Pages

Saturday, October 12, 2013

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရန် ဒုတိယအဆင့်ရောက်ပြီဟုဆို


 Saturday, October 12, 2013
အနိမ့်ဆုံးလုပ်ခလစာ နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် လုပ်ခနှုန်းထားသတ်မှတ်နိုင်ရန်အတွက် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။

ယခုနှစ်ဇူလိုင် ၁၂ ရက်တွင် အနိမ့်ဆုံးလုပ်ခလစာနည်းဥပဒေ ထွက်ရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းဥပဒေနှင့် ပတ်သက်၍ လုပ်ခလစာနှုန်းထား မှန်ကန်စွာ အမြန်ဆုံးသတ်မှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့် ငါးဆင့် ခွဲခြားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါလုပ်ငန်းစဉ်များအနက် ပထမအဆင့်အနေဖြင့် ဥပဒေပါအတိုင်း အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားကော်မတီဖွဲ့စည်းပြီး   ယခုအခါ  ကော်မတီမှ လုပ်ငန်းအမျိုးအစားအလိုက် လက်ရှိ လုပ်ခလစာများကို မေးခွန်းလွှာများဖြင့် စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်မည်ဖြစ်သည်။

““အခုအဆင့် ၂ မှာ စစ်တမ်းကောက်မယ့်ကိစ္စပြီးရင် အဆင့် ၄ ရောက်လို့ ဘယ်လောက်သတ်မှတ်လိုက်ပြီလို့ ကြေညာလိုက်ရင် ကန်ကွက်မယ့်ကိစ္စတွေဖြစ်မလာဘဲ အားလုံးက အိုကေဆိုရင်တော့ နောက်ဆုံးအဆင့် ၅ မှာ အဆင်မပြေစရာမရှိဘူး။ အားလုံးထုတ်ပြန်လိုက်ရုံပဲ။ ထွက်ဖို့ပဲကျန်တော့မှာ ဘယ်တော့ထွက်လာမလဲတော့ မပြောနိုင်သေးဘူး””ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ထို့နောက် အခကြေးငွေ သတ်မှတ်နိုင်ရေးနှင့် ပတ်သက်၍ ယခုလ ၁၀ ရက်တွင် အစိုးရမှ အလုပ်သမားအဖွဲ့အစည်း ၄၀၀ ကျော်အား  တွေ့ဆုံဆွေးနွေးခဲ့ရာ အချက်ခြောက်ချက် အဓိကထား ဆွေးနွေးသည့်အနက် နှစ်ချက်ကို သဘောတူ ဆွေးနွေးနိုင်ခဲ့ပြီး ယခုလ ၁၁ရက်တွင် အလုပ်ရှင်တို့နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသဘောတူညီမှုရရှိခဲ့သော အချက်တို့မှာ လုပ်ခနှုန်းထားသတ်မှတ်ရာတွင် အလုပ်သမားများ၏ လူမှုဘ၀ဖူလုံသည့် နှုန်းထား ဖြစ်ရမည်ဖြစ်ပြီး ကုန်ဈေးနှုန်း  ထိန်းချုပ်နိုင်ရန်လိုအပ်ကြောင်း တို့ပါဝင်သည်။

ထို့အပြင် အငြင်းပွားမှုဖြစ်ပွားလျက်ရှိသော ကျန်အချက် လေးချက်တွင် နှုန်းထားသတ်မှတ်ချက်အား နာရီ၊ ရက်၊ လအပေါ်မူတည်၍ သတ်မှတ်ရန်နှင့် သတ်မှတ်မည့် လစာနှုန်းထားကို    တစ်ပြေးညီသတ်မှတ်ပြီးမှသာ   တိုင်း၊ ပြည်နယ် ခွဲခြားသတ်မှတ်ပြီး  ကျွမ်းကျင်မှုအပေါ်မူတည်၍ ထပ်မံတိုးမြှင့်ပေးရန်အပြင် အနည်းဆုံအခကြေးငွေ စတင်သတ်မှတ်မည့် လုပ်ငန်းအလိုက် ရွေးချယ်မှုအပေါ် အငြင်းပွားလျက်ရှိကြောင်း  သတင်းရရှိ သည်။

အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ချက်နှုန်းထား ထွက်လာပါက အဆိုပါလုပ်ခလစာ နှုန်းထားတို့ကို     တစ်နှစ်တစ်ကြိမ် စစ်တမ်းကောက်ခံမှု  ပြုလုပ်သွားမည်ဖြစ်ပြီး အနည်းဆုံးလုပ်ခလစာနှုန်းထား သတ်မှတ်နိုင်ခဲ သည့် နိုင်ငံများအပေါ် လေ့လာသုံးသပ်ချက်အရ အလုပ်ရှင်များအနေဖြင့်လည်း ကုန်ထုတ်စွမ်းအားမြင့်တက်လာပါက လုပ်သား အင်အားလျော့နည်းစွာ အသုံးပြုမှုများ   မရှိစေရန်အတွက်လည်း လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်က ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။

7Day Daily

စတည်းချောင်းရေလျှံ၍ နေအိမ်နှစ်ရာကျော်နှင့် မုံရွာ-အလုံလမ်းဘေး ငါးကန်များ ရေလွှမ်း


မုံရွာမြို့နယ် ကျွဲရဲကျေးရွာအနီးချောင်းရေလျှံနေစဉ် ဓာတ်ပုံ - မျိုးမင်းဦး - 7Day Daily
 Saturday, October 12, 2013

မုံရွာမြို့နယ် ကျွဲရဲရွာအနီး စီးဆင်းသော စတည်းချောင်းရေလျှံမှုကြောင့် နေအိမ်နှစ်ရာကျော်အတွင်း ချောင်းရေများ ၀င်ရောက်ခဲ့ပြီး မုံရွာ-အလုံကားလမ်းအနီးရှိ ငါးမွေးကန်များလည်း ရေလျှံခဲ့ကြောင်း စတည်းချောင်းအနီး နေထိုင်သော ဒေသခံများက ပြောသည်။

““စတည်းချောင်းရေက အောက်တိုဘာ ၇ ရက် ညကစပြီး တက်လာတာ ၉ ရက်မှာ  ငါးကန်တွေရေလျှံတယ်။ အောက်တိုဘာ ၁၀ ရက် ညပိုင်းက မုံရွာ-အလုံကားလမ်းပေါ်ထိ ရေလျှံသွားပြီး ငါးကန်တွေလည်း ရေလျှံကုန်တယ်”” ဟု မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ငါးကန်များ ရေလျှံသဖြင့် ငါးပိုက်ဆွဲသူများ၊ ငါးဖမ်းသူများ များပြားလာပြီး မုံရွာ-အလုံ ကားလမ်းဘေးတွင် ငါးကြင်း၊ တီလား ဗီးယား၊ ငါးတန်စသော ငါးမျိုးစုံ ရောင်းချသူများစွာ ပေါ်ပေါက်လာကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

စတည်းချောင်း ရေလျှံမှုကို မုံရွာမြို့နယ် ကျွဲရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ““ကျွဲရဲတောင်ရွာ က ၅၁ အိမ်၊ ကျွဲရဲမြောက်ရွာက အိမ် ခြေ ၆၁ လုံး ချောင်းရေတွေဝင်နေပါတယ်။ ချောင်းရေစ၀င်တာက အောက်တိုဘာလ ၇ ရက် ညပိုင်းကစ၀င်ခဲ့တာ။ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ချောင်းရေအများဆုံး ဖြစ်ပါတယ်။ အနိမ့်ဆုံးနေရာတွေမှာ အိမ်ကြမ်းပြင်ရေထိတာဆိုတော့ ရေအမြင့် ၈ ပေနီးပါး ရေမြုပ်တဲ့အိမ်တွေ ရှိပါတယ်”” ဟု ပြောကြားသည်။

စတည်းချောင်းရေသည် ဘုတလင်မြို့နယ်အတွင်း မြစ်ဖျားခံစီးဆင်းပြီး ပြီးခဲ့သည့်နှစ်က ချောင်းရေ၀င်ရောက်မှု လျော့နည်းခဲ့ပြီး ယခုနှစ်တွင် ချောင်းရေ၀င်ရောက်မှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စတည်းချောင်းရိုးတစ်လျှောက် ကျွဲရဲတောင်ရွာ၊ ကျွဲရဲ မြောက်ရွာ၊ ရှင်ငါးဆယ်ကျေးရွာ၊ ကောလပြကျေးရွာ စသည့် ကျေးရွာများရှိ ချောင်းအနီး အနိမ့်ပိုင်း ဒေသများတွင် ချောင်းရေများ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ချောင်းရေ၀င်ရောက်ခြင်းကြောင့်  နှမ်း၊ အမြိတ်ထောင်ကြက်သွန်နီ နှင့် ပဲစင်းငုံစိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

7Day Daily

တောင်ငူ ဗုံးပေါက်ကွဲမှု အကြောင်းရင်း မသိရသေး


တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း (ကိုကျော်စွာ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

တောင်ငူမြို့မှာ သောကြာနေ့ညဘက်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူကို ဆေးရုံမှာ ဆက် ကုသပေးနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့က ချမ်းမြေ့တည်းခိုခန်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့ကြောင်း  မြန်မာအစိုးရထုတ်သတင်းစာမှာ ပါရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုနေမျိုးကျော်နဲ့ အသက် ၂၄ နှစ်အရွယ် မယုခိုင်တို့ သေဆုံးသွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားတာပါ။ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရှိနိုင်ဖို့ တောင်ငူမြို့ မြို့မရဲစခန်း တာဝန်ကျတဲ့ ရဲအရာရှိကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ တောင်ငူမြို့ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး လူဘယ်နှစ်ဦးများ သေသွားလဲရှင့်။

“နှစ်ဦးပါ။”

မေး။  ။ နောက်ဆုံးကောင်မလေးအခြေအနေကရော ဘယ်လိုရှိလဲ။ စိုးရိမ်ရတဲ့အခြေအနေရှိလားရှင့်။

“မရှိပါဘူး၊ ကောင်းပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ သူက အခု လက်ရှိ ဘယ်နေရာမှာလဲရှင့်။

“ဆေးရုံပေါ်မှာပါ။”

မေး။ ။ သူဖြစ်သွားတာက ဘယ်လို ဖြစ်သွားလဲရှင့်။

“အဲဒါတော့ မသိဘူးဗျ။ ကျနော်လည်း ခရီးသွားနေတာ၊ အခုမှ ပြန်ရောက်လို့၊”

မေး။ ။ သေသွားတဲ့အမျိုးသားက မီးရထားရဲ-ဆိုတာ ဟုတ်လားရှင့်။

“ဟုတ်ပါတယ်။”

မေး။ ။ သူက လက်ရှိတာဝန်ယူနေတဲ့သူပဲလားရှင့်။

“အဲဒါတော့ သိဘူးဗျ။ သိဘူးဆိုတာက ကျနော်က အခုနေ့လည်မှပြန်ရောက်တာ၊ ကျနော်က ညောင်လေးပင်ကို သွားတာ။ ညောင်လေးပင်ကလေ သူတို့က။ မီးရထားက ရဲဆိုတာတော့ ဟုတ်တယ်။ လက်ရှိတာဝန်ထမ်းဆောင်လား၊
မဆောင်လားဆိုတာတော့ မသိဘူး။”

မေး။ ။ အဲဒီ မီးရထားရဲအိမ်ကိုရော ရောက်ခဲ့လား။

“မရောက်ဘူးလေ။ ကျနော်က အဲဒီ ကောင်မလေး အမျိုးတွေအိမ်ပဲ သွားတာ”

ဘာကြောင့် ဖြစ်ရသလဲဆိုတာ ရဲမြို့နယ်မှူးကို ဆက်လက်မေးမြန်းတဲ့အခါမှာတော့ ရဲမြို့နယ်မှူးက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ မီးရထားရဲတစ်ဦးနဲ့ နှစ်ဦး သေဆုံးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိခဲ့တဲ့ တောင်ငူမြို့ခံတစ်ဦးကတော့ လက်ရှိမှာလည်း အဲဒီနေရာမှာ လုံခြုံရေးတွေ ချထားပြီး အဝင်အထွက်တွေကို ပိတ်ဆို့ထားကြောင်း၊ ညကဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကိုလည်း ပြန်ပြောပြခဲ့ပါတယ်။

“သူတို့ပြောတာကတော့ ပိုက်ဆံအိတ်ကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာ ကွဲတယ်လို့ ပြောတာပဲ။ ကောင်မလေးတွေကတော့ ညောင်လေးပင်ကပဲ။ အဲဒီထဲမှာ ရဲပါ ပတ်သက်နေတယ်။ တစ်ယောက်က ရဲဖြစ်နေတယ်။ ပထမတော့ ကျနော်တို့ကို ရဲလို့ မပြောဘူး။ အခု စုံစမ်းကြည့်တော့ ရဲဖြစ်နေတယ်။ မီးရထားရဲလို့ ပြောတယ်။ နီးတာက အမှတ် (၁) ရဲစခန်းနဲ့လည်း နီးတယ်။ ဓာတ်ပုံတွေ ဘာတွေ ကျနော်တို့ ရိုက်ယူလိုက်တယ်။ အထဲတော့ ဝင်ခွင့်မပေးဘူး။ ယောက်ကျားလေးကတော့ ညကတည်းက ဗိုက်ပွင့်သွားတယ်။ ကောင်မလေး ၂ ယောက်ကတော့ အခန်း နံပါတ် (၆) မှာ တည်းတယ်။ အဲဒီကောင်လေးကတော့ အဲဒီအခန်းက မဟုတ်ဘူး။ ဧည့်စာရင်းမှာရှိတာတော့ ကောင်မလေးနှစ်ယောက်ပဲ။”

မေး။ ။ အဲဒီနေရာမှာ လုံခြုံရေးတွေ ဘာတွေ ရှိသေးလား။ စစ်ဆေးတာတွေ ရှိသေးလား။

“အခုတော့ အထဲတော့ ဝင်ခွင့်မပေးဘူး။ စစ်ကားနှစ်စီးတော့ ရပ်ထားတယ် ရှေ့မှာ။ စစ်သား အယောက် သုံး-လေးဆယ်တော့ ရှိမယ်၊ ရဲလည်း သုံး-လေးဆယ်လောက်ရှိမယ်။ အပြင်တောင်မှ အဲဒီနားကို ပိတ်ထားတယ်။”
အခင်းဖြစ်ပွားပြီးတဲ့နောက် ဆေးရုံတက်ပြီး ကုသနေရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ရဲစခန်းကရော မြန်မာသတင်းစာမှာ ဖော်ပြထားပေမဲ့ အတည်ပြုချက် ရယူဖို့အတွက် ဆေးရုံကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မအေးအေးမာ(VOA)

ကလေးတွေအတွက် ငြိမ်းချမ်းရေးသင်ရိုး ရေးဆွဲဖို့ ပြင်ဆင်နေပြီ

 ကမ္ဘာကျော်ဟာသသိုင်းမင်းသား ဂျက်ကီချန်း UNICEF အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လကက မြန်မာပြည်အတွင်း ရောက်ရှိစဉ်။
 ကမ္ဘာကျော်ဟာသသိုင်းမင်းသား ဂျက်ကီချန်း UNICEF အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လကက မြန်မာပြည်အတွင်း ရောက်ရှိစဉ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေးကိုအခြေပြုတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပြဌာန်းထုတ်ဝေသွားဖို့ ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ ပြင်ဆင်နေကြပါပြီ။ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိက္ခတွေ နောင်မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ ကလေး သူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ပညာရေး ၀န်ကြီးဌာနတို့က ကမကထပြု ကျင်းပပြီးတော့ ကိုးကွယ်တဲ့ဘာသာပေါင်းစုံနဲ့ နယ်ပယ် ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲ တစ်ခုအတွင်း ဒီ သင်ရိုးညွှန်းတမ်းတွေ ပြဌာန်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မူကြိုပညာရေးကနေစပြီး အသက် ၈ နှစ်အောက် ကလေးငယ် သင်ကြားတဲ့ မူလတန်းပညာရေးမှာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ သင်ခန်းစာမျိုးတွေ ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ထုတ်ဝေဖို့အတွက် UNICEF နဲ့ မြန်မာပညာရေး ၀န်ကြီးဌာနတို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။ အဓိကကတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေ ဆက်လက်မဖြစ်ပေါ်အောင်နဲ့ အနာဂတ်မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေကြား ချစ်ချစ်ခင်ခင် နေထိုင်နိုင်ဖို့အတွက် ကလေးတွေကို ငယ်စဉ်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ အကျိုး ကျေးဇူးတွေကို သိနားလည်အောင် သင်ကြားသွားဖို့ ရည်ရွယ်တာဖြစ်တယ်လို့ - UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဦးရဲလွင်ဦးက ပြောပါတယ်။

“အဓိက-ကတော့ community ၂ ခုကြားမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အကြမ်းဖက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အခုကတည်းက ကလေးတွေရဲ့ရင်ထဲမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို သွင်းပေးနိုင်ဖို့အတွက် မူကြိုသင်ခန်းစာတွေမှာ စာအုပ်စာတန်းတွေ ပြဌာန်းဖို့ ဒီ workshop ကို ကျင်းပတာပါ။ ဒါကတော့ အဓိက ရည်ရွယ်ချက်ပါပဲ။ နောင်ဆိုလို့ရှိရင် အစိုးရမှာလည်း အသက် ၈ နှစ်အောက်ကလေးတွေပေါ့နော် မူကြိုတန်းဆိုတာ ပေါ်လာပါလိမ့်မယ်၊ အဲဒီမှာ ကျနော်တို့ UNICEF အနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ မူကြိုကျောင်းတွေမှာ ကလေးသူငယ်တွေကို ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်တဲ့ ဘာသာပေါင်းစုံ ခရစ်ယာန်၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ- နောက်ပြီးတော့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်တဲ့ အဲဒီပညာရှင်ပေါင်းစုံရဲ့ ရှုဒေါင့်တွေကနေပြီးတော့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ ထွက်ပေါ်လာတဲ့ စာအုပ်စာတမ်းတွေကို UNICEF က နည်းပညာပိုင်းအနေနဲ့ပံ့ပိုးတယ်။ ငွေကြေးပိုင်းအနေနဲ့ ပံ့ပိုးတယ်။ ပံ့ပိုးပြီးတော့ ပညာရေးဦးစီးဌာနကို ပေးအပ်ပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ ကလေးတွေကို မူကြိုသင်ခန်းစာတွေမှာ ပြဌာန်းဖို့ လုပ်တဲ့ Workshop ပေါ့နော်။”

“Peace-Building Education” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ၅ ရက်ကြာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုဒေသတွေက ပညာရှင်တွေ၊ ပြီးတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သီလရှင်တွေ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ စတဲ့ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေရော၊ ပြီးတော့ အစိုးရပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ နောက် ကာတွန်း ပညာရှင်တွေနဲ့ သတင်းမီဒီယာလောကလူတွေ တော်တော်များများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ပို့ချမယ့် ဒီသင်ရိုးညွှန်းတမ်းစာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေကို ထည့်သွင်းမလဲ၊ ကလေးတွေ စိတ်ဝင်စားမှု ရှိအောင် ဘယ်လို ဖော်ပြကြမလဲ ဆိုတာတွေကိုလည်း ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နှီးနှောဖလှယ်ခဲ့ကြတဲ့အကြောင်း ဦးရဲလွင်ဦး က ဆက်ပြောပြပါတယ်။

“ဥပမာ အဓိကအကျဆုံးကတော့ မနေ့က Presentation ထဲမှာ ကျနော် ကြည့်လိုက်တဲ့အချိန်မျိုးမှာကျတော့ ကာတွန်းလေးတွေပေါ့နော်- ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် သစ်ပင် နှစ်ပင်ကို ကာတွန်းလေးတွေ ဆွဲထားတယ်။ သစ်ပင်နှစ်ပင်ဟာ တစ်ယောက်နဲ့တစ်ယောက် fight နေကြတယ်၊ ရန်ဖြစ်နေကြတယ်၊ ရန်ဖြစ်နေကြတော့ သူတို့အကုန်လုံး အကျိုးပျက်စီးသွားတယ်ပေါ့နော်။ အဲဒီသစ်ပင်နှစ်ပင်ဟာ ချစ်ချစ်ခင်ခင်နဲ့ နေထိုင်မယ်ဆိုလို့ရှိရင် ရာသီဥတုဒဏ်ကိုလည်း ခံနိုင်မယ်၊ သဘာဝဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်နိုင်မယ်ဆိုတဲ့သဘောနဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ စာလေးတွေကလည်း နည်းနည်းလေး၊ ရုပ်ပုံလေးတွေနဲ့ ကလေးတွေအတွက် လုံးဝ ထင်သာမြင်သာရှိသွားတာပေါ့နော်။ အော်- ငါတို့ ချစ်ချစ်ခင်ခင် နေမယ်ဆိုလို့ရှိရင် ဘာပြဿနာမှ မဖြစ်ဘူး-ပေါ့နော်။ အဲလိုသဘောမျိုးတွေ၊ sense တွေ ရသွားအောင်ပေါ့အောင်ပေါ့နော်။ အဲလို topic တွေ အများကြီးပဲ၊ ရေးဆွဲသွားတာပေါ့နော်။”

လောလောဆယ်မှာတော့ ဒီသင်ရိုးညွှန်းတမ်းအသစ်နဲ့ပတ်သက်လို့ မူကြမ်း အဆင့်သာ ရေးဆွဲပြီးထားပြီး - အပြီးသတ် ထုတ်ဝေဖို့နဲ့ ကလေးငယ်တွေကို စတင် သင်ကြားပို့ချနိုင်ဖို့ကတော့ အနည်းဆုံး ၂ နှစ်လောက် အချိန်ယူရဦးမှာဖြစ်တယ် လို့လည်း ဦးရဲလွင်ဦးက ပြောပြပါတယ်။ လက်ရှိမှာတော့ မူကြိုကျောင်းတွေမှာ သင်ကြားနေတဲ့ ဘာသာစကား ဖွံ့ဖြိုးမှု၊ အတွေးအခေါ် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ငွေကြေးအရရော၊ နည်းပညာပိုင်းအရပါ UNICEF က ထောက်ပံ့ပေးနေတာဖြစ်တဲ့အပြင် မြန်မာနိုင်ငံတ၀ှန်းက မူကြိုနဲ့ မူလတန်းသင် ဆရာ၊ ဆရာမတွေကို UNICEF က သင်တန်းတွေ ပို့ချပေးလျက် ရှိတယ်လို့ သိရပါတယ်ရှင်။

အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်

 
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။
အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။
အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

Written by  ဘာသာပြန်သူ - ကောင်းထက်ဝင်း (ရန်ကုန်တက္ကသိုလ်)
The Voice Weekly 

KIO,ကိုယ်စားလှယ်အဖွဲ့အားကချင်လူထု (၂၀၀၀၀)ခန့် လိုက်လံ ပို့ဆောင်နုတ်ဆက်



(၁၂.၁၀.၂၀၁၃)ရက်နေ့
 KIO,ကိုယ်စားလှယ်အဖွဲ့များ၏ လိုင်ဇာဌာနချုပ်သို့ အပြန်ခရီးစဉ်အား မြစ်ကြီးနားမြို့ရှိ ကချင်လူထု အင်အား (၂၀၀၀၀) ခန့် လိုက်လံပို့ဆောင်နုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်။ 




 (KBC) မှ ဆရာကြီးများ၊ကက်သလစ် ဘုန်းတော်ကြီးများ ၊အခြားအသင်းတော်မှဆရာများမှ ဆုတောင်းကောင်းကြီးပေးပြီး၊ ရပ်မိရပ်ဖများ KBC လူငယ်များ နှင့် အခြားသော အသင်းတော်ပေါင်းစုံမှ လူငယ်များ၊ နာမည်ကျော် ကချင်အဆိုတော်များဖြစ်ကြသော အောင်ရာလီ နှင့် အဘာဒီး တို့ မှ ဦးဆောင်ကာ ဂီတတီးဝိုင်းတို့ ဖြင့် ပျော်ရွှင်စွာတေးသီချင်းများသီဆိုကာ ကချင် အလံများ ကိုင်ဆောင်ကာ ဆိုင်ကယ်များ၊ ကားယဉ်တန်းများဖြင့် မိမိတို့၏KIO, ခေါင်းဆောင်ကြီးများအားလိုက်လံပို့ဆောင် နုတ်ဆက် ကြကြောင်း သိရှိရပါသည်။


  Lachid Kachin (Photo-KBC)

တက္ကသိုလ်များ ချန်ပီယံလိဂ် အသင်းနှစ်သင်း နုတ်ထွက်

 
နှစ်အတန်ကြာ ကျင်းပဖို့ ပျက်ကွက်ရာကနေ ဒီနှစ်မှာမှ ပြန်လည်ကျင်းပတဲ့ တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာ ဆေးတက္ကသိုလ် အမှတ် (၁) ကအသင်းနှစ်သင်းက နုတ်ထွက်ခဲ့ပါတယ်။

ဆေးတက္ကသိုလ် (၁) ရဲ့ ဘောလုံးအသင်း (၂) သင်းဟာ တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကနေ နုတ်ထွက်တဲ့အကြောင်း တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီထံ အောက်တိုဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားစာပေးပို့ လိုက်ပါတယ်။

ဒီဗွီဘီကနေ လက်ခံရရှိတဲ့ အကြောင်းကြားစာထဲမှာ  ဆေးတက္ကသိုလ် (၁) မှာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း အတန်းတင်စာမေးပွဲတွေ ကျင်းပတာနဲ့ တာဝန်ယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဆရာတွေ အနီးကပ်မကြီးကြပ်နိုင်တာ၊  အသင်းဝင်ကျောင်းသားတွေနဲ့ မိဘတွေကိုယ်တိုင်က ဘောလုံးပွဲစဉ်တွေမှာ ပါဝင်ဆောင်ရွက်လိုမှု မရှိတော့တာတွေကြောင့် နုတ်ထွက်တာလို့ ဖော်ပြထားပါတယ်။

အဲဒီစာကို ပါမောက္ခချုပ်ကိုယ်စား စီမံ၊ ဘဏ္ဍာ ဌာနမှူး ဒေါ်ခင်ဆွေအေးက လက်မှတ်ထိုး ပို့ဆောင်ခဲ့တာပါ။ ကျောင်းသားတွေနဲ့ မိဘတွေ ဘာကြောင့် ပါဝင်ဆောင်ရွက်လိုမှု မရှိတော့တာလဲဆိုတာကို အသေးစိတ် ရှင်းပြမထားပါဘူ။

ဆေးတက္ကသိုလ် (၁) ရဲ့ အသင်းနှစ်သင်း နုတ်ထွက်မှုဟာ တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲကျင်းပဖို့အတွက် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေရဲ့မြေး ဦးနေရွှေသွေးအောင်က ဒီပွဲကို ဦးစီးကြိုးပမ်းတယ်ဆိုတဲ့သတင်း ထွက်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာပါ။

တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီက တာဝန်ရှိသူတွေကိုရော၊ အသင်းတွေကိုပါ  မေးမြန်းဖို့ ကြိုးစားနေပေမယ့် မရသေးပါဘူး။

ဒီနုတ်ထွက်မှုအပေါ် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ရဲ့ သုံးသပ်ချက်ကတော့ ဦးနေရွှေသွေးအောင်က စပွန်စာပေးတဲ့ ပွဲမို့လို့ အသင်းတွေ နုတ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတာလို့ သုံးသပ်ပြောဆိုပါတယ်။

“အဓိကကတော့ မိုးစက်ဝိုင်နဲ့ ကိုနေရွှေသွေးအောင်တို့ အတူတူမြင်လိုက်ပြီးတော့ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားလာတယ်။ အဲဒီအချိန်မှာ ကိုနေရွှေသွေးအောင် ကိုယ်တိုင်က ရှင်းလင်းထားတာရှိတယ်။ ဒီပွဲကို သူကိုယ်တိုင်စပွန်စာပေးတာ၊ သူကိုယ်တိုင် ကမကထ လုပ်တယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြထားတယ်။ ရှင်းပြတဲ့အခါကြတော့ အခုလို တဖက် ဆေးတက္ကသိုလ်က အသင်းတွေ ၀င်မပြိုင်ဘူးဆိုတာဟာ အရင်တုန်းက ကျနော်တို့ နိုင်ငံရဲ့ မြေးတယောက်ကနေပြီးတော့မှ တက္ကသိုလ်ဘောလုံးပြိုင်ပွဲကို လာပြီး ကမကထ လုပ်တာကို လက်မခံချင်တဲ့သဘောလို့ အဲလို နားလည်းနိုင်တယ်။”

တက္ကသိုလ်များ ချန်ပီယံလိဂ်အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့   ဆေး (၁) မှအသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၀ ရက်နေ့ ညနေပိုင်းမှာ သတင်းတိုတပုဒ်ပါလာပါတယ်။

အဲဒီသတင်းထဲမှာ  ဆေးတက္ကသိုလ် ၁ မှ ပါမောက္ခချုပ်ကြီးနဲ့ တက္ကသိုလ်များချန်ပီယံလိဂ်  တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် ဆေး ၁ အသင်းတွေ ဆက်ယှဉ်ပြိုင်မယ်လို့ နှစ်ဘက်စလုံးမှ အတည်ပြုပြောတယ်လို့ ရေးခဲ့ပါတယ်။

အဲဒီဖေ့စ်ဘွတ် စာမျက်နှာမှာပဲ  တက္ကသိုလ်များ ချန်ပီယံလိဂ်ရဲ့ ဥက္ကဋ္ဌ ကိုနေရွှေသွေးအောင်က ပေးပို့တဲ့စာကို   အောက်တိုဘာ ခြောက်ရက်နေ့ ရက်စွဲနဲ့ ထည့်သွင်းထားပါတယ်။

အဲဒီစာထဲမှာ   နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ဖို့ သူလိုက်လံ ကြိုးစားရာမှာ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီး -ဒုတိယဝန်ကြီး၊ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတို့က  ကူညီခဲ့တယ်၊ ဒီပွဲကနေ ဘာအကျိုးကိုမျှ မမျှော်လင့်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီပြိုင်ပွဲပြီးတဲ့အခါ အကောင်းဆုံးကစားသမား ၂၀ လောက်ကို ရွေးချယ်ပြီး အိမ်နီးချင်းနိုင်ငံတွေက တက္ကသိုလ်များတွေနဲ့ (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ဖို့ စဉ်းစားနေတယ် စသဖြင့် ရေးသားခဲ့ပါတယ်။

တက္ကသိုလ်များ ချန်ပီယံလိဂ်မှာ အသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)

ဒိုင်နမိုလို လေပေါ်လမ်းလျှောက်ပြဦးမယ့် မြန်မာ့မျက်လှည့်ပညာရှင် မစ္စတာတောပ့် နှင့်တွေ့ ဆုံခြင်း



မေး- ဒိုင်နမိုရဲ့ ပြကွက်ကို ဒီလို ပြဖြစ်ဖို့ ဖြစ်ပေါ်လာပုံလေး ရှင်းပြပေး ပါလား။
ဖြေ- PEP သူဌေးက ကိုယ့်ပွဲ တွေကို Sponsor ပေးနေကျလေ။ တစ်နေ့ စကားဝိုင်းဖွဲ့ပြောရင်း သူက ဟာ ဒိုင်နမိုကွာ၊ ကားကြီးပေါ်မှာ ကပ်ပါသွား တာ အရမ်းမိုက်တယ်၊ လန်ဒန်က ဘတ်(စ)ကားပေါ်မှာ ပြသွားတာလေလို့ ဆိုတော့ ဟာ အန်ကယ် ကျွန်တော်လည်း လုပ်လို့ရတယ်။ ပိုက်ဆံတော့ တော်တော် ကုန်မယ် ပြောတော့ ကုန်ပါစေလုပ်မယ် ဆိုပြီး ကတိပေးသွားတယ်။ အစကတော့ သိပ်မယုံဘူး။ ကွန်တိန်ကားကြီးတွေ ဘာ တွေဝယ်ပြီးဆိုတော့မှ သူ အကုန်အကျခံပြီး ဒီလို လုပ်ဖြစ်သွားတာ။

မေး- ကုန်ကျစရိတ်များတယ်ဆို တော့ ဘယ်လောက်ကုန်ကျသလဲ၊ ခန့် မှန်းချေပေါ့
ဖြေ- ဒီ Instrument လုပ်တာကို တော်တော်ကုန်တယ်။ ဒီလေပေါ်မှာ ကပ်ပါဖို့ ပစ္စည်းက နိုင်ငံခြားမှာ လှမ်းမှာရင် ဒေါ်လာ ၁ သောင်းလောက် ရှိမယ်။ ဦးတော့ပ်တို့ ဒီက လက်မှုပညာရှင်နဲ့ လုပ် တာ သိန်း ၂၀ ကုန်တယ်။ အထွေထွေ ဆိုရင် ၂၇ သိန်းပေါ့။ ကားဝယ်တာ မပါ သေး စုစုပေါင်ဆိုရင်တော့ ဒီပြကွက် အတွက် သိန်း တစ်ရာကျော်မှာပေါ့။

မေး- ဒီပြကွက်အတွက် ဘယ် လောက်အချိန်ယူ လေ့ကျင့်ခဲ့ရလဲ။
ဖြေ- လေ့ကျင့်တာကတော့ တစ် ပတ်လောက်ပါ။ Finalကတော့ တစ်ရက် ပေါ့။ Rehearsalကတော့ တစ်နာရီ လောက်ပဲ ရှောရှောရှူရှူ အဆင်ပြေသွား တယ်။ တကယ်လုပ်တော့ တစ်နာရီခွဲကြာ သွားတာ၊ လူတော့ တော်တော် အောင့်ခံ ထားရတယ်။ ပရိသတ်က အားပေးနေ တော့ နာတာတွေ မေ့ပျောက်သွားတယ်။ ဒါပေမဲ့ နာတာကတော့ နာတာပါပဲ။ (ရယ်လျက်)

မေး- ဒိုင်နမိုရဲ့ပြကွက်တွေက ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ အရမ်း အံ့ဩဖို့ ကောင်းတယ်။ ဆရာတို့ မျက် လှည့်ပညာရှင် တစ်ယောက်က ဘယ်လို မြင်လဲ။
ဖြေ- မျက်လှည့်ပဲလေ၊ မကြာခင် ဒိုင်နမိုပြကွက်တွေ PEPက စပွန်ဆာလုပ် ပြီး အကုန်ပြမယ်။
 မကြာခင် OK သွား မှာပါ။ ရေပေါ်လမ်းလျှောက်တာတွေ၊ တိုက်ပေါ်တက်သွားတာတွေ ပါမယ်။ နည်း စနစ်တွေ အကုန်ရထားပြီးပြီ။ ဒါပေမဲ့ ငွေ ကုန်ကြေးကျ သိပ်များတယ်။ ငွေကုန်ပါစေ လုပ်မယ်လို့ PEP သူဌေးက ကတိပေး ထားတယ်။ ပြခွင့်ရတော့မယ်။ အခု ပြတာ ကိုလည်း မကြာခင် တီဗွီဖန်သားပြင်မှာ မြင်ရတော့မယ်။ ဒိုင်နမိုBus ကားကြီးပေါ် ပါသွားတာ အရမ်းမိုက်တယ်ဆိုတဲ့ သူတွေ ဦးတော့ပ်က မြန်မာပြည်မှာ ပထမဆုံး လုပ်ခွင့်ရတာ မြင်ရမှာပေါ့။ ကမ္ဘာမှာတော့ (၄)ယောက်မြောက်ပေါ့။ နောက် ဒီကားနဲ့ သွားတာဆိုရင် ဒုတိယစံချိန်ပြန်တင်ရင် ကမ္ဘာမှာ အချိန်အကြာဆုံးက ဦးတော့ပ်ပဲ အရမ်းပင်ပန်းတယ်၊ ဒိုင်နမိုလည်း မလုပ် လောက်ဘူး၊ ပင်ပန်းလို့။

မေး- မျက်လှည့်က သာမန်လူ တွေကြားထဲမှာ မှော်တို့၊ အောက်လမ်းလို့ ပြောကြတယ်။ အဲဒီအပေါ်ကို ဘယ်လိုရှင်း ပြချင်လဲ။
ဖြေ- မျက်လှည့်မှာ အောက်လမ်း မရှိဘူး။ All magic is not real, All magic is trick. မျက်လှည့်အားလုံးသည် လှည့်စားမှုတွေကြီးပဲ၊ လူမသိအောင် လှည့် စားတာပဲ။ အခု ဒီကားကြီးပေါ် ပါတာကို ဘာလဲ၊ ဈာန်ရတာလား၊ ဘာဈာန်မှ မရဘူး။ ဦးတော့ပ် လျှို့ ၀ှက်ချက်ရှိလို့ လုပ်လို့ရတာ။ လူပဲ ဘယ်လိုလုပ် လေပေါ်ရပ် လို့ ရမလဲ။ အထောက်အကူပစ္စည်း တစ်ခု ခုရှိလို့ ရတာပေါ့။ အဲဒါ ဘာလဲဆိုတာ တော့ ပြောလို့ မရဘူး။ ပြောရင် သိသွား မှာပေါ့။ (ရယ်လျက်)

မေး- မျက်လှည့်ပြတဲ့ သူက လျှို့ ဝှက်ချက်ကို ဖုံးကွယ်ပြီးပြတယ်၊ ကြည့်တဲ့ သူကလည်း လှည့်ဖျားမှန်းသိတယ်။ အဲဒီ ခံစားချကို ပြောပြပါဦး။
ဖြေ- အဲဒီမှာ သူတို့က မှော်လို့ ထင်တော့တာပဲ။ ဘာမှော်မှမဟုတ်ဘူး၊ မှော်ဆိုတာ ရေကန်ထဲမှာပဲ ရှိတာ။ အောက်လမ်းကိုရော သိလား၊ အဲဒါ ကမ်း နားလမ်းကို ပြောတာ။ (ရယ်လျက်)

မေး- ဦးတော့ပ် ဘယ်သူတွေဆီ မှာ ပညာသင်ယူခဲ့တာလဲ။
ဖြေ- ပြည်တွင်းက ဦးမိုးအောင်တဲ့ ဆုံးသွားပြီ။ ဒုတိယယိုးဒယား၊ တတိယ ဂျပန်က၊ စတုတ္ထပြင်သစ်ဆရာ သူ့ဆီက နည်းပညာအားလုံး ရလိုက်တယ်။ ဒါတွေ ကို ပြခွင့်ရဖို့ ကြိုးစားနေတာ (၂) နှစ်ရှိပြီ။ PEP နဲ့တွေ့မှ ပြခွင့်ရတာ။ သူလည်း မျက် လှည့်ဝါသနာပါတယ်။

မေး- ဒါဆို ဆရာပြချင်တာတွေ ဆန္ဒပြည့်ပြီလို့ ပြောလို့ရလား၊ ဘာတွေ ထပ်လုပ်ဦးမလဲ။
ဖြေ- ဟုတ်တယ်၊ ရပြီ၊ PEP က ကူညီပေးရင်ပေါ့လေ (ရယ်လျက်)၊ မကြာ ခင် ရွေ့လျားမျက်လှည့ှ့်Show ပွဲတိုင်း ပြည်ထဲက မြို့အနှံ့ အခမဲ့ ပြမယ်။ လာ မယ့်လမှာဖြစ်မယ်။ အဲဒါပြီးရင် ၂၀၁၄ နှစ် ကုန်ခါနီး မိုင်ဒါကွင်းမှာ အကြီးကျယ်ဆုံး Magic Show ပွဲကြီးလုပ်မယ်။ လပ်(စ) ဗီးဂတ်(စ်)မှာ နောက်ဆုံးပြတဲ့နည်းတွေ ချည်းပဲ။ အဲဒီပွဲမှာ ပြမယ်။ ဒီမှာ မပြဘူး သေးတဲ့ ပြကွက်တွေချည်းပဲ။

မေး- ဆရာ့အနေနဲ့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံး မျက်လှည့်ပညာရှင်က ဘယ်သူဖြစ်မလဲ။
ဖြေ- ဦးတော့ပ်က မျက်လှည့်ဆရာ ဆို အကုန်ကြိုက်တယ်။ အကြိုက်ဆုံးကို ရွေးရမယ်ဆို ဒေးဗစ်ကော်ပါးဖီးပဲ။ ဒိုင်နမို ကတော့ နောက်ဆုံး လူကြိုက်များတော့ ကြိုက်တယ်။

မေး- ဒေးဗစ်ကော့ပါးဖီးကို ဘာ ကြောင့်ပိုကြိုက်လဲ။
ဖြေ- ဒေးဗစ်ကော့ပါးဖီးက ချစ် စရာကောင်းလို့ ဆွဲဆောင်မှုလည်း ရှိ တယ်။ ဒိုင်နမိုက မှော်ဆန်ပြီး သပ်ရပ် တယ်၊ ပြတာကောင်းတယ်။

မေး- မျက်လှည့်ဆရာ အများစု က အတည်အခန့်ပြနေချိန်မှာ ဦးတော့ပ် က ဟာသဆန်ဆန် ရယ်စရာလုပ်ပြတဲ့ အကြောင်းလေး ပြောပြပေးပါ။
ဖြေ- ဦးတော့ပ်က ဦးမောစ့်ရဲ့ တပည့်လေ ပထမ မျက်လှည့်ပြနေရင်းက ဟာသသရုပ်ဆောင်လုပ်ပြီး ဗီဒီယိုလိုင်းထဲ ဝင်သေးတယ်။ ကားပေါင်း သုံးဆယ်ကျော် ရိုက်ဖြစ်ခဲ့တယ်။ အဲဒီကနေ မျက်လှည့်ကို ဟာသနဲ့တွဲပြီး လုပ်ရင်ကောင်းမှာပဲလို့ အိုင် ဒီယာရလာပြီး လုပ်ဖြစ်တာ။

မေး- ဒီလိုအခက်အခဲတွေကြားထဲ က ဦးတော့ပ်ပြချင်တဲ့ မျက်လှည့်ကို ပြ ခွင့်ရပြီး ပရိသတ်ကိုရော ဘာပြောချင် သေးလဲ။
ဖြေ- ဦးတော့ပ် ပြောချင်တာက ဦးတော့ပ် ဂုဏ်ယူသလို ဂုဏ်ယူနေမယ်လို့ မျှော်လင့်တယ်။ ဒါနဲ့ တစ်ဆက်တည်း ၂၀၁၄ မိုင်ဒါကွင်းမှာ လုပ်မယ့် ပွဲကိုလည်း အားပေးပါဦး။ အဲဒီမှာ လုပ်မယ့်ဟာက ၂၀၁၃ မှာ ပြခဲ့တဲ့ နည်းတစ်ခုမှ မပါဘူး။ လုံးဝ နောက်ဆုံးပေါ်တွေ ပြမယ်။ အားပေး တဲ့ ပရိသတ်တွေအတွက် ကြိုးစားသွား မယ်လို့လည်း ကတိပေးပါတယ်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ပံတောင်းတောင်နဲ့ အလုပ်လက်မဲ့ပြဿနာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်က ကြေးနီစီမံကိန်းတွေရှိရာ လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင် အနီးတဝိုက်က ဒေသခံတွေ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။



RFA(ကိုကျော်သူ)

Super Cyclonic Storm PHAILIN Cat 4 သို့ပြောင်း ၍ ကုန်းတွင်းပိုင်းသို့ ၀င်

Super Cyclonic Storm PHAILIN: Current Data
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
12 Oct, 6:00 0 hrs 18.0 N 85.8 E 130 kts 4 Click Here Click Here Click Here

Storm Tracker Map

Super Cyclonic Storm PHAILIN: Probability of tropical storm winds to 12 hours lead

Storm Tracker Map

Cyclone Phailin set to hit India (Photo)& Video


A big wave smashes into a breakwater at a fishing harbour in Jalaripeta in the Visakhapatnam district in the southern Indian state of Andhra Pradesh October 11, 2013. Reuters
A big wave smashes into a breakwater at a fishing harbour in Jalaripeta in the Visakhapatnam district in the southern Indian state of Andhra Pradesh October 11, 2013. Reuters
Indian fishermen try to balance their boat as they pull it out from the Bay of Bengal at Gokhurkuda in Ganjam district 215 kilometers away from the eastern Indian city of Bhubaneswar, India. AP
Indian fishermen try to balance their boat as they pull it out from the Bay of Bengal at Gokhurkuda in Ganjam district 215 kilometers away from the eastern Indian city of Bhubaneswar, India. AP
People watch as waves from the Bay of Bengal approach the shore at Podampata village in Ganjam district, in the eastern Indian state of Odisha. Reuters
People watch as waves from the Bay of Bengal approach the shore at Podampata village in Ganjam district, in the eastern Indian state of Odisha. Reuters


မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ



မန္တလေး၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ယူဆရသော ဦးဇော်ဝင်းနိုင်ကို အောက်တိုဘာလ ၁၀ နေ့က မဟာအောင်မြေမြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မှုခင်းအကူတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေသော ဦးဇော်ဝင်းနိုင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၅ ပြား အပါအဝင် မူးယစ်ဆေးဝါး ရောင်းရငွေ သိန်း ၁၂၀ ကျပ်ကို ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ်ရှိ နေအိမ်ကို ထပ်မံရှာဖွေရာ ကျပ်သိန်း ၂၅၀၀ ကို တွေ့ရှိခဲ့ကြောင်း အမှုစစ် ရဲအရာရှိက ဆိုသည်။

ဦးဇော်ဝင်းနိုင်ကို စစ်ဆေး သိရှိရသည်များမှ တစ်ဆင့် ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်သူ နှစ်ဦး၏ အိမ်ကို ဆက်လက်ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသောင်းကျော်ကို တွေ့ရှိခဲ့ပြီး ကားများ၊ ဆိုင်ကယ်များ၊ ဟန်းဖုန်းများ၊ ရွှေဗြုံးများ၊ အနီရောင်၊ ခရမ်းရောင် ကျောက်တုံး ၈၉ တုံး၊ ရွှေဖြူအရိုင်းတုံး တစ်တုံး၊ အပြာရောင် ကျောက်ရိုင်းတုံး တစ်တုံး၊ ဆွဲကြိုးများ၊ စိတ်ကြွဆေးပြားများ၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရံး မှတ်တမ်းများအရ သိရသည်။

ဦးဇော်ဝင်းနိုင်၏ ထွက်ဆိုချက်အရ အေးရိပ်ငြိမ်သုသာန် (ယခင်နာမည်ဟောင်း ကြာနီကန် သုဿာန်) တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီ၌ သုဿာန်၏ အနောက်မြောက်ထောင့်ရှိ ဆေးရုံးသုံး ပစ္စည်းများ စွန့်ပစ်သည့် အမှိုက်ပုံးတွင်း ပလပ်စတစ် ထုပ်ထဲရှိ မူးယစ်ဆေးဝါးများကို လွှင့်ပစ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သုသာန်အတွင်း ပစ်ခဲ့သည့် အဆိုပါ အထုပ်ထဲတွင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း အပြားပေါင်း လေးသိန်းကျော် (၄၂၂,၀၀၀ ပြား) ကို စစ်ဆေးတွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

The Voice Weekly

အင်းလေးဖောင်တော်ဦးဘုရားပွဲ (ရုပ်/သံ)



ဒေါင်းမာန်ဟုန်မှ

သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို အစိုးရမှ အများ ပြည်သူ သိရှိရန် တရားဝင် ထုတ်ပြန်ရန်လို

(နိရဉ္စရာ- ၁၂ အောက်တိုဘာ ၂၀၁၃)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် ဘက်လိုက်မူ မရှိဘဲ ပြည်သူများသိရှိနိုင်ရေး အတွက် တရားဝင် ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ပြည်သူ အများစုက ထင်မြင် ယူဆ နေကြသည်ဟု သိရသည်။

အောက်တိုဘာလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ရခိုင်ပြည်နယ်) ၏ ကြေငြာချက်တွင် သံတွဲမြို့တွင် ၂၉-၉-၂၀၁၃ နေ့က စတင်  ဖြစ်ပွားခဲ့သော ပဋိပက္ခသည် သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသော ဗုဒ္ဓဘာသာ အမှတ်အသားကို မွတ်လင် ဘာသာဝင် တစ်ဦးမှ တမင် စော်ကားရာမှ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အထက်ပါ ရန်စမူကြောင့် ဖြစ်ပေါ်လာသော မငြိမ်သက်မူကို သံတွဲမြို့ရှိ ဆရာတော် သံဃာတော်များနှင့် မြို့မိမြို့ဖများ ထိန်းသိမ်း နေစဉ် (၁-၁၀-၂၀၁၃) နေ့၌ တောင်ကုတ်မြို့နယ်မှ သံတွဲမြို့သို့ ဆိုင်ကယ် ကယ်ရီ (၂) စီးဖြင့် မောင်းနှင်လာသော တိုင်းရင်းသား (၆) ဦးကို ရွှေလှေ ကျေးရွာ အနီးတွင် မွတ်ဆလင် ဘာသာဝင်များက တုတ်ဓါးများနှင့် ၀ိုင်းဝန်းရိုက်နှက် ခုတ်ထစ်ကြရာမှ ပြဿနာ ကျယ်ပြန့်သွားရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ယင်းအပြင် ကြေငြာချက်ထဲတွင် မြန်မာနိုင်ငံသို့ OIC လေ့လာရေး အဖွဲ့ လာရောက်မည်ဟု သတင်းဖြစ်ပေါ် နေမူကြောင့် သမ္မတကြီး၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် အချိန်ကိုက် ပြဿနာကို ဖန်တီးကြခြင်း ဖြစ်သည်ဟု ယူဆဖွယ်ရာ တွေ့မြင်နေရသည်ဟု ဖေါ်ပြသည်။

ပြဿနာ အရင်းအမြစ်မှာ မြန်မာနိုင်ငံတွင် ကမန် လူမျိုး နှစ်သောင်းခန့်သာရှိသော်လည်း ယခုအခါ (၂) သိန်းထိ တိုးပွားနေကြောင်း ကမန်ပါတီ ဥက္ကဌ၏ ပြောကြားချက်ကိုလည်း အာဏာပိုင်များ အနေဖြင့် ထိရောက်စွာ စစ်ဆေးသင့်ကြောင်းနှင့် ဤကိစ္စသည် ပြဿနာ၏ အရင်းအမြစ် ဖြစ်သည်ဟု ကြေငြာချက်တွင် ရေးသားထားသည်။

၎င်းကြေညာချက်အား အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ရခိုင်ပြည်နယ်) ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ နန္ဒေဘာသမှ လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ယခု ကြေငြာချက်ပါ အကြောင်းအရာများသည် အစိုးရ၏ ထုတ်ပြန်ချက်များနှင့် ကွဲလွဲမူများ ရှိနေပြီး ဗုဒ္ဓဘာသာဝင် လူအချို့က  ရွှေလှေ (သပြုချိုင်) မွတ်ဆလင် ကျေးရွာကို စတင် မီးရှို့တိုက်ခိုက်ရာမှ ပြဿနာ ကျယ်ပြန့်သွားရသည်ဆိုသော သတင်းနှင့် ကွဲလွဲမူ ရှိနေသည်။

ထိုသို့ သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ကွဲလွဲမူများရှိနေသဖြင့် နိုင်ငံတော် အစိုးရ အနေဖြင့် သံတွဲ ဖြစ်စဉ်အား အသေအချာ လေ့လာစုံစမ်းပြီး အဖြစ်မှန်ကို ပြည်သူသို့ တရားဝင် ထုတ်ပြန်ပေးရန် ပြည်သူများက အထူးလိုလားနေကြသည်ဟု သိရသည်။



မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး မျိုးရိုးမကွယ်ဝှက်တဲ့ အာဆီယံ မယ် အိရူပါဝင်း စာထုတ်



ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။ အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။ အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။ အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။

အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။ ဥပဒေတွေကြောင့် မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား ဧည့်နိုင်ငံသားကဒ်ကိုပဲ ကိုင်ဆောင်ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့ တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။

မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူစွာမိတ်ဆက်ပါတယ်။ မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့ Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။

ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။ ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာစိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။ အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။

သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။ သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ပဲ လိုပါတယ်။ ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ ယုံကြည်ချက်လေးထားပြီး လိုအပ်ချက်တွေကို အပြုသဘော ဝိုင်းဝန်းထောက်ပြပေးရင်း

တိုင်းပြည်တာဝန်ကို တက်ကြွရွှင်လန်းဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။ ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့ မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေးပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

အိရူပါဝင်း(October 9 near Los Angeles, CA, United States)

သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံက ပြန်ရောက်ပါပြီ

သမ္မတ ဦးသိန်းစိန်ဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ သွားရောက်တက်ခဲ့ရာက မနေ့က မွန်းလွဲပိုင်းမှာ  မြန်မာနိုင်ငံကို ပြန်ရောက်လာပါပြီ။ 


မြန်မာပြည်ပြန်ရောက်လာစဉ် နုတ်ဆက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဇနီး၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ခရီးစဉ်အပြီး ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကိုလည်း လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံ က လွှဲပြောင်းပေးအပ်တာကို လက်ခံရယူခဲ့ပါတယ်။ 

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြင်ပမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ နယူးဇီလန် ၀န်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်၊ ဘရူနိုင်း ဘုရင် စသူတွေနဲ့ သီးခြားတွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ 







ဆီးဂိမ်းဖွင့်ပွဲ ရိုးရာခြင်းလုံး စွမ်းရည် ပြသရန် လူငယ်မောင်မယ် ၂ဝဝ ကျော် စခန်းသွင်း လေ့ကျင့်မှု ထပ်မံ ပြုလုပ်မည်

(ရန်ကုန်၊ အောက်တိုဘာ ၇  )  
ဒီဇင်ဘာလ တွင် ပြုလုပ်မည့် အ ရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့် ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး စွမ်းရည်များ ပြသနိုင်ရန် ခြင်းလုံး မောင်မယ် ၂ဝဝ ကျော်ကို ယခုလ ၁၅ ရက် မှစ၍ စခန်း သွင်း လေ့ကျင့်ပေးမည် ဟု သိရသည်။
 နေပြည်တော်ရှိ ရွာတော် လေ့ကျင့်ရေး စခန်းတွင် စခန်းသွင်း လေ့ကျင့်မည် ဖြစ်ပြီး လူဦးရေ ၂၂၂ ဦးဖြစ် ကြောင်း၊ ကျောင်းသား လူငယ်များ အများ ဆုံးဖြစ်ကြောင်း မြန် မာနိုင်ငံ ရိုး ရာခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မန္တလေး တိုင်းဒေသကြီးမှ လူဦးရေ ၈ဝ နှင့် ရန်ကုန် တိုင်းဒေသကြီးမှ ၁ဝဝ ကျော် ပါဝင်ပြီး ဧရာဝတီ တိုင်းဒေသကြီး၊ တောင်ငူ၊ မကွေးစသည့် ဒေသများ မှ မောင်မယ် များလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ ခြင်းလုံး မောင်မယ်များကို  ယဉ်ကျေးမှု ဝန်ကြီးဌာန က လေ့ကျင့်ပေး နေပြီး နောက်ပိုင်းတွင် ရိုးရာခြင်းလုံး အဖွဲ့ချုပ်နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန တို့က ပူးပေါင်းလေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လေ့ကျင့်မှုကို ယခုလလယ် မှစ၍ ဆီးဂိမ်း ဖွင့်ပွဲအထိ မပြတ် ပြုလုပ်သွား မည်ဟု သိရသည်။ ဆီးဂိမ်း ဖွင့်ပွဲတွင် ခြင်းလုံး စွမ်းရည် ပြသနိုင်ရေး အတွက် ယခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ စက်တင်ဘာလတွင် လည်းကောင်း စခန်း သွင်း လေ့ကျင့်မှု များ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မေဇင်ဝင်းhttp://www.popularmyanmar.com

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်မဟုတ်


လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဟု အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၃၀ မှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ပါတီများက လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ရှိ နယ်မြေဒေသ အချို့၌ လွှတ်တော် ကိုယ်စားလှယ်အချို့ လစ်လပ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးကို ထိခိုက်သွားလောက်အောင် လစ်လပ်နေခြင်းမျိုး မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည် မဟုတ်ကြောင်း နိုင်ငံရေး ပါတီများအား ရှင်းပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း၌ အာဆီယံ အားကစားပြိုင်ပွဲ ကျင်းပရန် ရှိနေခြင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်နှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် စသည့် အခြေအနေများ ရှိနေရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် အာရုံပျက်ပြား စေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ ဖြစ်ခြင်းဟု ဦးတင်အေးက ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''အခု ၂၀၁၃ မှာ အာဆီယံ အားကစားပြိုင်ပွဲ ရှိတယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမှာ ရှိတယ်။ အဲဒါကြောင့် ၂၀၁၅ ဆိုရင် ကပ်ပြီ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ် ဖြစ်တဲ့ အတွက်ကြောင့် မလုပ်တာရယ်၊ ကိုယ့်ဘက်ကလည်း မဲစာရင်းကြီးကို အပိုင်ရမှာ လုပ်လိုက်ရင် ပြဿနာ နည်းမယ်။ မဲစာရင်း အဟောင်းကြီးတွေက မခိုင်မာဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်က ဒီကာလ လေးတွေမှာတော့ မလုပ်သေးဘူး။ ကျန်တဲ့ တိုင်းပြည်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာ ဥပဒေရှိတယ်။ ကျွန်တော်တို့ ဆီမှာကတော့ လုပ်ပေးချင်တယ် ဆိုလည်း လုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့ ဆီမှာက ပြဿနာတွေ အများကြီး ရှိတယ်။ တော်ကြာကျမှ မျက်နှာမရဘဲနဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်တယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ၃၂၅ နေရာ ရှိသည့်အနက် ၁၀ နေရာ လစ်လပ်နေကြောင်း၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၈ နေရာတွင် လေးနေရာ လစ်လပ်နေကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ကိုယ်စားလှယ် ၆၆၁ နေရာ ရှိသည့်အနက် ရှစ်နေရာ လစ်လပ်နေသည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

''မကျင်းပပေးတော့ရော ဘာဖြစ်နိုင်လဲ ဆိုတော့ သိပ်တော့ မထူးတဲ့အတွက် ဒါကို မကျင်းပပေးတာပါ။ ကြားဖြတ် ရွေးကောက်ပွဲဆိုတာ ရှိလည်း ရှိသင့်ပါတယ်။ သို့သော်လည်းပဲ တစ်နေရာမှာ လွှတ်တော် ကိုယ်စားလှယ် သုံးယောက်လုံး လွတ်သွားပြီဆိုမှ မဖြစ်မနေ ကျင်းပပေးရမယ့် အခြေအနေ ရှိတာပေါ့။ ကျင်းပပေးရမှာပေါ့။ အကျိုးနဲ့အပြစ် သိပ်ချိန်ပြီး လုပ်လိုက်လို့ပါ'' ဟု ဦးတင်အေးက ဆက်လက် ပြောကြားသည်။

Eleven Media Group

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ


ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။

လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။

“အစိုးရနဲ့ သဘောတူထားတာ ဒီတခေါက်က လူဦးရေကောက်ဖို့ဘာညာနဲ့ မှတ်ပုံတင်လုပ်ဖို့ အဲဒါပဲ၊ ဝဒေသမှာ ၁၆ မျိုးရှိတယ်၊ လူမျိုးစုံတယ်၊ ၄ သိန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်၊ အများစုက ဝများတာပေါ့၊ ရှမ်းရှိတယ်၊ တရုတ်ရှိတယ်၊ ပလောင်ရှိတယ်၊ အမျိုးမျိုးပဲ လူမျိုးစုံရှိတယ်၊”

ပြီးခဲ့တဲ့ သတင်းပတ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့တာလို့ သိရပါတယ်။

အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ



ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

အလုပ်သမားတွေ အဓိကထားတောင်းဆိုတဲ့အချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ မအေးစန္ဒာက အခုလို ပြောပါတယ်။

“ကျမတို့ အဓိကတောင်းဆိုတာကတော့ အခြေခံလစာ တိုးမြှင့်ပေးဖို့ဖြစ်ပါတယ်၊ အခြေခံလစာကို သူဌေးဆီတိုင်ပင်တဲ့အခါမှာ သူ့ဘက်ကလုပ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ပြီးတော့ အချိန်ပိုမဆင်းရဖို့ရယ်၊ နောက် supervisor တွေက အလုပ်သမားတွေအပေါ်မှာ ဆက်ဆံတာ အတော်မောက်မာတဲ့ ဆဲခြင်းဆိုခြင်း၊ အဆင့်အတန်းတွေကို ပြောဆိုခြင်း အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်ကြဘူး၊ ဒါတွေကို အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်”

စိုင်းမြင့်ထွန်းအောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော်ရှိပြီး အလုပ်သမားအများစုဟာ လုပ်ခလစာနဲ့ အချိန်ပိုလုပ်အားခ စုစုပေါင်း ၈ဝဝဝဝ ကျော် ရရှိတယ်လို့ ဆန္ဒပြအလုပ်သမားတွေကဆိုပါတယ်။ လုပ်ခလစာ ဘယ်လောက်တိုးပေးရမယ်ဆိုတာကိုတော့ ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခြင်းမရှိပါဘူး။

အလားတူ ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်းနဲ့ ပန်းပဲခေါင်းမောင်ခက် လမ်းထောင့်မှာရှိတဲ့ ZKG BM 2 အထည်ချုပ်စက်ရုံက အလုပ်သမား ၄ဝဝ ကျော်ဟာလည်း လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ZKG စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိအခြေခံလစာ ကျပ်လေးသောင်းကျော်သာရရှိပြီး တစ်လကိုတစ်သိန်းအထိတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ကတိပြု

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေး ပါတီများကို ပြောကြားသည်။
အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
နိုင်ငံတကာမှ ပုဂ္ဂိုလ်များ လာရောက်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ၎င်းအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်သွားမည်ဟု ပြောကြားကြောင်း၊ ဥပဒေနှင့် မညီညွတ်ပါက မိမိကို ပြောနိုင်သည်ဟု ပြန်လည် ပြောကြားကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
''ကျွန်တော်တို့ ဘက်ကတော့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေတယ်။ သို့သော်လည်းပဲ ကျွန်တော့် အမြင်ကတော့ ဒီကိစ္စတွေဟာ ကျွန်တော် တစ်ယောက်တည်းနဲ့ မရပါဘူး။ ပါတီတွေကလည်း ၀ိုင်းလုပ်မှ ရမယ်။ ပါတီတွေအပြင် CSO (အရပ်ဘက် လူ့အဖွဲ့အစည်း) တွေကလည်း ပါတီတွေနဲ့ပေါင်းပြီး ပညာပေးရပါမယ်။ မီဒီယာတွေကလည်း ပညာပေးပြီးတော့ အဲဒီကျမှ လူထုက နားလည်လာပြီးတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။ ၂၀၁၄ မှာ လိုအပ်တဲ့ Voter Education လုပ်ပါမယ်။ ၂၀၁၅ မှာတော့ အနီးကပ် ကြပ်မတ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ကျင်းပပေးသွားမယ်လို့ ပြောချင်ပါတယ်'' ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်သည့် ဥပဒေများကို လေ့လာသုံးသပ်သည့်အဖွဲ့ ဖွဲ့ကာ လေ့လာမှုများလည်း ပြုလုပ်နေကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နေရာအားလုံးနီးပါး အနိုင်ရရှိခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာမူ လွတ်လပ်လွန်းခဲ့ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်ခဲ့ကြောင်း၊ ပါတီငယ်များအတွက် နစ်နာမှုများ ရှိခဲ့ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ယင်းအပေါ် NLD ပြောရေးဆိုခွင့်ရှိသူနှင့် အဆိုပါ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဦးဉာဏ်ဝင်းက ''လွတ်လပ်လွန်းတယ် ဆိုတာတော့ မရှိပါဘူး။ လွတ်လပ်တာပဲ ရှိတယ်။ လွတ်လပ်တာကို အလွဲသုံးစား လုပ်တဲ့သူတော့ ရှိချင်ရှိမယ်လေ။ ဒါပေမဲ့ ဒီစကားလုံး အသုံးအနှုန်းကိုတော့ သိပ်သဘော မကျဘူး။ ဒါဆိုရင် စည်းကမ်းတွေ များလာမယ်။ စည်းကမ်းတွေ များလာရင် မလွတ်လပ်တော့ဘူး။ မလွတ်လပ်ရင် ဒီမိုကရေစီ မဖော်နိုင်ဘူး။ ကျွန်တော်ကတော့ အဲဒီလို ပြောင်းပြန်တွေးတယ်'' ဟု ပြောကြားသည်။
ယင်းကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျတအောင် လုပ်ဆောင် ပေးမည်ဟု ပြောကြားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ပြောဆိုနေကြသည့်အပေါ် The Daily Eleven က မေးမြန်းရာတွင် ကော်မရှင်ဥက္ကဋ္ဌက ''ဒါက သူတို့အပိုင်းနဲ့ သူတို့ပဲ။ ကျွန်တော့်အပိုင်းက ရွေးကောက်ပွဲ ကျင်းပပေးဖို့ပဲ။ လူထုက ဆန္ဒရှိတဲ့ သူတွေကို ရွေးချယ်ပေးတဲ့ နေရာမှာ လွတ်လပ်တရားမျှတဖို့ပဲ လိုတယ်။ ဖွဲ့စည်းပုံ အရတော့ သူတို့ ဘယ်လိုအယူအဆနဲ့ ပြောတာလဲတော့ မသိဘူး။ ကျွန်တော့် ဘက်ကတော့ ဘယ်လို ဖွဲ့စည်းပုံလာလာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ လုပ်ပေးတာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပဲ။ ဒီအတိုင်း လုပ်ဆိုလည်း လုပ်မှာပဲ။ ပြင်တယ်ဆိုလည်း ပြင်တဲ့အတိုင်း လုပ်ပေးမှာပဲ'' ဟု ပြန်လည် ဖြေကြားသည်။
Eleven Media Group

အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



တောင်ငူမြို့ရှိ တည်းခိုးခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

အောက်တိုဘာ ၁၁ ရက်နေ့ ည ၈နာရီ ၅၀ အချိန် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဧည့်ရိပ်သာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ်ကွက် ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တောင်ငူ
ခရိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

၎င်းအခန်း ၆ နှင့် ကပ်လျှက် အခန်း (B) တွင်တည်းခိုသူ နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင် ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

နောက်ဆုံးသတင်းအရ  ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော အသက် ၂၂ အရွယ် အမျိုးသမီးမှာ တောင်ငူ ပြည်သူ ဆေးရုံတွင် ယနေ့ည ၁၁နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးခဲ့ပြီး ယင်းအမျိုးသမီးမှာ ညောင်လေးပင်မြို့မှ မယုယုခိုင် ဖြစ်ကြောင်း သိရှိရပါတယ်.

Tropical Cyclone 02B သည် Cat 5 ဆင့် Super Cyclonic Storm PHAILIN သို့ပြောင်းပြီ

                        Super Cyclonic Storm PHAILIN: Current Data
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
11 Oct, 18:00 0 hrs 16.9 N 87.1 E 140 kts 5 Click Here Click Here Click Here
Storm Tracker Map

Tropical Cyclone 02B သည် Cat 5 ဆင့် Super Cyclonic Storm PHAILIN သို့ပြောင်းပြီး အိန္ဒိယနိုင်ငံ သြရိသပြည်နယ် Brahmapur မြို့အပေါ်တည့်တည့်မှ ဖြတ်ကျော်မည်ဟု TSR မှဖော်ပြ။
Super Cyclonic Storm PHAILIN: Probability of Cat 1 or above winds to 12 hours lead
 Storm Tracker Map

Super Cyclonic Storm PHAILIN: Probability of tropical storm winds to 36 hours lead

Ref:http://www.tropicalstormrisk.com/ Storm Tracker Map

အားပြင်းတဲ့ "ဖိုင်လင်း" မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် အတွင်းကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းတိုင်းထွာ ချက်အရ မြန်မာပြည်ကို ဦးတည်မနေပေမဲ့ အင်အားပြင်းထန်တာကြောင့် ကမ်းရိုးတန်း ဒေသတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်တွေကဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အခုအခါ ဖိုင်လင်းအမည်ရှိ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းဒေသဖက်ကို ရွေ့လျားနေပါတယ်။ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဖက်ကိုဦးတည်နေပြီး အိန္ဒိယနိုင်ငံဘက်ကကို ၀င်ရောက်နိုင်တယ်လို့ ပြီး မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဖိုင်လင်းမုန်တိုင်း။ဖိုင်လင်းမုန်တိုင်း။


“၁၁ နာရီခွဲ တိုင်းတာချက်အရဆိုရင်တော့ မုန်တိုင်း ဖိုင်လင်းဟာဆိုလို့ရှိရင် ပုသိမ်မြို့ရဲ့အနောက်တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ၊ ဘီလူးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်ပေါ့လေ။ အဲဒီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုးလေဝသခန့်မှန်းချက်တွေအရ ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေကို ၁၂ ရက်နေ့ ညသန်းခေါင်နဲ့ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဖြတ်မယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်။”

မုန်တိုင်းဟာမြန်မာပြည်ကို ဦးမတည်ပေမဲ့ ပြင်းထန်တာကြောင့် ကမ်းရိုးတန်းဒေသတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးကျော်မိုးဦးက သတိပေးပါတယ်။

“မုန်တိုင်းရဲ့ဗဟိုချက်မှာလည်း အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကိုမိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိပါတယ်။ မြန်မာနိုင်ငံဘက်ကို မဖြတ်ပေမဲ့ ဒီမုန်တိုင်းဟာ အတော်လေး အားကောင်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် ကျနော်တို့ကမ်းရိုးတန်းမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီးတော့ လှိုင်းကြီးနိုင်တာပေါ့လေ။ မိုးသက်လေပြင်းကလည်း တစ်နာရီကိုမိုင် ၅၀ လောက်အထိ တိုက်နိုင်ပါတယ်။ အဓိက ကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ပေါ့လေ။ အဲဒီဘက်မှာ မုန်တိုင်းကနေ ရိုက်ခတ်လာတဲ့လေပြင်းတွေ တိုက်ခတ်လာနိုင်တာပေါ့လေ။”

မုန်တိုင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေ၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့တွေ၊ မြန်မာ့အသံ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက FM ရေဒီယိုဌာနတွေကိုလည်း ပေးပို့ထားတယ်လို့ ပြောပါတယ်။ မုန်တိုင်း အဖျားခတ်နိုင်တဲ့ ရခိုင်ပြည်နယ် မောင်းတောမြို့ဖက်အခြေအနေကို ဒီနေ့မွန်းလွဲပိုင်းက မေးမြန်းကြည့်ရာမှာတော့ -

“ဒီမှာကတော့ ရာသီဥတုအခြေအနေ ကောင်းပါတယ်။ အခုအခြေအနေမှာတော့ သာယာပါတယ်။ မုန်တိုင်းသတိပေးထားတာ ဘာမှ မရှိသေးပါဘူး။”

မောင်းတောဒေသခံတစ်ယောက်ပြောသွားတာပါ။ စစ်တွေဘက်ကို မေးမြန်းရာမှာလည်း စစ်တွေမြို့ဘက်မှာ ရာသီဥတုသာယာနေတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာဘက်ကအခြေအနေကိုလည်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မနက်ပိုင်းက နည်းနည်းနေသာတယ်။ နေ့ခင်းကျောလေးက အုံ့တယ်။ အခု နေပြန်သာနေတယ်။ လေလေးတော့ ခါတိုင်းထက်စာရင် ပိုတိုက်တာပေါ့။”

မိုးကြိုကာလဖြစ်တဲ့ မေနဲ့ဧပြီလတွေနဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေဟာ အများအားဖြင့် မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းဝင်ရောက်တတ်တဲ့ရာသီတွေဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ ၂ရက်နေ့က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို ၀င်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁ သိန်းခွဲလောက် သေဆုံးခဲ့ရသလို  ၂၀၁၀ ခု အောက်တိုဘာလ၂၂ ရက်က ရခိုင်ပြည်နယ်ကို ၀င်ရောက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူ ၁၅၀ လောက်သေဆုံးခဲ့ရပါတယ်။ Storm Tracker Map

မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

11OCT-warning-11

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး မူလခန့်မှန်းကြောင်းအထက်သို့ ၁၁ မိုင်ခန့် ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် Brahmapur မြို့အပေါ်တည့်တည့်မှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်လျှင် မုန်တိုင်း ဒီလှိုင်းအမြင့် ၅၆ ပေရှိမည်ဖြစ်ပြီး မုန်တိုင်းအားအပြင်းဆုံး စက်ဝန်း အချင်းမိုင် ၈၃ မိုင်ခန့် ရှိမည်ဖြစ်ကြောင်း နောက်ဆုံးရရှိသည့် JTWC warning – 11 တွင် ဖေါ်ပြထားပါသည်။ မုန်တိုင်းသည် အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီအချိန်တွင် ကုန်းတွင်းသို့ စတင် ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်း တစ်နာရီ ၁၆၆ မိုင်မှ မိုင် ၂ဝဝ အထိ ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းထားရာ အင်အား အပြင်းဆုံး စူပါဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းတင်ရတော့မည်ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိ အရွယ်အစား အချင်း ၂၁၅ မိုင်ခန့် ရှိနေပြီး၊ မုန်တိုင်းဒဏ်ခံရနိုင်မည့် ကမ်းရိုးတန်း အရှည် မိုင် ၄ဝဝ ကျော်ရှိကြောင်း တွေ့ရပါသည်။

ပထမအကြိမ် ရွှေမန္တလေးရတနာပုံချန်ပီယံခါးပတ်လုပွဲ စောငမန်း(မြန်မာ)နှင့် ပါဝိ(ထိုင်း)တို့ သရေကျ



ပထမအကြိမ် ရွှေမန္တလေး ရတနာ ပုံချန်ပီယံခါးပတ်လုပွဲ မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောင်မြေမန္တလာ အားကစားခန်း မ၌ အောက်တိုဘာ ၈ရက် ညရနာ ရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။ချန်ပီယံခါးပတ်လုပွဲတွင် စောငမန်း(မြန်မာ)နှင့် စိန်ခေါ်သူ ပါဝိ(ထိုင်း)တို့မှာ ငါးချီရေကုန်ရေ ခန်းထိုးသတ်ခဲ့သော်လည်း အရှုံး အနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ သည်။

''ဒီနေ့ပွဲကတော့ မန္တလေး လက်ဝှေ့ဝါသနာရှင်တွေ ကြိုက် နှစ်သက်တဲ့ ပွဲကောင်းတစ်ပွဲဖြစ် တယ်။ အခုပွဲက လက်ရည်မျှပြီး ဘယ်သူမှ လက်သာမှုမရှိဘူး။ ပါ ဝိက ထိုးလုံးထိုးကွက် သတ်လုံးစုံ ပြီး အပူးအချုပ်ကောင်းရုံသာမ က စောငမန်းရဲ့တိုက်ကွက်တွေကို စနစ်တကျ ခုခံကာကွယ်နိုင်ခဲ့ပါ တယ်''ဟု မြန်မာ့ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ဒိုင်ချုပ်ဦးဒေါင်းနီက ပြောကြားသည်။

သုံးချီပွဲတွင် မာန်(ကျားဖြူ) က ကျော်ခိုင်ဖြိုး(ပတ်မစိန်)ကို ပထမအချီတွင်လည်းကောင်း၊ ဇော်ချစ်အောင်(စွမ်းကေကေ)က မာန်(စဉ့်ကိုင်)ကို တတိယအချီ တွင်လည်းကောင်း၊ ဗထူးမောင် (ဗထူး)က ရှိုးလေး(စစ်ကိုင်း)ကို ဒုတိယအချီတွင်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပြီး လေး ချီပွဲစဉ်တွင် ငွေဇေယျာ(စစ်ကိုင်း) က ဘူတာကျား(မတ္တရာ)ကို ဒု တိယအချီတွင်လည်းကောင်း၊ မင်း နိုင်ထွန်း(စွမ်းကေကေ)က နေသူ ဝင်း(ပတ်မစိန်)ကို ပထမအချီတွင် လည်းကောင်း အသီးသီး အနိုင် ရရှိသွားသည်။

ငါးချီစိန်ခေါ်ပွဲတွင် ၁၂ တောင် ကျား(ကျားဖြူ)က ဂျက် (မတ္တရာ)ကို တတိယအချီတွင် လည်းကောင်း၊ မိုးမခ(စွမ်းကေ ကေ)က ရှမ်းကြီး(အဖြူရောင် သွေးသစ်)ကို စတုတ္ထအချီတွင် လည်းကောင်း၊ အယ်လေးက ကြယ်စင်ဖြိုး (အဖြူရောင်သွေး သစ်)ကို တတိယအချီတွင်လည်း ကောင်း အသီးသီးအနိုင်ရရှိသွား သည်။ စလုကာ(ဝမ်ချိုင်း)နှင့် ဝမ်းစတား(ရွှေဖူး)တို့ပွဲစဉ်တွင် အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ကျခဲ့ကြောင်း သိရသည်။

[ မန်းကို ကို ၊ အောက်တိုဘာ ၈ ၊ မန္တလေး ] - Yangon Media Group

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်


(ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်မြင့်စိုး(ယာ) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ဂွမ်မော် (ဝဲ) တို့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးနှုတ်ဆက်နေစဉ်။ (အောက်တိုဘာ ၁၀၊ ၁၃)
11.10.2013
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စံနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ KIO ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာရေး အတွက်ပဲ တိုင်းရင်းသားတွေက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ထွက်လာရင် ပြည်တွင်းစစ်လည်း ငြိမ်းချမ်းသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဖက်ဒရယ်စနစ်ကို အစိုးရနဲ့ စစ်တပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေဘက်က နားလည်သဘောပေါက်ရင် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ထိုးစရာမလိုဘဲ ပြည်တွင်းစစ် အလိုလိုငြိမ်းချမ်းသွားမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ကေအိုင်အို ခေါင်းဆောင်တွေအကြား မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီး နောက်တနေ့မှာပဲ KIO အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောကြားလိုက်တာပါ။

“သမိုင်းကြောင်းတလျှောက်အရ ပြောမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ပေါ့ဗျာ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တော်လှန်ရေးဟာ ဒီ ဖက်ဒရယ်ကြောင့်ပဲလေ။ ဒီတော့ ခွဲထွက်ရေးဆိုပြီး အစိုးရက ထိုးစစ်ဆင်တယ်၊ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကြောင့် ခုခံစစ်လုပ်တယ်၊ ဆိုတော့ ဒီအတွက်ကြောင့်ပဲ ပြည်တွင်းစစ်ဖြစ်လာတယ်။
“..ဆိုတော့ ဒီ ဖက်ဒရယ်ဆိုတဲ့ဟာကို အားလုံးက ကောင်းကောင်း သဘောပေါက်ပြီး လက်ခံသွားပြီဆိုလို့ရှိရင် ဒါ စနစ်တစ်ခုဖြစ်တယ်၊ ဒီစနစ်ကို နိုင်ငံအတွင်းမှာ တည်ဆောက်သွားလို့ရှိရင် ပြည်တွင်းစစ်က ငြိမ်းသွားမှာပဲ။ ဘာမှ တမင်တကာ Ceasefire agreement တွေတောင် လုပ်နေစရာ မလိုဘူးပေါ့နော်။
“…ဆိုတော့ ဒီဥစ္စာက ကြန့်ကြာစေတဲ့အချက်ဖြစ်သလို သဘောပေါက်သွားရင် အမြန်ဆုံးပြီးသွားစေမယ့် ဖက်ဒရယ်က priority ဖြစ်ပါတယ်။ အခုက ဖက်ဒရယ်ကိစ္စကို ဝန်ကြီးဦးအောင်မင်းရော - လွှတ်တော်ထဲမှာရော အစိုးရရော တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေပါ ပြောနေကြပြီဆိုတော့ သူတို့လည်း အတိုင်းအတာတစ်ခုမှာ လက်ခံတဲ့အနေအထား ရှိလာပြီဆိုတော့ လွန်ခဲ့တဲ့အချိန်မှာလာခဲ့သလောက် ဒီတကြိမ်မှာ သူတို့ဒီအဆင့်ကို လက်ခံခြင်းအားဖြင့် အမြန်ဆုံးပြီးသွားမယ်တော့ ထင်တာပဲ။”

မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မြန်မာအစိုးရနဲ့ ကေအိုင်အိုအကြား သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တော့ မရနိုင်သေးပါဘူး။ အဲဒီလို ကြန့်ကြာနေတာဟာ နှစ်ဖက် အသေးစိတ် နားလည်မှုရအောင် တည်ဆောက်နေတဲ့အတွက်ဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“တဘက်နဲ့တဘက် အရစ်ရှည်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုပြီးတော့ ခိုင်မာတဲ့အနေအထားတစ်ခုကို ဖန်တီးသွားဖို့အတွက်က အနုစိတ်သွားတဲ့ ခြေလှမ်းမျိုး ဖြစ်နေတော့ ကြန့်ကြာသလို ဖြစ်တာပေါ့။ ဒါ ပိုပီးတော့ ခိုင်မာတဲ့အနေအထားတရပ်ကို၊ နိုင်ငံရေးစနစ်ကိုရောက်သွားအောင် အနုစိတ်ဆန်တဲ့ခြေလှမ်းနဲ့သွားနေလို့ ကြာနေတယ်လို့ ကျနော်က အဲလိုမြင်တယ်။”

နောက်ဆွေးနွေးပွဲတွေမှာ သူတို့ဘက်က ထည့်သွင်းဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့အချက်တွေနဲ့ ပတ်သက်လို့လည်း ဦးဒေါင်ခါးက အခုလို ဆက်ပြောပါတယ်။

“သဘောတရားက- Nationwide Ceasefire က အစိုးရရော ဒီအဆင့်ကို ကျော်ဖြတ်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးကိုလုပ်ရမယ်။ အုပ်ချုပ်ပုံစနစ်တွေကို ပြည်သူဗဟိုပြုစနစ်နဲ့တည်ဆောက်သွားရမယ်။ ကျနော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကလည်း ဒီနိုင်ငံရဲ့ Transition တစ်ခုကို ကျော်ဖြတ်ရမယ် ဆိုတာ သိတယ်။
“…ဆိုတော့ Nationwide Ceasefire ဟာ အစိုးရတစ်ခုတည်းတင်မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက်လည်း လိုပါတယ်။ ဒီလို သဘောပေါက်တဲ့အနေအထားမှာ နှစ်ဦးနှစ်ဘက်က အပြုသဘောဆောင်တဲ့ခြေလှမ်းမျိုးနဲ့ သွားသင့်ပါတယ်။ အဲဒီတော့ ဒီ စစ်ရေးပိုင်းဆိုင်ရာ ကိစ္စကို ကျနော်တို့ကလည်း အခုနကပြောသလိုမျိုးပေါ့နော် အသေးစိတ် ဆွေးနွေးရမယ့် အနေအထားရှိတယ်။
“...ဆိုတော့ နောက်တစ်ခေါက် agenda ကျရင် Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်း ချဉ်းကပ်မယ်ဆိုတဲ့ဟာကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ …ဆိုတော့ ဘယ်အခြေခံပေါ်မှာ ဆွေးနွေးမလဲလို့စဉ်းစားရင် ကျနော်တို့အားလုံးကို ကြည့်တဲ့အတိုင်းပဲ။ ကျနော်တို့မေးထားတဲ့ဟာက အစိုးရဘက်ကနေ စီမံချက် ဘယ်လိုမျိုးရှိသလဲဆိုတဲ့ဟာကို ကျနော်တို့ တောင်းထားတယ်။ အခု ဆက်တောင်းတုန်းပဲ။ အစိုးရကလည်း ဒါကို ပေးပို့မယ်လို့ ပြောပါတယ်။
“…ဆိုတော့ ဒီအစိုးရကနေ ရေးဆွဲထားတဲ့ စီမံချက်တွေ အပေါ်မှာ ကျနော်တို့က Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍကနေ ပါရမယ်၊ ဘယ်ဘက်ကို ဦးတည်သွားရမယ်ဆိုတဲ့ဟာကို အဲဒီအပေါ်မှာ ကျနော်တို့ ဆွေးနွေးမှာပါ။”

KIO ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်ပါဝင်ခဲ့တဲ့ ဦဆွန်လွတ်ဂန်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့က ကချင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်တွေကို ဒီကနေ့ ပြန်လည် ရှင်းလင်းပြခဲ့တယ်လို့ သိရပါတယ်။

KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီတို့ နောက်တကြိမ်တွေ့ကြဖို့ စီစဉ်ထားပေမယ့်လည်း ဘယ်တော့ တွေ့ဖြစ်မယ်ဆိုတဲ့အပေါ် ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ် ခင်ဗျား။


မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရာက်သူများ။

ကိုဇော်ဝင်းလှိုင်(VOA)

Friday, October 11, 2013

နေမိသားစုအပြင်ထွက်သွားတဲ့ Voyager 1


 11.10.2013
လူလုပ်ယဉ်တစီး နေမိသားစုရဲ့ အပြင်ဘက်ကို ပထမဆုံးထွက်သွားနိုင်တာကို နက္ခတ္တဗေဒ ပညာရှင်ဒေါက်တာဝင်းသာထွေးက ပြောပြထားပါတယ်။

Voyager 1 နဲ့ 2 ၂ စင်းကို နာဆာက လွှတ်တင်ထားတဲ့ထဲက Voyager 1 ဟာ နက်ရှိုင်းတဲ့ အာကာသ ဟင်းလင်းပြင်ရှိရာကို ထွက်သွားနိုင်ပြီဖြစ်ပါတယ်။

ဒီယဉ်ထဲမှာ ကမ္ဘာကြီးရဲ့တည်နေရာပြမြေပုံ၊ လူနဲ့  တိရိစ္ဆာန်မျိုးစုံရဲ့ ပုံတွေ၊ အသံတွေ၊ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ အသံ၊ ခေတ်ပေါ်နဲ့ ခေတ်ဟောင်းဂီတတွေ သာမက  ပင်လယ်ကမ်းခြေက ရေလှိုင်းပုတ်သံတွေ အပါအဝင်၊ ကမ္ဘာမြေပြင်ဆိုင်ရာ အချက်အလက်မျိုးစုံကို ရွှေဓါတ်ပြားလေးနဲ့ ထည့်ပေးလိုက်တာပါ။  နေစင်္ကြဝဋာ အပြင်ဘက်မှာ လွင့်မျောရင်း တစုံတယောက်က တွေ့သွားရင် ဆက်သွယ်နိုင်အောင် စီစဉ်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒေါ်ခင်မျိုးသက်(VOA)

ဘန်ကီမွန်းနဲ့ဦးသိန်းစိန် ဘရူနိုင်းမှာတွေ့


ကုလသဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ အာဆီယံအစည်းအဝေးတွင် တွေ့ဆုံကြစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)

မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘရူနိုင်းနိုင်ငံက အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေကို ရောက်ရှိနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ သောကြာနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ ကုလသမဂ္ဂတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက တွေ့မြင်လာရတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေနဲ့ ပတ်သက်လို့ ချီးကျူးသွားပါတယ်။ ဒါပေမဲ့လည်း လူမှုအသိုင်းအသိုင်းကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းရေး ဆက်လက်ကြိုးပမ်းသွားဖို့၊ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းပြီး စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေး အကောင်အထည် ဖော်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တဲ့အကြောင်း ကုလမဂ္ဂရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။ 
ဗွီအိုအေ (မြန်မာဌာန)

မြန်မာဌာန | သတင်းများ အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

kio-govt-peace-305.jpg
မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ကေအိုင်အိုနှင့် အစိုးရဆွေးနွေးပွဲ ၃ ရက်မြောက်နေ့ အောက်တိုဘာလ ၁ဝ ရက်နေ့မှာ အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ကေအိုင်အို ကိုယ်စားလှယ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ကို တွေ့ ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒီနေ့နောက်ဆုံးနေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးရဲ့ ညီလာခံကျင်းပဖို့၊ နှစ်ဖက်တပ်တွေ တိုက်ပွဲမဖြစ်အောင် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီဖွဲ့ဖို့ အပါအဝင် အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပါတယ်။
၃ ရက်ကြာဆွေးနွေးပွဲဟာ အောင်မြင်တဲ့ဆွေးနွေးပွဲဖြစ် တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"ကျနော်တို့ အကြမ်းဖျင်းအားဖြင့် သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးနိုင်ပါတယ်၊ နံပါတ် ၁ ကတော့ ကျနော်တို့ပြောပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်၊ IDP တွေ နေရာချထားရေးကို Pilot Project အနေနဲ့ ရွာလေးရွာကို ဆောင်ရွက်ပါမယ်၊   စောင့်ကြည့်ကြီးကြပ်ရေးကော်မတီနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဖွဲ့ဖို့နဂိုကတည်းက မူအားဖြင့်သဘောတူပြီးသားဖြစ်ပါတယ်၊ အောင်မြင်တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲဖြစ်တယ်ဆိုတာ ကျနော်ပြောချင်ပါတယ်၊"

ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ အောင်မြင်မှုရှိသလို ပိုပြီးပွင့်လင်းတိုးတက်တဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
"ပွင့်ပွင်းလင်းလင်း ဆွေးနွေးတာ အရင်ဟာနဲ့မတူတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်၊ ဒီတစ်ခေါက်ကျတော့ ဒီတပ်ပိုင်းဆိုင်ရာများလည်း တော်တော်များများ အရေးကြီးတဲ့အချက်တွေကျတော့ ဒီဆွေးနွေးခန်းထဲမှာ ဆွေးနွေးတယ်၊ စောင့်ကြည့်ကြီးကြပ်ရေးကိစ္စတွေ တချို့မူအပိုင်းတွေချလို့ အဆင်ပြေသွားတာပေါ့နော်၊ စောင့်ကြည့်ကြီးကြပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မလဲ၊ ပြီးတော့ဒီအောက်မှာ mechanism တွေကို ဘယ်လိုပုံစံမျိုးနဲ့ချမလဲ၊ နောက်တစ်ခုက နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းတွေကို ဘယ်လိုလိုက်နာရမလဲအပိုင်းကို ဆွေးနွေးကြတာဖြစ်ပါတယ်"
နှစ်ဖက်သဘောတူညီချက်တွေထဲမှာ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ကျေးရွာ ၄ ရွာကို ရှေးဦးစီမံချက်ချမှတ်ပြီး အကောင်အထည်ဖေါ်သွားမယ်လို့လည်းပါရှိပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကေအိုင်အိုအနေနဲ့ တက်ရောက်ဖို့ အစိုးရဖက်က ဖိတ်ကြားလိုက်တယ်လို့လည်း သဘောတူညီချက်မှာ ပါရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး တက်ရောက်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲအထိ ဖြစ်လာအောင် အစိုးရဘက်ကလည်း ကြိုးပမ်းနေကြောင်း သိရပါတယ်။
၃ ရက်ကြာ အစိုးရနဲ့ ကေအိုင်အိုဆွေးနွေးပွဲကို အပတ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့၊ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ရဲ့  အထူးကိုယ်စားလှယ် Mr. Vjay Nambiar ၊ တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ် Mr. Wang Ying Fan တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ၃ ရက်ကြာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို RFA အဖွဲ့သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နှစ်ဖက်သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့က ဦးဒေါင်းခါးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။


RFA