၁၅ဦးမှာ ကန့်ကွက်ခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုကို ကန့်ကွက် သူများ မိမိ နေရာမှ မတ်တပ် ရပ်၍ ဆန္ဒပြုရန် ဖြစ်ပါသည် ဆိုတဲ့ ဥက္ကဋ္ဌ ကြီးရဲ့စကားအဆုံး တိုင်ပင် ညှိနှိုင်းထားခြင်း မရှိဘဲ၊ တညီ တညာတည်း မတ်တတ် ရပ်လိုက် ကြတဲ့ မြင်ကွင်းသည် ဖြတ်သန်း ခဲ့ရတဲ့ လပေါင်း သုံးဆယ် အတွင်း ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ မြင်ကွင်းလေး အဖြစ် ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ တတိယ ဝေဒနာဟာ ရှင်ထဲမှာ စွဲကျန်လို့ နေပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပါတီစုံ ရှိပါတယ်။ ၈၈၊ NLD ၊ ပြည်သူ့ ဒီမိုကရက်တစ်၊ တစ်သီး ပုဂ္ဂလ၊ တစည ဆိုပြီး ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ခွင့်ယူထား သူမှ လွဲ၍ အကုန် ရှိပါတယ်။ ဒီပါတီတွေ အကုန်လုံး ကလည်း မိတ်ဖက် ပါတီတွေပဲ ဖြစ်ပါတယ်။ ပါတီတစ်ခုက အဆိုတင်ရင်၊ ကျန်မိတ်ဖက် ပါတီတွေက ထောက်ခံ ဆွေးနွေး ခဲ့ကြတာလည်း မှတ်တမ်းတွေ ရှိနေ ပါတယ်။ ဒါပေမဲ့ အဆိုရှင် တင်သွင်းတဲ့ အခုအဆိုကို မိတ်ဖက် ပါတီကပါ ကန့်ကွက်ခဲ့တာ ဘာဖြစ်လို့လဲ၊ အားလုံးသည် အမှန်တရားကို ယုံကြည်ကြ လို့ပဲ ဖြစ်ပါ တယ်။ အမြင် မတူတာ တွေကို ဘေးဖယ် ထားပြီး၊ တူညီတဲ့ အမြင်လေးကို မှန်ကန် စွာနှင့် သက်သေပြ လိုက်တာပဲ ဖြစ်ပါတယ်။ လွှတ်တော် အစီအစဉ် ပြီးဆုံးလို့ ပြန်ထွက် လာချိန်မှာတော့ မီဒီယာများရဲ့ မေးမြန်း ချက်ကို ဖြေကြား နေတဲ့ အဆိုရှင်ရဲ့ သဘောထားက လွှတ်တော် ကိုယ်စားလှယ် အားလုံးကို စော်ကား လိုက်သလို ဖြစ်နေ ပါတော့တယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါ ပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာ ကောင်းတဲ့ စကားလုံး အဖြစ် နားလည် လိုက်မိပါတယ်။ လွှတ်တော်ကို ပြည်သူတွေနှင့် တိုက်ခိုင်းတဲ့ သဘောပါပဲ။

အဆိုရှင် ပြောကြားသလို ကျွန်တော် တို့အားလုံးသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဗိုလ်ချုပ်ကို မချစ်လို့၊ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံကို မမြင် တွေ့ချင်လို့ ၀ိုင်းကန့်ကွက် ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ နိုင်ငံသား၊ တိုင်းရင်းသား အားလုံး ပိုင်တဲ့ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တဲ့ သဘော ဆောင်တဲ့ အဆိုကို ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း ကိုလည်း ပြည်သူတွေကို သစ္စာ တိုင်တည် အသိပေး လိုက်ပါတယ်။

စာရေးသူ ကိုယ်ရေး အကျဉ်း

အမည်ရင်း – ဦးနေမျိုးအောင်

အလုပ် အကိုင်- ဆိပ်ကမ်း မြို့နယ် ကြံ့ခိုင်ရေး ပါတီ တွဲဖက် အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်

(အထက် ဖော်ပြပါ ဆောင်းပါးကို မြန်မာသံတော်ဆင့် အယ်ဒီတာ အဖွဲ့အနေဖြင့် ကိစ္စရပ်တိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ဖော်ထုတ် တင်ပြနိုင်သည် ဆိုသော ဒီမိုကရေ စီစံနှုန်း အရ ဖော်ပြခြင်း ဖြစ်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)

နောင်မျိုးအေ

Myanmartandawsint Newspaper

ယာဉ်စည်းကမ်းဖောက်ဖျက်မှုအား စီမံချက်ဖြင့် ဖမ်းဆီး စနစ်ဖျက်သိမ်း

 
ရန်ကုန် ၊ အောက်တိုဘာ ၄။       ။ ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း ယာဉ်စည်း ကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့်ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။ ယခင်က ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေပါ ဒဏ်ကြေးငွေများမှာ အလွန်နည်း ပါး နေခြင်း ကြောင့် ယာဉ်အသုံးပြု သူများအနေဖြင့် လိုက်နာမှုရှိစေ ရန်ရည်ရွယ်၍ ဒဏ်ငွေများ စီမံ ချက်အနေဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် မော်တော် ယာဉ်ဥပဒေအတိုင်းအရေးယူ သွားမည်ဖြစ်ကြောင်း အောက်တို ဘာ ၄ရက်က ၅၁လမ်း ယာဉ်စည်း ကမ်းထိန်းသိမ်းရေးရဲချုပ်ရုံး၌ပြု လုပ်သည့် မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေများဖြင့် လက်ရှိအရေး ယူဆောင်ရွက်မည့်အခြေအနေ များအား ရှင်းလင်းသည့်သတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှူးကြီးလင်းထွဋ်က ''ယာဉ်စည်းကမ်းဖောက် ဖျက်သူတွေကို မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း အရေးယူလို့ရပေမယ့် ကြီးတဲ့အမှု ကိုငယ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်တိုးမြှင့်ဒဏ်ငွေနဲ့ပဲ အ ရေးယူဆောင် ရွက်ခဲ့ တာပါ။ အခု ဥပဒေပါသတ်မှတ်ဒဏ်ငွေနဲ့ ပြစ် မှုကြီးရင်ကြီးသလို ထောင်ဒဏ်နဲ့ပါ အရေးယူသွားမှာပါ''ဟုပြောသည်။ လက်ရှိ ယာဉ်စည်းကမ်းချိုး ဖောက်သူများကို ၁၉၆၄မော်တော် ယာဉ် ဥပဒေပုဒ်မ ၂၁ပါပြဌာန်းချက်များဖြင့် ငွေဒဏ် နှင့် ထောင် ဒဏ် ချမှတ်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစီမံချက်ဒဏ်ကြေး ငွေများကို ယာဉ်စည်းကမ်းကြီးကြပ် ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်းချက် သတ်မှတ်ဒဏ်ကြေး ငွေကျပ် ၁၅ဝဝအပြင် စီမံချက်ဒဏ်ငွေအ ဖြစ် ပြစ်မှုအပေါ်မူတည်၍ ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀၀ အ ထိ သတ်မှတ် ဒဏ်ရိုက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ရဲမှူးသာဌေးက ပြောသည်။ ရဲမှူးသာဌေးက ''စီမံချက် ဒဏ်ကြေးငွေတွေကို ယာဉ်စည်း ကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေ မှာသုံးနိုင်ဖို့ အတွက် လေးချိုးချိုး ပြီး ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၊ မြို့တော်စည်ပင်၊ ယာဉ်ထိန်းတပ် ဖွဲ့နဲ့ မြို့နယ်မီးပွိုင့်တွေမှာ လုံခြုံ ရေးကင်မရာဖိုးတွေပေးသွင်းရတဲ့ နေရာတွေမှာအသုံးပြုတာပါ''ဟုပြောသည်။  အဆိုပါ ယာဉ်စည်းကမ်း သတ်မှတ် ဥပဒေပါ ဒဏ်ကြေးငွေ ထက်ပိုမိုတောင်းခံသူဝန်ထမ်း များအား တိုင်ကြားလာပါက အ ရေးယူသွားမည်ဖြစ်သည်။

ဖြိုးလွင်အောင် - Yangon Media Group

The Scorpion King(Full Movie)




Directed by Chuck Russell,
Produced by Sean Daniel,James Jacks, Kevin Misher ,Stephen Sommers
 Starring   - Michael Clarke Duncan, Peter Facinelli, Sherri Howard ,Ralf Möller,
 Roger Rees  and   Conrad Roberts
ရုပ်ရှင်ကြည်ရန် ==>>http://lwintmgmg-movie.blogspot.com/2013/10/the-scorpion-king.html

မဒေးကျွန်းသား ၁၀ ဦးအား ထောင်ချမူ အပေါ် အောက်တိုဘာလ ၁၀ ရက်နေ့ အယူခံဝင်မည်

မဒေးကျွန်းသားများက ဧပြီလ ၁၈ ရက်နေ့က တရုတ်ကုမ္ပဏီ စီအန်ပီစီ ရုံးရှေ့သို့ ချီတက်ပြီး ဆန္ဒပြ တောင်းဆိုနေကြစဉ်။

ကျောက်ဖြူမြို့နယ်မဒေးကျွန်းမှ ဒေသခံ ပြည်သူများ၏ ကောင်းကျိုးကို ဆောင်ရွက်၍ ထောင်ချခံထားရသူ (၁၀) ဦး ၏ အမူကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် အယူခံ ၀င်မည်ဟု သတင်း ရရှိသည်။

” သူတို့ကို အယူခံဝင်ခွင့်ပေးတဲ့ အတွက် ဒီလ ၁၀ ရက်နေ့မှာ ထောင်ချခံရတဲ့ မိသားစုဝင်တွေက ကျောက်ဖြူမြို့နယ် တရားရုံးမှာ အယူခံ ၀င်ကြမှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူ လူငယ်ကွန်ရက်မှ ကိုထွန်းလွှင်က ပြောသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ခေါင်းဆောင် ၁၀ ဦးကို စက်တင်္ဘာလ ၂၆ ရက်နေ့က ၎င်းမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ စီတန်းလှည့်လည်မူနှင့်  ထောင် (၃) လ ချမှတ်ခဲ့သည်။

ထိုချမှတ်လိုက်ပြီးနောက် ဒေသခံ ပြည်သူ  ၅၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးရောက်ရှိလာခဲ့ကြပြီး  တရားရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြကာ သူတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့၏ ခေါင်းဆောင် ၁၀ ဦး လွှတ်မြောက်ရေး အတွက် ဒေသခံများ တရားရုံးရှေ့တွင် စုရုံးပြီး ဆန္ဒပြတောင်းဆိုမူမှာ မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း (၆၅) နှစ် အတွင်း ရခိုင်ပြည်နယ် အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။

သူတို့ ၁၀ ဦးသည် ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က တရုတ်ကုမ္ပဏီ CNPC ကုမ္ပဏီရုံးရှေ့တွင် ခွင့်ပြုချက် မရဘဲ ပြုလုပ်ခဲ့သော လူပေါင်း ၅၀၀ ခန့် ပါဝင်ခဲ့သည့် ဆန္ဒပြပွဲကို ဦးဆောင်သည်ဟု စွပ်စွဲကာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ  တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ရာ ကျောက်ဖြူမြို့နယ် တရားရုံးက အမူကို လက်ခံခဲ့သည်။ စက်တင်္ဘာ ၂၆ ရက်နေ့တွင် သူတို့အား  ထောင်ချ ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် မဒေးကျွန်း ဒေသခံများသည် သူတို့ကျွန်းပေါ်တွင် ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် သူတို့၏ ထိခိုက်နစ်နေမူများအား ဖြေရှင်းပေးရန် မြန်မာ အစိုးရနှင့် တရုတ်ကုမ္ပဏီ CNPC  တို့ကို တောင်းဆိုခဲ့သည်။

တောင်းဆိုချက် (၉) ချက်တွင်  သိမ်းဆည်းလယ်မြေများနှင့် ပျက်စီးလယ်မြေများအား နိုင်ငံတကာ စံနုန်းများနှင့် အညီ လျှော်ကြေးပေးရန်၊ ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ် မီးဖြန့်ဖြူးပေးရန်၊ ကျွန်းပတ်လည်တွင် ငါးဖမ်းခွင့်ရရန်၊ ကျေးရွာချင်းဆက် လမ်းများကို ဖေါက်လုပ်ပေးရန်၊ ကျွန်းပေါ်ရှိ ဒေသခံများကို အလုပ်ခန့်ရန်နှင့် လစာကို တရုတ် အလုပ်သမားများနည်းတူ ပေးရန် စသည့် အချက်တို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာ အာဏာပိုင်များသည် မဒေးကျွန်းသူ ကျွန်းသားများ၏ ရသင့် ရထိုက်သော အခွင့်အရေးများ တောင်းဆိုသည်ကို တစ်စုံတစ်ရာ လိုက်လျော့ ပေးခြင်း မရှိဘဲ ထောင်ချခဲ့သဖြင့် ယင်းလုပ်ရပ်ကို လူမူ အဖွဲ့အစည်းအများက ရှုတ်ချခဲ့သည်။

“ ဆန္ဒပြတုန်းကတော့ အယူခံဝင်ပါလို့ ပြောတဲ့ အတွက် ဆန္ဒပြပွဲကို ရပ်လိုက်တယ်။ အယူခံဝင်ရင် သူတို့ လွှတ်မလား၊ မလွှတ်ဘူးလားဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ကိုထွန်းလွှင်က ပြောဆိုသွားသည်။

နိရဉ္စရာ

ဦးမင်းကိုနိုင် Homo Homini Award ဆု ရရှိ

 
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းအစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ဟာ ချက်နိုင်ငံရဲ့ လူအခွင့်အရေးဆိုင်ရာ ဆုကို ချက်နိုင်ငံမှာ အောက်တိုဘာ ၃ ရက်နေ့က လက်ခံရယူခဲ့ပါတယ်။

ဒီ Homo Homini Award ဆုကို ၁၉၉၄ ခုနှစ်ကစတင်ပြီး ကမ္ဘာတ၀န်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်သူတွေကို နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်စုစုနွေး၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဝေဒနာသည်တွေကို ကူညီစောင့်ပေးနေတဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်းတို့ကိုလည်း  Homo Homini Award ဆုကို ၂၀၀၇ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

by webteam (ဒီဗွီဘီ)

မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာများလည်း သီတဂူဆရာတော် ပြန်ခေါ်မည်

 မလေးရှား, သီတဂူ, ရွှေ့ပြောင်းလုပ်သား, လူ့အခွင့်အရေး
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦးနှင့် ဖမ်းဆီး ခံထားရသည့် မြန်မာလုပ်သား ၈၀ ဦးကို အောက်တိုဘာ ၆ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် သွားရောက် ခေါ်ဆောင်မည်ဟု သီတဂူသာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့မှ သိရသည်။
“တတိယ အသုတ်အနေနဲ့ သွားခေါ်မှာပါ။ ဒီတခါတော့ ထောင်ကျနေတဲ့ အလုပ်သမားတွေလည်း ပါမယ်။ အဖမ်းခံထားရပြီး မြန်မာပြည်ပြန်ချင်တဲ့ တရားမဝင် နေထိုင်သူတွေကို ခေါ်ထုတ်ပေးတာ။ မြန်မာ အလုပ်သမားတွေကို ဆက်တိုက် ပြန်ခေါ်ပေး နေမှာပါ” ဟု သီတဂူ သာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
မလေးရှားရောက် မြန်မာလုပ်သားများကို ပြန်လည် ခေါ်ယူနိုင်ရန်အတွက် အလှူငွေများ ရရှိခဲ့ပြီး အဆိုပါ အလှူငွေများ ကုန်သွားပါကလည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် အလုပ်သမားများကို လေယာဉ် စရိတ် အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင် ပေးနေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်သားများသည် MAI လေကြောင်း၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရနှင့် ကမ္ဘောဇဘဏ်တို့၏ အခမဲ့ စီစဉ်ပေးမှုဖြင့် အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက်ကာ မြန်မာအလုပ်သမားကိစ္စ ညှိနှိုင်းခဲ့သည့် အလုပ်သမားဝန်ကြီး ဦးအေးမြင့်က စက်တင်ဘာ ၁၄ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် VIP ဝင်ပေါက်အနီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများ တရားဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုနေသော်လည်း မလေးရှားရောက် မြန်မာလုပ်သား အများစုမှာ မြန်မာနိုင်ငံသို့သာ ပြန်လာလျက်ရှိကြောင်း သိရသည်။
“မလေးမှာ မြန်မာ အလုပ်သမားတွေအတွက်က လုံးဝ လုံခြုံမှုမရှိသေးဘူး၊ အချိန်မရွေး အသက် သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လေ။ ဒါကြောင့် ပြန်လာလိုက်တာ” ဟု မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ကိုအောင်မြတ်က ပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီးနောက် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ မိမိနိုင်ငံသို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် လည်းကောင်း၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ အများဆုံး ဖမ်းဆီးခံထားရပြီး မြန်မာလုပ်သား ၆၀၀ ကျော်ကို မလေး အာဏာပိုင်များက ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ တချို့ မြန်မာလုပ်သားများမှာ ဖမ်းဆီးမှု စတင်ကတည်းက နယ်စပ်သို့ ထွက်ပြေးမှုများ ရှိကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း အလုပ်သမားဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၁ သိန်း ၄ သောင်းကျော် ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင်ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။
ဧရာဝတီ မှ

သဘောတူညီချက်ရရှိသွားပြီဖြစ်၍ မြို့တော်ခန်းမရှေ့ မိချောင်းကန်သပိတ်စခန်းကို ယနေ့ညနေတွင်ပိတ်သိမ်းမည်


ရန်ကုန်-အောက်တိုဘာ၅
မြို့တော်ခန်းမရှေ့တွင် ဖွင့်လှစ်ထားသောမိချောင်းကန် ဆန္ဒဖော်ထုတ်သူများ၏ သပိတ်စခန်းကို သက်ဆိုင်ရာနှင့်သဘောတူညီချက်ရရှိသွားပြီဖြစ်၍ ယနေ့ညနေတွင်
အဆိုပါ သပိတ်စခန်းကို ပိတ်သိမ်းမည်ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။
မြေယာသိမ်းဆည်းမှုစုံစမ်းဖော်ထုတ်ရေးကော်မရှင်အဖွဲဝင်
ဦးအောင်သိန်းလင်း၊ဦးခိုင်မောင်ရည်နှင့်တာဝန်ရှိသူများက လာရောက်ညှိုနှိုင်းခဲ့ခြင်းဖြစ်သည်။
မိကျောင်းကန် ဘိုးဘွားပိုင်မြေကို တပ်ပိုင်မြေဟု အတင်းအဓမ္မ သိမ်းယူသွားသည်ဟု ခေါင်းစဉ်တပ်၍ သပိတ်စခန်းကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ၂ရက်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မိကျောင်းကန် ဘိုးဘွားပိုင်မြေအတွက် မိကျောင်းကန် ရပ်ကွက်နေ ပြည်သူများသည် ဆန္ဒဖော်ထုတ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး ယခုအကြိမ်တွင်မူ ၈ ကြိမ်မြောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

သံတွဲကိစ္စ မလေးရှားမှာ ရိုက်ခတ်

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။ 


 ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော်သံတိုင်ပေးနေတဲ့ မလေးရှားရောက် 
မြန်မာ မွတ်စလင်တဦး၊ ဓာတ်ပုံ- အေပီ

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။ 

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ 
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ

မန်းကားလောက၏အကြီးမားဆုံးလိမ်လည်မှုအဖြစ် ကျပ်သိန်းလေးသောင်းကျော် အလိမ်ခံရမှု ၀ယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ စာနယ်ဇင်းရှင်းပြီ

 
မန္တလေး၊ အောက်တိုဘာ ၅
မန္တလေးကားလောကတွင် အကြီးမားဆုံးလိမ်လည်မှုအဖြစ် ငွေကျပ် သိန်းလေးသောင်းကျော်အလိမ်ခံရမှုကားဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ နေ့လည်က
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
သြဂုတ် ၁ရက်နေ့တွင် လင်းကမ္ဘာကုမ္မဏီနှင့် ထူးပီတိ ကုမ္မဏီမှ ပြုလုပ်သည့် ကားအရောင်းပြပွဲတွင် ကားဝယ်ရောင်းအများစု ရန်ကုန်ဈေးနှင့် ဈေးကွာခြားကာ ၁၀သိန်းမှ သိန်း ၅၀ခန့်အထိ တခြားကုမ္မဏီများနှင့် ဈေးကွာခြားကာ သက်သာသောကြောင့် ၀ယ်ရောင်းသမားအများစု ၀ယ်ယူခဲ့ကြသည်။
ကားဝယ်ယူရာ စာချုပ်ချုပ်ဆိုရာတွင် ထူးပီတိနှင့် စာချုပ်ချုပ်ပြီး ကားအား လင်းကမ္ဘာကုမ္မဏီတွင် သွား ရောက်ထုတ်ယူရကြောင်း ကားအား ၀ယ်ယူပြီး သုံးပတ်အတွင်း လိုင်စင်၊ Ownner Book အပြီးစီးလုပ်ပေးမည် ဖြစ်ပြီး သုံးပတ်အတွင်း ယာယီလိုင်စင်ဖြင့် စီးနင်းရမည်ဖြစ်ကာ ငွေအား အပြီးစီးပေးချေရကြောင်း အဆိုပါရှင်း လင်းပွဲတွင် ကားဝယ်ရောင်းသမား များက ပြောသည်။
ယခု နှစ်လခန့်ကြာသည်အထိ လိုင်စင်ရရှိခြင်းမရှိသေးသောကြောင့် အဆိုပါကားကုမ္မဏီနှစ်ခုအား ဆက်သွယ်သောအခါ ထူးပီတိ ပိုင်ရှင် ကိုကျော်နိုင်စိုး ဆိုသူမှာ တိမ်းရှောင်နေပြီး
လင်းကမ္ဘာကုမ္မဏီပိုင်ရှင်ဟု ဆိုသူ ဦးအောင်ရဲလင်းအား ဆက်သွယ်သောအခါ ၄င်းနှင့် ဦးကျော်နိုင်စိုးမှာ ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း ယခုကားကိစ္စတွင် ၄င်းလက်မှတ်ထိုး၍ ချုပ်ဆိုထားသော ကား ၃၅စီးကိုသာ ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။
ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်ရပြီး ယာဉ်လိုင်စင်မရသေးသည့် ကား ၉၃စီး၊ ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်၊ ယာဉ်လိုင်စင် မည်သည်မျှမရသေးဘဲ ကားချည်း သက်သက်သာရထားသည့် ကားအစီးရေ ၁၅၀ရှိကြောင်း ကားဝယ်ရောင်းသမားများက ဆိုသည်။ ကားသွားထုတ်တော့ သော့ကိုင်ကတစ်ယောက်၊ တံခါးဖွင့်ပေးသူကတစ်ယောက်၊ စာချုပ်ချုပ်တော့ လည်း ၀န်ထမ်းတွေနဲ့ပဲချုပ်ရတယ်။ အဲ့ကတည်းက တော့ နည်းနည်းရိပ်မိတယ်။ အခု ဘယ်သူ့ကို အဖေခေါ် ရမှန်းမသိဘူး။ အခုလိုင်စင်ပြန်လျှောက်မယ်ဆိုလည်း ကားဖိုးလောက်ထပ်ကျနေတော့ အဆင်မပြေပြန်ဘူး။ အမှုဖွင့်ရင်လည်း သက်သေခံအဖြစ်ကားကို သိမ်းထားမှာလည်းစိုးရသေးတယ်။ အခု အလိမ်ခံရသူအားလုံး တိုင်ပင်ပြီးတစ်ခုခုတော့လုပ်မယ်။ နည်းနည်းတော့ စောင့်ကြည့်ဦးမယ်ဟု ကျပ်သိန်း ၈၀၀ကျော်တန်ဖိုးဖြင့် ကား ငါးစီးဝယ်ထားသူ တစ်ဦးက ပြောသည်။ ယခုကိစ္စတွင် လင်းကမ္ဘာကုမ္မဏီပိုင်ရှင် ကိုအောင်ရဲလင်းနှင့် ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုး ပတ်သက်မှု မရှိဟု ကိုအောင်ရဲလင်းက ပြောကြားသော်လည်း ၄င်းတို့မှာ လွန်ခဲ့သည့် ၁၅နှစ်ခန့်မှ လုပ်ငန်းများအတူတွဲလုပ် ကြကြောင်း ယခုကားလုပ်ငန်းမှမဟုတ်ဘဲ တခြားလုပ်ငန်းများလည်း တွဲဖက်လုပ်ငန်းများလည်း လုပ်ကိုင်ကြောင်း ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုးနှင့် နှစ်သုံးဆယ်ခန့် တပည့်အဖြစ်လုပ်ကိုင်ခဲ့သော ကိုစိုးမင်းက Popular News Journal သို့ ပြောသည်။ ကိုကျော်နိုင်စိုးဝယ်တဲ့အချိန်က စလစ်ဈေးတွေက ၉၀ကျော်ပဲရှိသေးတာ။ နောက်ပိုင်း စလစ်ဈေးတွေက တစ်ဖြေးဖြေးတက်လာတယ်။ အဲ့တော့ သူဘက်က အရှုံးပြလာတယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင် တယ် ဟု ကိုစိုးမင်းက ပြောသည်။

ဖိုးလပြည့်
( Popular Myanmar News Journal )

သံတွဲပဋိပက္ခ တွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ

 AP-Myanmar-Violence
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ (သံတွဲ) ဥက္ကဌ ဆရာတော် ဦးကောသလက ယနေ့ထိ ဖမ်းဆီးခံရသူ ရခိုင်လူမျိုး ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်းကို ယခုလို နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။
“ နောက်ထပ် တစ်ခါ သံတွဲမြို့ပေါ်က  ၆ ယောက်ကို ထပ်ဖမ်းတယ်။ ဒါကြောင့် သံတွဲမြို့ပေါ်က ဖမ်းခံရသူ  ၁၄ ဦး၊ ဆင်ခေါင်း ကျေးရွာက ၁၀ ဦးနဲ့ သဗြုချိုင်ကျေးရွာက ၁၂ဦး ဆိုရင် စုစုပေါင်း ၃၆ ဦး ရှိသွားပြီးဖြစ်ပါတယ်” ဟု ဆရာတော်က ပြောသည်။
ဖမ်းဆီးခံရသူများတွင် မူဆလင်များမပါဝင်ဘဲ ရခိုင်တိုင်းရင်းသားများသာ ဖြစ်နေသဖြင့် ဒေသခံ ပြည်သူများ အကြားတွင်  မကျေမနပ်မူ တိုးပွားလာနေသည်ဟုလည်း ဦးဇင်းက မိန့်ကြားသည်။
“ အခု ဖမ်းဆီးတာကတော့ အကျိုး စီးပွား ပျက်စီးစေမှု၊ သာသာနာကို စော်ကားမှုဆိုပြီး ပုဒ်မ ၃၆၅၊ ၁၇၄ အဲဒီပုဒ်မ နှစ်ခုနဲ့ဖမ်းတယ်လို့ ပြောတယ်။ ရခိုင်ဖက်က လူပေါင်း ၃၀ ကျော်ဖမ်းဆီးထားပြီးတော့ မူဆလင်တွေဖက်က တစ်ဦးမှ ဖမ်းဆီးတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်တာက အပြန် အလှန် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီလိုဖြစ်တဲ့အထဲမှာ ရခိုင်တွေကိုဘဲ ဖမ်းဆီးတဲ့အတွက် ဒေသခံ တွေက မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ရာတွင် တဖက်စောင်းနှင်း ဖြစ်နေသဖြင့် အခြေအနေကို ထိန်းသိမ်း၍ ရမည် မဟုတ်သလို ပဋိပက္ခကိုသာ ပိုမိုကြီးထွားစေနိုင်သည်ဟု  ဒေသခံများက ပြောဆိုသည်။
ဖမ်းဆီးခံရသူများအရေအတွက်နှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန်အတွက် သံတွဲရဲစခန်းကို ဆက်သွယ် မေးမြန်းရာတွင် ဖမ်းဆီးထားသူများရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း အရေအတွက်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
ယခုဖမ်းဆီးခံထားရသူများထဲတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု (ခေါ်) ဦးစောလိုင်လည်း ပါဝင်နေသဖြင့်  RNDP ပါတီမှ များမကြာမှီ ကြေငြာချက်တစောင်ထုတ်ပြန်သွားမည်ဟု စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
RNDP ဥက္ကဌ ဦးမောင်ပု၊ ကိုသိန်းဝင်း၊ ကိုသိန်းစံ၊ ကိုကျော်ကျော်၊ ကိုငယ်နှင့် ကိုဝင်းကိုလေး တို့အား ကျော်ဇံလှအိမ်ကို မီးရှို့မှုဖြင့် အောက်တိုဘာလ ၃ ရက်နေ့က ရုံးထုတ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် ရုံးချိန်းပေးကာ သံတွဲ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။
ကျန်ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို အတိအကျ မသိဘဲ ရဘဲ ဖြစ်နေသဖြင့် မိသားစုများက အထူးစိုးရိမ်နေကြသည်ဟု ဆိုသည်။
သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်-မူဆလင် ပဋိပက္ခတွင် ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ပျောက်ဆုံးနေသူတစ်ဦး ရှိကြောင်း သိရသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် သံတွဲ ပဋိပက္ခကြောင့်  သံတွဲမြို့ ဒွါရ၀တီရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်တွင် နေအိမ်တလုံးစီ၊ သံတွဲမြို့နယ် ပေါက်တောကျေးရွာမှ နေအိမ် ၂၈ လုံး၊ သဗြုချိုင်ကျေးရွာမှ နေအိမ် ၁၄ လုံး၊ ရွှေလှေကျေးရွာမှ နေအိမ် ၄ လုံးနှင့် မဲကျွန်းကျေးရွာမှ နေအိမ် ၉ လုံး စုစုပေါင်း ၅၉ လုံး ပျက်စီးသွားသည်ဟု ဖေါ်ပြထားသည်။
နိရဉ္စရာ

ဝန်ကြီးဌာနနှစ်ခု သီးသန့်ရန်ပုံငွေမှ ကျပ်သန်းပေါင်း သုံးသောင်းနီးပါး ထုတ်သုံးမည်

နေပြည်တော်၊ အောက်တိုဘာ ၎

အစိုးရ၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် သီးသန့်ရန်ပုံငွေမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့က ကျပ်သန်းပေါင်း ၂၈၅၅၂ ဒသမ ၇၂၅ သန်းကို ထုတ်ယူ သုံးစွဲမည်ဟု နိုင်ငံတော်သမ္မတက သဝဏ်လွှာတစ်စောင် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပါ သဝဏ်လွှာကို ၎င်းက ဖတ်ကြား မှတ်တမ်းတင်ခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုအတွက် ကျပ်သန်းပေါင်း ၂၇၃၈၆ ဒသမ ၀၆၅ နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၁၁၆၆ ဒသမ ၆၆ သန်းကို သီးသန့်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲမည်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက သီးသန့်ရန်ပုံငွေမှ တောင်းခံသည့် ကျပ်သန်းပေါင်း တစ်ထောင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် ကမ်းထိန်းနံရံများ တည်ဆောက်ရာ၌ အသုံးပြုမည် ဖြစ်ကြောင်း ဝန်ကြီးဌာန ရုံးအဖွဲ့မှူးတစ်ဦးက ပြောကြားသည်။
“သီးသန့် ရန်ပုံငွေဖြစ်တော့ ရန်ကုန်တိုင်းက တောင်းလို့မရလို့ ကျွန်တော်တို့ တောင်းပေးတာပါ” ဟု ၎င်းကဆိုသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ယူသုံးစွဲမည့် ဘဏ္ဍာငွေ အတွက်မူ ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ရုံးအဖွဲ့မှူး မအားလပ်သဖြင့် အသေးစိတ် ဖြေဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်ကြားသည်။

သဘာဝ ဘေးအန္တရာယ်များနှင့် မသုံးစွဲလျှင် မဖြစ်သည့် အထူးကိစ္စရပ်များ ပေါ်ပေါက်ပါက သုံးစွဲရန် အစိုးရအတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်း သတ်မှတ်ထားကြောင်း ပြည်ထောင်စု လွှတ်တော်ထံမှ သိရှိရသည်။
The Voice Weekly

ထိုင်းပင်လယ်ကွေ့တွင် INVEST-90W ဖြစ်ပေါ်လျှက်ရှိ

(ပုံ-၁)

ထိုင်းပင်လယ်ကွေ့တွင် လေဖိအားနည်းဆဲလ်(INVEST 90W) ဖြစ်ပေါ်လျှက်ရှိပြီး၊ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမတိုင်မီ ပိုမိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်းနိုင်ငံတောင်ပိုင်းကမ်းခြေအား ဖြတ်သန်း၍ မြန်မာနိုင်ငံ တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်နှင့်ဘုတ်ပြင်းမြို့များဘက်သို့ ရွေ့လျားရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်တွင် တွေ့ရှိရပါသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မြောက်ဘက်မှ လေစီးကြောင်း ပိုမိုအားကောင်းလာသည်ကိုတွေ့ရပြီး ရာသီအကူးအပြောင်းကာလတစ်ခုသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်းတွေ့ရပါသည်။(ပုံ-၁)


(ပုံ-၂)

(ပုံ-၂)တွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ဘွယ်ရှိသော INVEST-90W သည် ထိုင်းနိုင်ငံကမ်းခြေအား ဖြတ်သန်းဝင်ရောက်လာမည့် အခြေအနေကို ပုံဖေါ်ခန့်မှန်းထားပါသည်။
ထိုင်းနိုင်ငံ မိုးလေဝသဌာနမှလည်း အောက်တိုဘာလ ၅ ရက် ထိုင်းစံတော်ချိန် နံနက် ၁၁ဝဝ နာရီတွင် အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာထားပါသည်

အမေရိကန်အစိုးရဘတ်ဂျက် ပြေလည်ဖို့ လက္ခဏာမတွေ့ရသေး

သမ္မတအိမ်ဖြူတော်နားက ဝန်ထမ်းသက်သာဆိုင်မှာ နေ့လည်စာ ဆဲန်းဒွစ်ခ်ျဝယ်စားနေကြတဲ့ အမေရိကန်သမ္မတနဲ့ ဒုသမ္မတ နှစ်ဦး။ (အောက်တိုဘာ ၄၊ ၂၀၁၃)
သမ္မတအိမ်ဖြူတော်နားက ဝန်ထမ်းသက်သာဆိုင်မှာ နေ့လည်စာ ဆဲန်းဒွစ်ခ်ျဝယ်စားနေကြတဲ့ အမေရိကန်သမ္မတနဲ့ ဒုသမ္မတ နှစ်ဦး။ (အောက်တိုဘာ ၄၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုအစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်ဆိုင်းထားရပြီး သောင်မတင်ရေမကျ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေဟာ အဆုံးသတ်မယ့်လက္ခဏာ မတွေ့ရသေးပါဘူး။

သမ္မတအိုဘားမားနဲ့ အတိုက်အခံ Republican တွေကြား အသုံးစရိတ်ပြဿနာ ဘဝင်မကျ ဖြစ်နေကြတာကြောင့် ပြည်ထောင်စု အစိုးရဝန်ထမ်းအင်အား သုံးပုံတပုံခန့်  
လူဦးရေအားဖြင့် ၈ သိန်းကျော်ဟာ အလုပ်ခွင်မလာရဘဲ နားနေကြရပါတယ်။ အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေ အတော်များများလည်း ဆိုင်းငံ့ထားရပါတယ်။

အလုပ်ခွင်မလာကြရတဲ့၊ ရုံးမတက်ရတဲ့ ဝန်ထမ်းတွေကို သက်သာတဲ့ဈေးနဲ့ ရောင်းပေးနေတဲ့ ဝါရှင်တန်ဒီစီက Sandwich စားသောက်ဆိုင်တဆိုင်ကို သမ္မတအိုဘားမားနဲ့ ဒုသမ္မတဂျိုးဘိုင်ဒင်တို့ သွားရောက်ပြီး အလုပ်မတက်ရတဲ့ ဝန်ထမ်းတွေနဲ့အတူ အားပေးခဲ့ကြပါတယ်။  အစိုးရရုံးတွေ အားလုံးပြန်ဖွင့်နိုင်အောင်၊ လုပ်ငန်းတွေလည်ပတ်နိုင်အောင် Republican တွေထိန်းချုပ်တဲ့ အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ John Boehner အနေနဲ့ မပြီးပြတ်နိုင်တဲ့ အသုံးစရိတ်အရေး ချွင်းချက်မပါဘဲ မဲခွဲကြပါရန် သမ္မတအိုဘားမားက အဲဒီစားသောက်ဆိုင်ကနေပဲ တိုက်တွန်းလိုက်ပါတယ်။

ခုချိန်ထိတော့ Republican တွေက သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ပြင်ဆင်မှသာ ဒါမှမဟုတ် အကြုံးဝင်မယ့်ရက်ကို ရွှေ့ဆိုင်းမှသာ အသုံးစရိတ်ဘတ်ဂျက်ကို အတည်ပြုနိုင်မယ်လို့ တင်းခံနေကြတာဖြစ်ပါတယ်။

သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကတော့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အကြုံးဝင် သက်ရောက်မှုရှိနေပါပြီ။ 
ဗွီအိုအေ (မြန်မာဌာန)

သမ္မတ ဦးသိန်းစိန် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့သွားရောက်မည်


သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သွားရောက်မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားပြီး ၎င်း၏ အစိုးရတက်လာပြီး နောက်ပိုင်းတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲအတွက် ဆွေးနွေးရန် ရက်ပိုင်းအလိုတွင် ယခုလို သွားရောက်ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည့် မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမနှင့် ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား မြို့မိမြို့ဖများနှင့်လည်း တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက်ကလည်း ပဋိပက္ခများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း အစိုးရနှင့် တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည်နယ်သို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် ခရီးစဉ် မတိုင်မီ ရက်ပိုင်းကမှ စတင်ဖြစ်ပွား နေသော သံတွဲမြို့နယ်အတွင်း ပဋိပက္ခမှာ ၎င်းရောက်ရှိသည့် ရက်ပိုင်းအတွင်း ပိုမိုဆိုးရွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအချက်မှာ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယရှိကြောင်း သမ္မတက ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသော နိုဝင်ဘာလ အတွင်း ပြုလုပ်ဖွယ်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှာ ပါဝင်ဖွယ်မရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲကို တိုက်ရိုက်သွားရန် လိုလားမှုများ ရှိနေသည်။
''နိုင်ငံရေး ဆွေးနွေးမှုများ အတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်'' ဟု သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၁ ရက် ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
Eleven Media Group

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်နှစ်ဦးနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များကို ကေအိုင်အိုဘက်မှ ဖိတ်ကြားထားသော်လည်း အစိုးရဘက်မှ ဖိတ်ကြားခြင်း မရှိသောကြောင့် US နှင့် UK နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်မည် မဟုတ်ဟု ဦးဆန်းအောင်က ပြောကြားသည်။
အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက်များတွင် ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို ခေါင်းဆောင်များ ပါဝင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလအထူး ကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
''အင်္ဂါနေ့မှာ ဆွေးနွေးပွဲစမယ်။ အရင်လူတွေ အားလုံးပါမယ်။ လူနည်းနည်းထပ်တိုးလာတယ်။ တရုတ်ဘက်က အရင်က တစ်ယောက်လာတယ်။ အခုငါးယောက်လာမယ်။ ယူအန်က နှစ်ယောက်လာမယ်။ ယူကေတို့၊ ယူအက်စ်တို့ကိုတော့ ကေအိုင်အိုက ဖိတ်တယ်။ ဒါပေမယ့် အစိုးရက မဖိတ်တဲ့အတွက် လာလို့မရဘူးလို့ ပြောတယ်။ သံရုံးကလူတွေ ပြောတာက အစိုးရကလည်းဖိတ် ကေအိုင်အိုကလည်းဖိတ် နှစ်ဖက်ဖိတ်မှ လာလို့ရတယ်လို့ ပြောတယ်'' ဟု ဦးဆန်းအောင်က အောက်တိုဘာ ၄ ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။
ယခုနှစ်ဧပြီလ အတွင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမေရိကန် အပါအ၀င် ကုလသမဂ္ဂ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ် တက်ရောက် နိုင်ရေးအတွက် ကေအိုင်အိုဘက်မှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ခြင်း မရှိဘဲ ရွှေ့ဆိုင်းခဲ့ရသည်ဟု ကချင်လူမှု အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
ထို့ပြင် မေလကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင်လည်း အမေရိကန်၊ ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များ မပါဘဲ တရုတ်နှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များသာ ပါဝင်ခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့သည် ဖေဖော်ဝါရီ ၄ ရက်နှင့် မတ် ၁၁ ရက်တို့တွင် တရုတ်အစိုးရ၏ ကူညီပေးမှုဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မတ် ၁၁ ရက် ဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် မူကြမ်းမှ အပိုဒ် ၃ (က)ပါ အချက်ဖြစ်သည့် ''စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ရေးအတွက် ခိုင်မာသည့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက် ထားရှိရန် ညှိနှိုင်းမှုများ၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု အသိအမှတ်ပြုမှုများနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံများမှ တာဝန်ယူ သက်သေခံ ကြားဝင်ကူညီ စောင့်ကြပ်မှုများ ထားရှိရန် လိုအပ်သည်'' ဟူသည့် အချက်အား တရုတ်အစိုးရ၏ ကန့်ကွက်မှုကြောင့် ချန်လှပ်ခဲ့ရကြောင်း ကချင်လူထု အခြေပြု အဖွဲ့အစည်းများက ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထားရှိသည့် တရုတ်အစိုးရ၏ သဘောထားများနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံသာမက ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အာမခံနိုင်သော နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ စသည်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်မှသာ စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်လာနိုင်မည်ဟု ယုံကြည်သည်ဟု သုံးသပ်ပြောကြားသည်။
Eleven Media Group

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်ရန် အစိုးရ အပေါ်တွင်သာ မူတည်နေကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ ပြောကြား

 
လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

 လက်ပံတောင်းတောင် စီမံကိန်းပြန်လည် စတင်နိုင်ရန်မှာ အစိုးရအပေါ်တွင်သာ မူတည်နေကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ သတ္တုတွင်းဌာန မန်နေဂျာ မစ္စတာကျိုးပင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာ ထွက်လာပြီးနောက် မြေယာလျော်ကြေး ပြဿနာများ လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ မရွှေ့ပြောင်းလိုသည့် ဒေသခံများ၏ ဆန္ဒများစသည့် အငြင်းပွားမှု များကြောင့် စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် နှောင့်နှေးနေကြောင်း သိရသည်။ ''စီမံကိန်း ပြန်စတင်နိုင်ဖို့က အစိုးရအပေါ်မှာ မူတည်နေပါတယ်'' ဟု မစ္စတာကျိုးပင်းက ဆိုသည်။ ယင်းအပြင် စီမံကိန်းအတွင်း ပါဝင်နေသည့် လက်ပံတောင်းတောင် ဒေသမှ အသိမ်းဆည်းခံ ကျေးရွာအချို့ အနေနှင့် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အပြီးသတ်ဖယ်ရှားရမည့် ၀က်မှေး၊ ကံတော၊ ဆည်တဲ၊ ဇီးတောစသည့် ကျေးရွာများမှာ ဖယ်ရှားမှုမရှိဘဲ ကန့်ကွက်မှုများ လက်ရှိကာလအထိ ပြုလုပ်နေဆဲဖြစ်သည်။ အဆိုပါ ကျေးရွာများ အနေနှင့် ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အရ သိမ်းဆည်းခံ မြေများအတွက် မြေယာလျော် ကြေးလည်း ရယူမှုမရှိကြောင်း သိရသည်။ စီမံကိန်းအတွင်း အသုံးပြုရန် သိမ်းယူခဲ့သည့် မြေဧက ၆၀၀၀ ကျော်အတွက် မြေယာလျော်ကြေး ရယူမှုမှာ နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၃၀ ရက် အထိ ရာခိုင်နှုန်း ၅၀ ခန့်သာရှိနေပြီး အဆိုပါရက် ကျော်လွန်ပါက မြေယာလျော်ကြေးများ ဆက်လက်ပေးအပ်တော့မည် မဟုတ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။ ''မြေယာလျော်ကြေးတွေ မယူတော့လို့ စက်တင်ဘာ ၃၀ ရက်က စပြီး မပေးတော့ဘူးဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ ကျွန်တော်တို့ ပြောင်းလာရတယ် ဆိုတာကလည်း ဘာမှမသိခင်မှာ ပြောင်းခဲ့ရတာပါ'' ဟု အပြောင်း ရွှေ့ခံကံတောရွာသစ်မှ ဒေသခံတစ်ဦးက ဆိုသည်။ လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းချုပ်ကွပ်ကဲရေး စီမံချက်နှင့် လူမှုရေးရာ ထိန်းသိမ်းရေးစီမံချက် နှစ်ခုလုံးပါဝင်သည့် Construction Environment and Social Management စစ်တမ်းအား ရေးဆွဲပြီးစီး နေပြီဖြစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြရန်စီစဉ်နေကြောင်း လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ဒုတိယ အထွေထွေမန်နေဂျာ Mr. Luo Daqing က ပြောကြားသည်။ မြန်မာဝမ်ပေါင် ကုမ္ပဏီအနေနှင့် ပြန်လည်ပြင်ဆင်ထားသော စာချုပ်အရ လုပ်ငန်းမှ အသားတင်အမြတ် နှစ်ရာခိုင်နှုန်းအား လူမှုပတ်ဝန်းကျင် ရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင် အသုံးပြုသွားမည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်သန်းကို သတ္တုတူးဖော်နေစဉ် ကာလတစ်လျှောက် အချိုးကျရန်ပုံငွေအဖြစ် ထားရှိရမည် ဖြစ်သည်။ ယင်းအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းပြုစုသွားမည့် နည်းပညာကို လုပ်ငန်းစတင် လည်ပတ်ချိန်မှ မိုင်းပိတ်သိမ်းချိန်အထိ ဆောင်ရွက်ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှုအား လစဉ်လုပ်ဆောင်ရန် စီမံမှုများရှိထားကြောင်း Mr. Luo Daqing က ဆိုသည်။ 
Eleven Media Group

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

 
အောက်တိုဘာလ(၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ  

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

 
အောက်တိုဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဌ ရှောက်မီလျံနဲ့ လာတွေ့



အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ၀ ဌာနချုပ် ပန်ဆန်းမှာ ရောက်နေပြီး ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA နဲ့ အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ကျော်တို့ဟာ ပန်ဆန်းမြို့ကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့မှာ ရဟတ်ယဉ်နဲ့ ရောက်ရှိတာဖြစ်ပြီး UWSA ဒု ဥက္ကဌ ရှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့ဝင် ၄၀ ကျော်တို့နဲ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထာဝရ ငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲထဲမှာ အစိုးရအဖွဲ့ဖက်က အချက် ၉ ချက်ပါ ဆွေးနွေးချက်တွေကို တင်ပြ ခဲ့တယ်လို့ UWSA နဲ့ နီးစပ်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ အချက်အခိျု့တွေကတော့ ၀ ပြည်သူပြည်သားတွေကို မှတ်ပုံတင် လုပ်ပေးခွင့်ပြုဖို့ ၊ ၀ နယ်ထဲမှာ သန်းခေါင်းစာရင်း ကောက်ယူရေးကိစ၊ နောက်ပြီးတော့ ၀ ဒေသတွင်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်မက အလုပ်လက်မဲ့ဖြစ်တဲ့သူတွေ နဲ့ အစိုးရ ၀န်ထမ်းတွေကို ပို့ခွင့်ပြုဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

လာရောက် ဆွေးနွေးရတဲ့ အဓိက အကြောင်းကတော့ ဒီလကုန်မှာ အစိုးရက ပြုလုပ်မဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို ၀ အနေနဲ့ ပါဝင် လက်မှတ်ထိုး စေချင်တဲ့ အချက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မနေ့တုန်းက ဆွေးနွေးပွဲကနေ သဘောတူ ဆုံးဖြတ်ထွက်လာတာမရှိပဲ ဒီနေ့ မှာ ထပ်ပြီး ဆက်လက် ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ ၀ တပ်ဖွဲ့တို့အကြားမှာ တပ်စခန်းကိစ၊ ပြည်နယ် တောင်းဆိုရေးကိစနဲ့ ပက်သက်ပြီး မပြေလည်တာတွေ အရင်က ရှိခဲ့ပါတယ်။

အဲဒီကိစတွေနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ နှစ်ဦးနှစ်ဖက် တွေ့ဆုံပြီး အချက် ၅ ချက်ပါ သဘောတူညီမှု လက်မှတ်ရေးထိုး ဖြေရှင်းခဲ့ကြရတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အမျိုးသမီးခေါင်းဆောင်နည်းရတာ စစ်အာဏာရှင်စနစ်ကြောင့်လို့ ဒေါ်စုပြော



မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ နည်းပါးနေခြင်းရဲ့ အဓိကအကြောင်းဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာကြောင့်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီနေ့စတင်ကျင်းပတဲ့ "နိုင်ငံရေးတွင် အမျိုးသမီးများ ဦးဆောင်မှုဆွေးနွေးပွဲ" မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပတိုက်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ ဘာကြောင့်နည်းပါးနေသေးသလဲဆိုရင် နှစ် ၅၀ လောက် စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရလို့ဖြစ်ပါတယ်၊ စစ်အာဏာရှင် အစိုးရလက်ထက်က အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အမြဲတမ်းလို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာကြောင့် မိသားစုအိမ်ထောင်ရေးကိစ္စတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်တာဝန်ယူဆောင်ရွက်နေခဲ့ကြရတာဟာ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်”

၂ ရက်ကြာကျင်းပမယ့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအတွက် နိုင်ငံတကာညီလာခံကို ဥရောပသမဂ္ဂနဲ့ အာရှတိုက်နိုင်ငံပေါင်း ၁၃ နိုင်ငံက အမျိုးသမီးပါလီမန်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

သံတွဲအခြေအနေ တည်ငြိမ်စပြု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် (ယာ) ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်အတွင်း ရွှေလှေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံစဉ်။( အောက်တိုဘာ ၃ ရက်၊ ၂၀၁၃)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် (ယာ) ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်အတွင်း ရွှေလှေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံစဉ်။( အောက်တိုဘာ ၃ ရက်၊ ၂၀၁၃)
ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ သီတင်း တပတ် နီးပါးကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ အခြေအနေဟာ ငြိမ်သက်စ ပြုလာပါတယ်။ သံတွဲမြို့နဲ့ အနီးအနားကျေးရွာတွေမှာ စနေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။

အခြေအနေတွေ အခုအခါ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကတော့ လူ ၅ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ ဒေသခံတွေနဲ့ အာဏာပိုင် တချို့ကတော့ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့တဲ့အကြောင်း ပြောဆိုနေကြတာပါ။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဆူပူမှုတွေ ဖြစ်ပွားရာမှာ လုံခြုံရေးတာဝန်ယူမှုတွေ အားနည်းခဲ့တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

အကြမ်းဖက်မှုတွေဟာဆိုရင် သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်မစမီမှာပဲ စတင်ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့်လည်း သာမန် အချေအတင် စကားများရာကစပြီး တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် အချိန်ကိုက် လုပ်ဆောင်ခဲ့သလားဆိုပြီး သံသယဖြစ်မိတဲ့အကြောင်း သံတွဲမြို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်ကမန်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက မှတ်ချက်ပေးခဲ့ပါတယ်။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံရာက ပြီးခဲ့တဲ့နှစ်ကစလို့ လူရာနဲ့ချီ သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ လူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုအောက်မှာ နေထိုင်ကြရတဲ့ အခြေအနေတွေကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေဘောင် အတွင်းကနေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အာဏာပိုင်တွေကတော့ ပဋိပက္ခတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ အနည်းဆုံး လူပေါင်း ၁ ဒါဇင်လောက်ကို ဖမ်းဆီးထားပေမဲ့ ဘာအတွက် ဖမ်းဆီးထားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ၊ မီးလောင်ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာတော့ သံတွဲမြို့နယ်မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသူတချို့ကိုတော့ ယာယီရွက်ဖျင်တဲတွေနဲ့ နေရာထိုင်ခင်းတချို့ စီစဉ်ပေးထားတဲ့အကြောင်းလည်း ဒေသခံ အာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်ကနေ စလိုက်တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်းက နေရာတချို့ကိုပါ ပျံ့နှံ့ခဲ့ ပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ စိုးရိမ်မကင်းသံတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ အခုနောက်ဆုံး သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အပေါ်မှာလည်း အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ထိန်းသိမ်းဖို့နဲ့ မသင့်မမြတ် ဖြစ်နေရတဲ့ အခြေခံအကြောင်းရင်းတွေကို ရေရှည်အတွက် နည်းလမ်းရှာ ဖြေရှင်းကြဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းခဲ့ကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

အာဖရိကလှေစီးပြေး အလောင်းတွေ အီတလီကမ်းခြေမှာ ထပ်မံတွေ့ရှိ

ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။(အောက်တိုဘာ ၄၊ ၂၀၁၃)
ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။(အောက်တိုဘာ ၄၊ ၂၀၁၃)
အီတလီနိုင်ငံ Lampedusa ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ ကြာသပတေးနေ့က မီးလောင် နစ်မြုပ်သွားတဲ့ လှေပေါ်ပါ အာဖရိက တိုက်သား ရွှေ့ပြောင်း အခြေစိုက်သူတွေထဲက ပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆထားသူ ဒါဇင်ပေါင်းများစွာကို ရှာဖွေနေတာမှာ ရေပြင်က မတည်ငြိမ်ဘဲ အပြောင်းအလဲများနေတာကြောင့် အခက်အခဲတွေ့နေရပါတယ်။

အခုချိန်ထိဆိုရင် သေဆုံးသူ ၁၁၁ ဦးရဲ့အလောင်းတွေကို ရှာတွေ့ထားပြီး ရေအောက် ပေ ၁၃၀ ကျော်မှာ နစ်မြုပ်နေတဲ့ လှေပျက် ထဲကနေ နောက်ထပ် အလောင်းတွေကို ရှာတွေ့ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန့်မှန်းခြေ လူပေါင်း ၅၀၀ ပါလာတဲ့ထဲက ၁၅၅ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ထားပြီးပါပြီ။ အသက်မသေ ကျန်ရစ်သူတွေထဲက တစ်ယောက်က လွဲပြီး အားလုံးဟာ အီရီထရီးယားနိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့လူတွေက တူနီးရှားနိုင်ငံသား တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ကို တရားဝင် သတ်မှတ်ထားပါတယ်။ အီတလီနိုင်ငံ၊ Assisi မြို့မှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က
ဒီကနေ့ သောကြာနေ့ကို “မျက်ရည်များ၏ တစ်နေ့တာ” ဆိုပြီးတော့ သတ်မှတ် ကြေညာပါတယ်။
VOA

မြန်မာကျောင်းသားတွေအတွက် ကွန်ပြူတာ Interface

Interface  လို့ခေါ်တဲ့ သီးခြားစံနစ် ၂ ခု ဆုံတွေ့တာ၊ ဆက်သွယ်တာနဲ့ ပါတ်သက်ပြီး ကွန်ပြူတာနည်းပညာမှာ ပုံစံအမျိုးမျိုးတွေ့နိုင်ပါတယ်။

user interface လို့ခေါ်တဲ့ keyboard တွေ mouse တွေကို လူတွေက သုံးပြီး ကွန်ပြူတာထဲမှာ အလုပ်လုပ်တဲ့စံနစ်  operating system ကို ဆက်သွယ်ခိုင်းစေနိုင်သလို  software interface လို့ခေါ်တဲ့  လူအချင်းချင်း ဆက်သွယ်ရာမှာ သုံးတဲ့ ဘာသာစကားတို့ code တို့ကို ကွန်ပြူတာ hardware နဲ့ ဆက်သွယ်တာနဲ့   hardware interface လို့ခေါ်တဲ့  အချင်းချင်းဆက်သွယ်ရာမှာသုံးတဲ့  hardware device တွေကို  ဝါယာကြိုးတွေ၊ ပလပ်တွေ၊ socketခေါင်း တွေနဲ့ ဆက်သွယ်သုံးတာမျိုးပါ။

Interface တွေကို ကွန်ပြူတာထဲမှာ လိုအပ်တဲ့ software ထည့်သွင်းပြီး  sensor လို့ခေါ်တဲ့ အာရုံခံကရိယာတွေနဲ့ တွဲပြီး  ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ တို့လို သိပံ ဓါတ်ခွဲခန်းတွေမှာ အသုံးချနိုင်တဲ့အပြင်   ဒီ interface တွေ၊ software  တွေနဲ့  sensor တွေဟာ ဈေးလည်း သိပ်မကြီးလှတဲ့အတွက် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ သင့်တယ်လို့  မြန်မာနိုင်ငံက
 စာသင်ခန်းတွေမှာ  ကွန်ပြူတာ Interface သုံးပြီး  ထိထိရောက်ရောက်
သင်ကြားနိုင်အောင် ကျိုးစားနေတဲ့ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။
ဒေါ်ခင်မျိုးသက်(VOA)

နမ္မတူမြစ်အတွင်း လူသေလောင်းများပေါ်




စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့်  ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။

“ကျနော်တို့ မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊ နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။ အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့ စစ်သားတွေဘဲနေမှာ” - ဒေသအတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောပါသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း အစိုးရစစ်တပ် ခမရ  ၅၀၄ က မိုင်းယင်အုပ်စု မိုင်းယင် ဘုန်းကြီး ကျောင်းတိုက်တွင် တိုက်ပွဲကျ တပ်သားများအတွက် ရည်စူးကာ အလှူအတန်းပြုလုပ်ပေးကြကြောင်း၊ မြစ်ချောင်းအတွင်းမျောပါသည့် အလောင်းများနှင့်စပ်ဆိုင်သည်ဟု ထင်ရကြောင်း မိုင်းယင်ကျေးရွာ အုပ်စုမှ ရပ်ရွာအကြီးအကဲတဦးက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က  အစိုးရတပ် အင်အား ၅ ရင်းက နမ္မတူမြစ်တောင် ဘက်ခြမ်းမှ တဘက်ကမ်းသို့ကူးကာ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းအမည်ရ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြစ်မြောက်ဘက်ခြမ်း ဝမ့်ဆာလုံအုပ်စု ဝမ့်လွတ်လုံရွာအနီးအတွင်လည်း SSPP/SSA တပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါသေးသည်။

နမ္မတူမြစ်အတွင်းမျောပါသည့် အလောင်းများမှာ ထိုတိုက်ပွဲများမှ ကျဆုံးသည့် ရဲဘော်ကေဒါများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
သျှမ်းသံတော်ဆင့်

ထားဝယ်တွင် ခဲသတ္တုတူးဖော်မှုကြောင့် ရွာငါးရွာတွင် သောက်သုံးရေနှင့် စိုက်ပျိုးမှု ထိခိုက်နေ

Friday, October 4th, 2013

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအနီးရှိ ရေဖြူချောင်းနှင့် ပျားသားချောင်းအနီးတွင် အရှေ့တိုင်းကုမ္ပဏီမှ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ရွာငါးရွာမှ ဒေသခံများအတွက် သောက်သုံးရေမသန့်ရှင်းမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းခက်ခဲမှုများ ကြုံတွေနေရသည်ဟု ဒေသခံများက ပြောသည်။

“ခဲသတ္တုတူးဖော်တာဖြစ်တဲ့အတွက် ချောင်းရေတွေက နုန်းရေတွေပဲ စီးဆင်းနေတယ်။ ဒီချောင်းကို အမှီပြုပြီး
နေကြတဲ့လူတွေအတွက် သောက်သုံးရေ အခက်အခဲဖြစ်သွားကြတယ်။ နောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင် ကြတာဖြစ်တဲ့အတွက် ဒီရေတွေနဲ့ အပင်တွေကို လောင်းရင် အပင်တွေ သေကြတယ်။ ဒါ့ကြောင့် ဒီစီမံကိန်းကို မလိုလားဘူး” ဟု ဝကုန်းကျေးရွာမှ ဦးဇော်အောင်က ပြောသည်။

ရေဖြူချောင်းနှင့် ပျားသားချောင်းကို အမှီပြု၍ သောက်ရေသုံးရေနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်
နေသော ကျေးရွာများသည် ၀ကုန်းကျေးရွာ၊ သရက်ငှက်ကျေးရွာ၊ ရမ္မဇူကျေးရွာ၊ လိပ်ကျယ်မြောင်ကျေးရွာတို့
ဖြစ်သည်။ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ရေမသန့်ရှင်းမှုများဖြစ်ပေါ်ပြီး ရေချိုးရာတွင်လည်း အရေပြား ယားယံခြင်းများ ဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

ထို့သို့သော အကြောင်းများကြောင့် ခဲသတ္တုလုပ်ငန်းကို ဖျက်သိမ်းပေးရန် ကျေးရွာငါးရွာမှ ဒေသခံများက စုပေါင်းကာ လက်မှတ်ထိုးပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံ ယခုနှစ် မတ်လက စာတင်ကာ တောင်းဆိုခဲ့သော်လည်း အကြောင်း တစ်စုံတစ်ရာ ထူးခြားခြင်းမရှိပေ။

“နွေရာသီရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်မှာဖြစ်တဲ့အတွက် အပင်တွေ သေမှာကို စိုးရိမ်နေတယ်” ဟု ဒေသခံ ဦးစံထွန်းမြင့်က ပြောကြားခဲ့သည်။

ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို အရှေ့တိုင်းကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် မဇ္ဈိမက ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက စီမံကိန်းလုပ်မည့်ဒေသရှိ ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများကို လေ့လာမှုပြုလုပ်ပြီး ထိခိုက်နစ်နာမှုနည်းမှသာ လုပ်ကိုင်သင့်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်သည်ဟု Eco Dev မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက အကြံပြု
ပြောကြားသည်။

ခဲသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်သည့် အရှေ့တိုင်းကုမ္ပဏီကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် တူးဖော်လုပ်ကိုင်ခြင်း
ဖြစ်သည်။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖေါ်ပြသည်

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ

 Drug-conterband
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့တယ်လို့  တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RAB ( Rapid Action Battalion) လို့ ခေါ်တဲ့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ကနေ  ဂါဇီပူရ် မြို့နယ်က  Courier ကုမ္ပဏီ ရုံးခန်းကနေ ဆေးဝါး အတုတွေ အမြောက်အမြား ဖမ်းဆီး ရမိခဲ့တယ်လို့ ပြောပါတယ်။

သူတို့ဟာ နိုင်ငံတကာ ဆေးဝါး မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ ဖြစ်ပြီး နိုင်ငံတကာကို အထောက်အထား မှတ်ပုံတင် အတုတွေနဲ့  ဆေးဝါးတွေကို အဆင်သင့်ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေနဲ့ ရောနှောပြီး ပို့နေသူ တွေ  ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ပြင် ယာဘားဆေးပြားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းရာမှာ ပါဝင်ပတ်သူတွေ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဆေးဝါးအတု တာကာ (၅) ကုဋေဖိုးခန့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဆေးဝါး ရှားပါးမူနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေက ထုတ်တဲ့ ဆေးဝါးတွေကို မှီခိုနေကြရတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ဆေးဝါးတွေကို အတုအပ အထူး သတိထားပီး ၀ယ်ယူကြဖို့လိုအပ်ပါတယ်။
သတင်းနှင့် ဓာတ်ပုံ-နိရဉ္စရာ

Friday, October 4, 2013

အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက သံတွဲမီးရှို့မှု ဆက်ဖြစ်၊ လူအချို့ကို ထပ်မံထိန်းသိမ်း

 
သံတွဲမြို့နယ်မှာ မီးရှို့မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေတဲ့ကြားက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက မီးရှို့မှုတချို့ ထပ်မံဖြစ်ပွားခဲ့သလို လူတချို့ကိုလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

မနေ့က ညနေပိုင်း ၆ နာရီကျော်လောက်မှာ ဗောဓိကုန်းအရပ်ဖြစ်တဲ့ ငါးရပ်ကွက်၊ ခြောက်ရပ်ကွက်က မွတ်စလင်အိမ်တွေကို ခဲနဲ့ပစ်တယ်၊ အစ္စလာမ်တွေအိမ်မှာ ငှားနေတဲ့ ဗုဒ္ဓဘာသာတွေကို ဖယ်ခိုင်းပြီး ညကျရင် ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သိလိမ့်မယ်လို့ ပြောတယ်လို့ဆိုပါတယ်။ ရဲကို သတင်းပို့တဲ့အခါ သေနတ် ဆယ်ချက်ပစ်ဖောက်သတိပေးလို့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ကိုဝင်းနိုင်က “သံတွဲမြို့ရဲ့ခြောက်မိုင်ခန့်အကွာမှာ ကျောက်ဆိပ်ဆိုတဲ့ ရွာလေးရှိတယ်။ အဲဒီ ကျောက်ဆိပ်ရွာမှာ အစ္စလာမ်ဘာသာဝင် မိသားစု သုံးစု ရှိတယ်။ အိမ်သုံးလုံးပေါ့ခင်ဗျ။ အဲဒီအိမ်သုံးလုံး ရှိတဲ့အထဲက နှစ်လုံး မီးလောင်ခံထားရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ညသန်းခေါင်မတိုင်ခင် သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်လောက်အကွာက ကျောက်ဆိပ်ရွာမှာ နေထိုင်တဲ့ မွတ်စလင်အိမ်သုံးလုံးကိုမနေဖို့ ကြိုတင်သတိပေးပြီး ည၁၁ နာရီလောက်မှာတော့ ၂ လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သံတွဲခရိုင်ရဲမှူးကြီးက “မီးလောင်မှုက ချင်းမော်အုပ်စု ကျောက်ဆိပ်မှာခင်ဗျ။ ကျနော်တို့ဆီ သတင်းပို့တာက ၂ လုံးပါခင်ဗျ။ ရွာအစပ်မှာ ရှိတဲ့ ချောင်းကမ်းနားမှာ ခင်ဗျ” လို့ ပြောပါတယ်။

မီးရှို့မှုတွေနဲ့ ဆက်စပ်ဖမ်းဆီးထားသူခြောက်ဦးကို ရုံးတင်ရမန်ယူပြီး သံတွဲထောင်ကို ပို့ဆောင်ခဲ့တာနဲ့ နောက်ထပ်မြို့ပေါ်က နှစ်ဦးကို ဖမ်းဆီးတယ်ဆိုတာကိုလည်း ခရိုင်ရဲမှူးကြီးက အတည်ပြုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းက ကယ်ဆယ်ထောက်ပံ့ရေးအလုပ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်သိသလောက်တော့ ထောက်ပံ့ရေး ကယ်ဆယ်ရေး ပစ္စည်းတွေပေးတယ်။ ပေါက်တောဖက်ဆိုရင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ဆောင်ရွက်လျက်ရှိတယ်ဆိုတာ သိရပါတယ်။”

ဒေသခံတဦးရဲ့အဆိုအရ သန်းခေါင်ကျော်ချိန်မှာ ငပလီကမ်းခြေအနီးက မြင်းသာရွာက အိမ်တလုံးကို မီးတင်ရှို့ခဲ့ပေမယ့် ၀ိုင်းငြိမ်းသတ်လို့ မလောင်ကျွမ်းဘူးလို့ ပြောပြပါတယ်။

ဒီမီးလောင်မှုတွဟာ သံတွဲမီးရှို့မှုအပေါ် သက်ဆိုင်ရာက အရေးယူ ကိုင်တွယ်နေတဲ့ ကြားက ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြို့ဧရိယာတွင်း ကျေးရွာအုပ်စုသုံးစုက ရွာခြောက်ရွာမှာ မီးရှို့မှုကြောင့်   အိမ်ခြေ ၇၀ လောက်နဲ့ ဗလီနှစ်လုံး မီးလောင်ခဲ့သလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ အပါအ၀င် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး မနေ့ညနေပိုင်းကတော့ ရမန်ယူပြီး သံတွဲထောင်ကို ပို့ ဆောင်ထားပါတယ်။

 by ​အေး​နိုင် (ဒီဗွီဘီ)

တန်ပြန်မေးခွန်းမလုပ်သည့် စာမျက်နှာများမှ ပြောကြားနေမှုများ မီဒီယာဌာနများကြား ရပ်တည်ချက် အငြင်းပွားဖွယ်ရာဖြစ်


မန်မာသံတော်ဆင့်ရုံးခန်း တွင်သတင်းစာပညာနှင့် စာနယ်ဇင်းကျင့်ဝတ် လာ ရောက်သင်ကြားခဲ့ကြ သော ၀ါရင့်သတင်းစာ ဆရာကြီးများ အနက် နိုင်ငံ ပိုင်သတင်းစာ စာတည်းမှူး ချုပ် (ငြိမ်း) ဦးရဲမြင့်ဖေ (စံတော်ချိန်အယ်ဒီတာချုပ် ဆရာရဲကျော်ခေါင်)နှင့် ယခင်စာနယ်ဇင်း ကောင် စီဝင် ဆရာဟိန်းလတ် (ပေါ်ပြူလာဂျာနယ်)တို့ သင်တန်းပို့ချခဲ့သော မှတ်တမ်းဓာတ်ပုံ။
ရန်ကုန်၊ စက်တင်ဘာ ၁
မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၂၉) ပါ ဆောင်းပါးရှင် မောင်ရေစက်၏ ““အောက်တန်း ကျတဲ့နိုင်ငံရေးဟု ၀န်ကြီး ဦးစိုးသိမ်းပြောခဲ့သော်လည်း”” ဆောင်းပါးပါ အချက်အလက်အချို့ နားလည်မှု လွဲမှား နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆက်သွယ် ပြောကြားမှု ရှိခဲ့သော်လည်း အဆိုပါ သတင်းအချက် အလက်များနှင့် ပတ်သက်၍ လွဲမှားနေမှုများ အပေါ် လူတွေ့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ရန် ဦးရဲထွဋ် မှတစ်ဆင့် တောင်းဆို စီစဉ်ခဲ့ခြင်းအပေါ် တွေ့ဆုံမှု မပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ငြင်းဆိုခဲ့သည်။
မြန်မာသံတော်ဆင့် သတင်းပါ ဆောင်းပါးတွင် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း စက်မှုဝန်ကြီး တာဝန် ယူစဉ်က ချယ်ရီကားပါမစ် ဦးဦးဖျားဖျား ပေးခဲ့သော သူနှစ်ဦးမှာ အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင် (ယခင်မြို့နယ် ပါတီအတွင်းရေးမှူး၊ ယခု ဒုဝန်ကြီး) နှင့် တာမွေ မဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ (မြို့နယ်ပါတီ အတွင်းရေးမှူး)တို့ ဖြစ်ကြောင်း၊ မြန်မာ မီနီဆလွန်း ကားများကို စက်မှုဝန်ကြီးဌာနမှ စတင်တင်သွင်းစဉ် ပြင်ပပေါက်ဈေးနှင့် ၀န်ကြီးဌာနမှ ကားပါမစ် ထုတ်ဈေး အဆမတန် ကွာခြားလျက်ရှိကာ ကားပါမစ်ရရှိသူများ ပြန်လည် ရောင်းချရာတွင် အမြတ်အစွန်း အများအပြား ရရှိနေသဖြင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်အချို့က ကားပါမစ် လျှောက်ထားရန် လျှောက်လွှာများ ပေးအပ်စဉ်  ဦးစိုးသိမ်းက ပြင်းထန်သော ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ အမျိုးသမီး နှစ်ဦးကိုမူ ကားပါမစ်များ အလွယ်တကူ ခေါ်ယူ ပေးခဲ့ကြောင်း ဖော်ပြေခဲ့ခြင်းအပေါ် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာသံတော်ဆင့် သတင်းဂျာနယ် တာဝန်ရှိသူ တစ်ဦးထံ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ဖုန်းဖြင့် ဆက်သွယ်၍ ယင်း အချက်အလက်သည် နားလည်မှု လွဲမှား နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးများကို ကားပါမစ် ပေးအပ်သည့် အချိန်က နှစ်ဦးတည်းသာ ပေးအပ်ခြင်း မဟုတ်ကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအ၀င် ပုဂ္ဂိုလ် ဆယ်ဦး ပါဝင်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ထိုကိစ္စရပ်နှင့် ပတ်သက်၍ မိမိတွင် အထောက်အထား အခိုင်အလုံရှိသည်ဟု ပြောကြားကြောင်းလည်း ဦးရဲထွဋ်က ပြောသည်။ …
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် သတင်းဂျာနယ် အနေဖြင့် အချက်အလက် နားလည်မှု လွဲမှားမှု ရှိသည်ဟု ပြန်လည် ဖော်ပြ ပေးသင့်ကြောင်း ဦးရဲထွဋ်က ပြောသည်။
မြန်မာသံတော်ဆင့်မှ ထိုကိစ္စရပ်အပေါ် ပြန်လည် အဖြေပေးခြင်း မပြုလုပ်ခဲ့သေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဦးရဲထွဋ်ထံ ပြန်လည် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ကြောင်းသာ အဖြေပေးခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုသို့ နားလည်မှု လွဲမှားနေသည်ဟု ဆိုသော အချက်အလက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းအား တွေ့ဆုံ မေးမြန်း၍ ၎င်း၏ ဖြေကြားချက်များကို ပြည်သူလူထု သိရှိစေရန် ဖော်ပြပေးမည် ဖြစ်ကြောင်း၊ တွေ့ဆုံ မေးမြန်းရာတွင်လည်း မကြာခင်ကပင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ဖြစ်ပေါ်ခဲ့သော ပြည်ပဘဏ်ငွေစာရင်း ကိစ္စရပ်နှင့် ပတ်သက်၍ Daily Eleven သတင်းစာမှ စာဖြင့် ဆက်သွယ် မေးမြန်းမှု ပြုလုပ်ခဲ့ပြီး ဖြစ်၍ မိမိတို့ အနေဖြင့်မူ လူတွေ့ မေးမြန်းမှုသာ ဆောင်ရွက်လိုကြောင်း၊ ယင်းသို့ တွေ့ဆုံမေးမြန်းနိုင်ရန် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံဆက်သွယ် အကြောင်းကြား ပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်အပေါ် ဦးရဲထွဋ်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံ ဆက်သွယ် ပြောကြားပြီးနောက် ပြန်လည် အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ပြောသည်။
ထို့နောက် ယင်းစက်တင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်ပိုင်းတွင်ပင် မြန်မာသံတော်ဆင့် တာဝန်ရှိသူထံ ဦးရဲထွဋ်က ပြန်လည် ဆက်သွယ်ခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းမှ အထက်ပါအတိုင်း တွေ့ဆုံ မေးမြန်းမှု ပြုလုပ်မည်ဆိုလျှင် မပြုလုပ်တော့ကြောင်းနှင့် နားလည်မှု လွဲမှားသည် ဆိုသည့်အချက် အလက် အပေါ် မိမိဘာသာ ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ငြင်းဆို လိုက်သည်ဟု ပြန်လည် ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဆောင်းပါးပါ ဖော်ပြချက်သည် လုံးဝ မမှန်ကန်ဟု ယတိပြတ် ငြင်းဆိုမှု မရှိခြင်း၊ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်းဆိုခြင်း၊ ထို့ပြင် ကာယကံရှင်ဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံတွင် အထောက်အထား အခိုင်အမာရှိကြောင်း ဆိုခြင်းတို့ကြောင့် မြန်မာသံတော်ဆင့် အနေဖြင့် မည်သူမဆို သတင်း ကိစ္စရပ်တစ်ခု၌ ပြန်လည် ဖြေရှင်းခွင့် ရှိကြောင်းနှင့် ယင်းဖြေရှင်းချက်ကို ပြန်လည် ထည့်သွင်း ဖော်ပြပေးရန် တာဝန်ရှိကြောင်းကို ကျင့်ဝတ်ပိုင်းအား အလေးအနက် ထားသော သတင်း မီဒီယာတိုင်း သိရှိ လိုက်နာ ဆောင်ရွက်မှုအတိုင်း အထောက်အထား အခိုင်အလုံ ရှိသည်ဆိုသည့် ပြည်ထောင်စု ၀န်ကြီးထံ ၎င်း၏ ရှင်းလင်း ဖြေကြားချက်ကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြ ပေးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကပင် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို စက်တင်ဘာလ၂၈ ရက်နေ့တွင်ပင် ထွက်ရှိခဲ့သော ယခင် နယက အစိုးရ၏ လက်ကိုင်တုတ်ဟု နိုင်ငံတကာနှင့် မြန်မာ့ ဒီမိုကရက်တစ်များ၊ မြန်မာ့မီဒီယာ အသိုင်းအ၀ိုင်းများက ပြောဆို သတ်မှတ်ချက်များ ရှိခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးတစ်ဦး ဖြစ်ခဲ့သူ ဦးကိုကို (စက်မှုတက္ကသိုလ်) ထုတ်ဝေသော ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက မိမိအပါအ၀င်  သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ကို တိုက်ခိုက်လျှင် ဟတ်လိုင်နာ သွားချင်သူများ၊ ဒီမိုကရေစီ မသွားချင်သူများ ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက် လိုသည့် အုပ်စုများရှိကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ညွှန်းဆိုသည့် ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး သုံးဦးလုံးမှာ ယခင်အစိုးရ လက်ထက်ကလည်း အာဏာပိုင် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည်။
ထို့နောက် ယခုတစ်ပတ်အတွင်း ထွက်ရှိလာသည့် ယခင်စာပေ စာနယ်ဇင်း(ဗဟို) လူကြီးအချို့ ထုတ်ဝေ ဦးစီး ဆောင်ရွက်လျက်ရှိသည့် သတင်း စာစောင်များတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက မိမိတို့အား ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သူများသည် ဒီမိုကရေစီ မလိုလားသူများ ဖြစ်ကြောင်း ပြောကြားချက်များနှင့် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်း၏ ပြည်ပဘဏ် ငွေစာရင်းကိစ္စ၊ မြန်မာသံတော်ဆင့် ဆောင်းပါးပါ အချက်အလက်များ ကိစ္စနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ အိမ်နီးချင်း ထိုင်းနိုင်ငံအား စကိုင်းနက် ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော စကိုင်းနက် တံခွန်စိုက် အငြိမ့်ပြိုင်ပွဲတွင် ယခင် အစိုးရ လက်ထက်က ကျောင်းသုံး အဖြစ်ပါ ပြဋ္ဌာန်းခဲ့သည့် အသုံးအနှုန်း တစ်ရပ်ဖြစ်သော ယိုးဒယားဟု ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းအပေါ် နိုင်ငံ၏ အစိုးရ ၀န်ကြီးတစ်ဦး အနေဖြင့် သမိုင်းကြောင်းအရပင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်သည့် သုံးနှုန်း ပြောဆိုမှုများ မပြု လုပ် သင့်ကြောင်း အသိပညာရှင်များ၏ သုံးသပ်မှုများ နှင့်အတူ မြန်မာသံတော်ဆင့်မှ ထောက်ပြ ဖော်ပြမှုတို့ ပြုလုပ် ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စု ၀န်ကြီးအချို့ နောက်ကွယ်တွင် ရှိနေကြောင်း မြန်မာသံတော်ဆင့် အတွဲ (၂)၊ အမှတ်(၁၈)တွင်ပင် ဖော်ပြခဲ့သော Myanmar Egress အဖွဲ့မှ ထုတ်ဝေသည့် အောက်တိုဘာလ ၂ ရက်နေ့ထုတ် The Voice Daily သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ပြောစကားများနှင့် အလားတူ   သဘော သက်ရောက်သည့် ရေးသား ဖော်ပြမှုများလည်း ရှိလာခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း စက်မှုဝန်ကြီးဘ၀က မြန်မာ မီနီဆလွန်း ကားဝယ်ယူခွင့် ရရှိခဲ့သည့် ယခင်စာပေနှင့် စာနယ်ဇင်း(ဗဟို)မှ ဦးမြတ်ခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းတို့ တွေ့ဆုံမေးမြန်း၍လည်း သတင်း ဖော်ပြခဲ့သည်။
ယခုကဲ့သို့ သတင်းမီဒီယာ ရပ်တည်ချက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ်နေစဉ် နိုင်ငံတော်သမ္မတ ကိုယ်တိုင် အောက်တိုဘာလ ၁ ရက်နေ့၌ ပြည်သူလူထုထံ ပြောကြားသော မိန့်ခွန်း၌ ပါရှိသည့် မီဒီယာများအနေနှင့် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို ရှောင်ရှားကြရန် တိုက်တွန်း ပြောဆိုမှု၊ ယခုသတင်းစာစောင် အချို့တွင် အထင်အရှား ဦးစားပေး ဖော်ပြလာသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သူများသည် ဒီမိုကရေစီ မလိုလားသူများဟု ပြောဆိုမှုများသည် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ ထောက်ပြဝေဖန် ဖော်ပြမှုများကို ကန့်သတ်သည့် သဘောမျိုး သက်ရောက်လျက် ရှိသည်။ သတင်းမီဒီယာများ အနေဖြင့် သာမန်လူ တစ်ဦးတစ်ယောက်၏ နေ့စဉ် လူမှုဘ၀အား ပြည်သူလူထုအပေါ် သက်ဆိုင် ထိခတ်မှု တစ်စုံတစ်ရာ မရှိဘဲ ဖော်ပြခြင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုဟု ပြောကြားပါက မှန်သော်လည်း နိုင်ငံ၏ အရေးကိစ္စ အ၀၀ကို တာဝန်ယူဆောင် ရွက်ရန် ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းထားသည့် အုပ်ချုပ်ရေး အာဏာကို စွဲကိုင်ထားသူများ၊ ပြည်သူလူထု အပေါ် သြဇာသက်ရောက်၍ ၎င်းတို့၏ ပြောကြား ဆောင်ရွက်မှုများသည် ပြည်သူ့ဘ၀နှင့် နိုင်ငံ့ အရေးကို အကျိုးသက်ရောက်မှု ရှိစေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီစသည့် မည်သည်တို့ မဆိုမှာ ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက် ပြောဆိုမှုနှင့် ပုဂ္ဂိုလ်ရေး ကိုယ်ကျင့်သီလ အပါအ၀င် မိသားစု အတွင်းရှိ မိသားစုဝင် တစ်ဦးဦး၏ ဆောင်ရွက် လုပ်ကိုင်မှု၊ စိတ်ဓာတ်၊ အကျင့်စရိုက် စသည် အားလုံး တို့သည်ပင် အများပြည်သူအပေါ် သက်ရောက် ခံစား ရစေကြောင်း၊ နိုင်ငံနှင့်ချီ၍ပင် ကြီးမားသော ကိစ္စရပ်ကြီးများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ယခင်စစ် အစိုးရများ လက်ထက် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များစွာကို သုံးသပ်ခြင်းအားဖြင့် သိရှိနိုင်သည်။ တစ်ကိုယ်ရေ သက်ရောက်မှုသာ ရှိသော သူမျိုး မဟုတ်ဘဲ ထိုသို့အများနှင့် သက်ဆိုင်နေသော သူများအပေါ် ပြောကြားဝေဖန်၊ ထောက်ပြမှုများကို ပုဂ္ဂိုလ်ရေး ဝေဖန် တိုက်ခိုက်မှုများအဖြစ် ရှုမြင်ခြင်းသည် ဒီမိုကရေစီ အကျင့်နှင့် ကျင့်သား မရသေးသူများ၊ လူမှုအ၀န်းအ၀ိုင်း များတွင်သာ ရှုမြင် ကန့်ကွက်မှုများ ပြုလုပ်ကြခြင်း ဖြစ်သည်။ စံပြ ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံဖြစ်သလို မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိသော အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပေါ်ခဲ့သည့် သမ္မတ ဘီလ်ကလင်တန်၏ လူမှုရေး ရှုပ်ထွေးမှု ကိစ္စရပ်များ အပါအ၀င် နိုင်ငံ့တာဝန်ရှိသူများ၏ မရိုးမဖြောင့်မှုများ၊ လူမှု အကျင့်စာရိတ္တ ပျက်ပြားမှုများ အပါအ၀င် ၎င်းတို့ မိသားစုဝင်များ၏ ဆောင်ရွက် လုပ်ကိုင်မှုများကိုပါ ဖော်ထုတ် တင်ပြခြင်းကို ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သည့် သတင်းမီဒီယာ၊ မရိုးဖြောင့်သော သတင်းမီဒီယာဟု ပြောဆို တားမြစ်မှုများကို စစ်မှန်သော ဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိသော မည်သည့်နိုင်ငံကမဆို ပြုလုပ်ခဲ့မှု မရှိကြောင်း သိရှိ နိုင်သည်။
မြန်မာ့ သတင်းမီဒီယာလောက၊ ဒီမိုကရက်တစ် အ၀န်းအ၀ိုင်းနှင့် ကမ္ဘာကပါ လေးစားဂရုပြုသော  ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ယခုခေတ် မြန်မာနိုင်ငံ၏ သတင်းမီဒီယာများမှ သတင်း ဖော်ပြမှုများနှင့် ပတ်သက်၍ ““သတင်းစာဆိုတာ တကယ့် ပညာတတ်ကြီးတွေ လုပ်တယ်။ ပညာတတ်ကြီး တွေက ထိုင်ပြီးတော့ စဉ်းစားပြီးတော့ ဝေဖန်ချက်တွေ၊ သုံးသပ်ချက်တွေ၊ သဘောထားတွေ ရေးတယ် ဆိုတာနဲ့ မလုံလောက်ဘူး။ ဒီခေတ်ဟာ ခေတ်ကြီးကို တူးဆွ ရှာဖွေတဲ့ခေတ်၊ သို့မဟုတ်လည်း အမှန်တရား ဘက်ကို၊ ကိုယ်ယုံကြည်ရာဘက်ကို ရပ်တဲ့ ခေတ်ပေါ့။ စူးစမ်းတယ်၊ ရှာဖွေတယ်၊ အမှန်တရားကို ဖော်ထုတ်တယ်။ နောက်တစ်ခုက ယုံကြည်ရာ ဘက်ကရပ်ပြီး တိုက်တာ။ အဲဒါက ဘာလဲဆိုတော့ ခရူးဆိတ်ပေါ့။ ခရူးဆိတ် စစ်ပွဲမှာ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေနဲ့ တိုက်တာ။ အဲဒီကနေ ခရူးဆိတ်ဆိုတဲ့ စကားပေါ်လာတယ်။ ကိုယ်ယုံကြည်ရာ ဘက်က တိုက်တာ။ အဲဒီမှာ ခရူးဆိနယူး(စ်) ဂျာနယ်လစ်ဇင်ဆိုတာ ပေါ်လာတယ်။ ပထမတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက အမှန်တရား ဘက်က ရပ်ရမယ်။ သတင်းစာဆိုတာ မှန်ရမယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်၊ သတင်းစာဆိုတာ တိုင်းပြည်ကို ပြုပြင်တာ စသည်ဖြင့်ပေါ့။ ဒီလိုလေး ယုံပြီး လာရာကနေ စစ်ပြီးခေတ် ၁၉၅၀ ကျော် ရောက်လာတဲ့အခါ စူးစမ်းရှာဖွေ သတင်းစာပညာဆိုတာ ပေါ်လာ တယ်။ အမှန်တရားကို ဒါအမှန်တရားပဲဆိုပြီး ကိုယ့်ဘာသာ ဆုံးဖြတ်တာနဲ့ ကျောင်းက သင်ပေးလိုက်တာနဲ့ မတူတော့ဘူး။ ရှာဖွေ တူးဆွပြီးတော့ အမှန်တရားကို ဖော်တယ်။ ရာဇ၀တ်မှု ကျူးလွန်တာကို ဆိုရှယ်လော်ဂျီ စာအုပ်တွေထဲမှာ ဘယ်လိုရေးတယ် ဆိုတာနဲ့ မတွက်တော့ဘူး။ စူးစမ်းရှာဖွေရမယ်။ သူတို့တွေ ဘယ်လို လူတွေလဲ၊ ဒီလူတွေ ငွေဘယ်ကရသလဲ။ ဘယ်သူ့ကို ငွေပေးတာလဲ။ သူတို့ရဲ့ သြဇာ ဘယ်လောက်ကြီးတယ် ဆိုတာ ရှာဖွေစူးစမ်း ဖော်ထုတ် ရတယ်။ အဲဒီကနေ မှတစ်ဆင့် ၁၉၇၀၊ ၈၀ပေါ့။ သူများနိုင်ငံတွေမှာ ပြောတာ။ ကျွန်တော် တို့ကတော့ အမြဲတမ်း နောက်ကျတာပေါ့။ ၁၉၇၀ ခုနှစ် အကျော်လောက်က စပြီးတော့ ခရူးဆိတ်တင်း ဂျာနယ်လစ်ဇင် ဆိုတာ ပေါ်လာတယ်။ အမှန်တရားကို ယုံကြည်တဲ့အတိုင်း ရပ်ပြီး တိုက်တာပေါ့။ ဒီတော့ကျွန်တော်တို့က အမှန်တရားဘက်က ရပ်တယ် ဆိုတာနဲ့တော့ မလုံလောက်ဘူး။ အမှားတရားတွေကို တူးဆွပြီး ဖော်ထုတ်ပြီး ကျွန်တော်တို့က ဘာလို့ မတိုက်ဝံ့ ရမှာလဲ။ အမှန်တရားဘက်က ရပ်သလို အမှားတရားတွေကို တူးဖော်ပြီးတော့ တိုက်ရမယ်။ဒါသာလျှင် ခရူးဆိတ်တင်းဂျာနယ် လစ်ဇင်ဆိုတဲ့ ကမ္ဘာမှာ ကျင့်သုံးနေတဲ့ နည်းအတိုင်း ဖြစ်မယ်။ ဒီနေ့ ဂျာနယ်လစ်ဇင်ကို ကြည့်တဲ့ အခါကျတော့ အခုသတင်း ဂျာနယ်တွေ ပေါ်လာတယ်။ ဒီသတင်းဂျာနယ်တွေဟာ အခုထိ ခရူးဆိတ်နယူး(စ်)ကို မရောက်သေးဘူး။ အမှန်တရားကို ရှာဖွေတူးဆွတဲ့ ဟာလောက်ပဲ ရောက်ဖို့ကို ကြိုးစားနေဆဲ ရှိသေးတယ်။ အစိုးရကနေ ဟိုဒီ ဥပဒေတွေထုတ်၊ ဟိုဟာ ဒီဟာ လုပ်တဲ့အခါ တော်ကြာ ဆုတ်သွားလိုက်၊ တော်ကြာ တိုးလာလိုက်နဲ့ စာနယ်ဇင်း လောကမှာ ကိုယ်တိုင်က အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ခရိုနီတွေက လုပ်နေတဲ့ ဂျာနယ်မဂ္ဂဇင်း တွေကလည်း အများကြီး ပေါ်လာတဲ့အခါ ကျတော့ ဒီအမှန်တရားကို တူးဆွမယ်ဆိုတဲ့ အဆင့်တောင် မရောက်သေးဘူး။ ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့် တိုင်းပြည်မှာ အာဏာရှင် အသိုင်းအ၀ိုင်းက မျိုးဆက်လိုက် မျိုးဆက်လိုက် နှစ်ပေါင်းများစွာ မတော်တရားလုပ်ပြီး လွှမ်းမိုးတုန်းပဲ။ ကျွန်တော်က ပြောတယ်။ ဦးသိန်းစိန် အစိုးရကို ဒီမိုကရေစီ အစိုးရထင်နေတာ။ ဦးသိန်းစိန် အစိုးရဆိုတာ စစ်အစိုးရပဲ။ စစ်တစ်ပိုင်း အစိုးရပဲ။ ဒီတော့ ဒီလို လူမျိုးတွေကိုတောင် တကယ့်ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ၊ သူရဲကောင်းကြီးတွေလို့ ပြောဆိုနေကြတဲ့ ခေတ်။ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အာဏာရှင်တွေ လက်ထဲမှာ နစ်မွန်းနေတုန်းပဲ။ ကျွန်တော်ကတော့ အဲဒါကို မတိုက်လို့ မရဘူးလို့ ခံယူတယ်။ ကျွန်တော်က အဲသလို ဦးသိန်းစိန် အစိုးရဟာ စစ်အစိုးရ တစ်ပိုင်းပဲလို့ ပြောတဲ့အခါ တချို့လူတွေက ခင်ဗျားအာဃာတ ကြီးတယ်လို့ ထင်ကြတယ် မဟုတ်ဘူး။ တကယ့်ကို ပြောသင့်လို့ ပြောတာပဲ။ တိုက်သင့်လို့ တိုက်တာပဲ။ လက်ပံတောင်းတောင် ကိစ္စကိုကြည့်။ အဲဒီတော့ ဒါတွေကို လူထုက မကြိုက်ဘူး။ ဒါတွေကို မီဒီယာက ရေးရမယ်။ ဖော်ပြရမယ်။ မီဒီယာကတွေ့တဲ့ သူတွေကိုလည်း ကျွန်တော် ပြောတယ်။ မီဒီယာမှာ အမှန်တရားဘက်က ရပ်တယ် ဆိုတာတင် ကျွန်တော် လက်မခံဘူး။ အမှန်တရား ဘက်က ရပ်တယ်ဆို အမှားတရားကျတော့ ကြည့်နေကြမှာလား။ အမှားတရားတွေ ဘာတွေ ဖြစ်နေလဲ အဲဒါတွေကို ရေးရမယ်၊ တိုက်ရမယ်၊ တူးဆွရမယ်””ဟု ယခုကဲ့သို့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ မပေါ်ပေါက်မီကပင် ပြောကြားထားမှု ရှိသည်။
ထို့ပြင် လက်ရှိ သတင်းမီဒီယာများနှင့် ပတ်သက်၍ အာဏာရှင် ခေတ်အဆက်ဆက် သတင်းစာဆရာ၊ ဒီမိုကရေစီ အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးအဖြစ် ကျင်လည်ခဲ့ရသော အတွေ့အကြုံပေါ် မူတည်၍ လက်ရှိ အစိုးရ အနေဖြင့် သတင်းမီဒီယာ လောကတွင် ၎င်းတို့ စိတ်ကြိုက်သူများနှင့် နွားနို့အတွင်း ရေရော ပစ်သည့် ပုံစံမျိုးဆောင်ရွက်နေပြီး ထိုသူများသည်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ခိုင်းဖက်အဖြစ် မီဒီယာ အလုပ်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သုံးသပ် ပြောကြားမှုလည်း ရှိသည်။
““အခု လုပ်နေတာတွေက အစိုးရက သတင်းလောကထဲ ရေရော ပစ်လိုက်တာပဲ။ ဒါက အာဏာရှင်ရဲ့ နည်းပဲ။ ဒီမှာ တကယ့် မီဒီယာသမား၊ သတင်းစာသမား ဇွဲနဲ့မာန်နဲ့ အလုပ်လုပ်တဲ့ သူတွေကို ပေးမယ်ဆို ဒီလူတွေက ဆူးလိုပဲ။ နောက်သိပ်ထက် လာရင် ဆူးမှာပဲ။ ဒီတော့ ရေရော ပစ်တာပေါ့။ သူတို့ ရေရောတဲ့ အထဲမှာ သူတို့ စိတ်ကြိုက်လူတွေ ပါမယ်။ မီဒီယာရဲ့ မှန်မှန်ကန်ကန် ရေးနေတဲ့ သူတွေကို ဆန့်ကျင်ဖို့ သူတွေလည်းပါမယ်။ သူတို့ ကိုယ်တိုင်က မီဒီယာကို စိတ်ဝင်စားတာ မဟုတ်ဘူး။ သူတို့ ကိုယ်ကျိုးစီးပွား အတွက်ဆိုတဲ့ လူတွေလည်း ပါလာမယ်။ အစိုးရရဲ့ ခိုင်းဖတ်တွေ၊ အစိုးရ ရဲ့ အလိုတော်ကျတွေ ပါမယ်။ နောက် သတင်းစာ သက်သက် လုပ်ချင်တဲ့ သူတွေလည်း ပါလာမယ်ပေါ့။ အဲဒီလို ရေရောခြင်းအားဖြင့် တိုင်းပြည်မှာ ပေါ်ထွက်လာမယ့် ရလဒ်က ဒီလူတွေ ဖန်တီး တည်ဆောက်လိုက်တဲ့ မီဒီယာဟာ မီဒီယာလောက တစ်ခုလုံးဟာ သူဌေးရဲ့ ခိုင်းဘက်တွေ၊ အာဏာရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ခိုင်းတဲ့သူတွေချည်းပဲ ဖြစ်အောင် လုပ်တာပဲ။ အရင် ကလည်း ဒီလိုလူတွေ မီဒီယာလောကမှာ ရှိနေတာပဲ။ ပေါ်ပေါ်ထင်ထင် လုပ်လို့မရလို့သာ လူထုရဲ့အသံနဲ့ တစ်ပြေးညီချင် ယောင်ဆောင်ပြီး တစ်ဘက်လှည့်နဲ့ လုပ်နေကြတာ။ ဒါကြောင့် ဒီဒိုင်လူးရှင်းဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်။ သမိုင်းမှာလည်း ဒါမျိုးတွေ ရှိတာပဲ။ ဒါပေမဲ့ သိသာလာမှာပဲ”” ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်တင်က ပြောသည်။ မြန်မာသံတော်ဆင့် အနေဖြင့်မူ မီဒီယာတာဝန် ကျေပွန်စွာ အမှန်ကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ကျင့်ဝတ်ပိုင်းတွင်လည်း ရှေးယခင်ကပင် တည်ရှိနေသည့် ပုံနှိပ် မဖော်ပြရသေးမီ နောက်ဆုံး အချိန်အထိ အချက်အလက် မှန်ကန်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိသည့် အနေအထားအထိ အစွမ်းကုန် စစ်ဆေးရမည် ဆိုသည်ကို လိုက်နာ ကျင့်သုံးမှု ရှိခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးဆိုသော ရာထူးအဆင့်ကို ဆက်သွယ် မေးမြန်းထားချက်မှာ သက်သေ ခံလျက်ရှိသည်။ ယနေ့အချိန်အထိ ယခင်အစိုးရ၏ အာဏာရှင် သဘောတရားများ မကုန်ဆုံးသေးသဖြင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဆိုသော အစိုးရထိပ်ပိုင်း အရာရှိကြီးတစ်ဦးကို ၎င်းနှင့်ကျွမ်းဝင် သင့်မြတ်မှု မရှိသည့် မည်သည့် မီဒီယာမှ တွေ့ဆုံဆက်သွယ်၍ အတည်ပြုချက် မရနိုင်သော သဘောတရားများကို ကိုယ်တွေ့ကြုံဆုံ ရင်ဆိုင်ကြရသော သတင်းမီဒီယာသမားတိုင်း သိရှိနိုင်သည်ဖြစ်ရာ အစွမ်းကုန် ဆောင် ရွက်နိုင်စွမ်း ရှိသလောက် သမ္မတရုံး ညွှန်ကြားရေးမှူး ဆိုသောအဆင့်အထိ မေးမြန်းခဲ့သော်လည်း ထိုသို့ အရာရှိကြီး တစ်ဦးကပင် မည်သည့်မှတ်ချက်မှ မပေးဘဲရှောင်လွှဲ ခဲ့သည်မှာ အစိုးရယန္တရား၏ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှု အမှန်တကယ် မရှိသေးကြောင်း သိစေနိုင်သော အချက်ဖြစ်ကြောင်းလည်း ဂရုပြုနိုင်ကြသလို ပြည်သူလူထုအနေဖြင့် သတင်းအမှန်တို့ကို ပြည့်စုံစွာ သိရှိနိုင်ခွင့် မရှိသေးသည့် ကုသိုလ် ကံသာ ဖြစ်ပေတော့သည်။
အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်
Via ဒေါင်းမာန်ဟုန်