Pages

Saturday, November 23, 2013

ကျောက်ဖြူ တိုက်ခိုက်မူနှင့် ဆက်စပ်ပြီး လူ (၃) ဦး ဖမ်းဆီးခံရ


(နိရဉ္စရာ- ၂၃ နိုဝင်္ဘာလ ၂၀၁၃)

ကျောက်ဖြူမြို့ရှိ ဗလီ တစ်လုံးအား တိုက်ခိုက် ဖြိုဖျက်မူနှင့် ပတ်သက်ပြီး ပါဝင်သူများဟု သံသယ ဖြစ်ခံရသူ (၃)  ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု  သတင်း ရရှိသည်။

ထိုသို့ သို့ ဖမ်းဆီးလိုက်သည်ကို ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသော်လည်း ဖမ်းဆီးခံရသူများ၏ အမည်နှင့် နေရပ်လိပ်စာကိုမူ ပြောဆိုရန် ငြင်းဆိုသည်။

“ သုံးဦး ဖမ်းတယ်ခင်ဗျား။ ကျွန်တော်က ဒီအမူကို ကိုင်ထားတဲ့ လူ မဟုတ်တဲ့ အတွက် ဘယ်သူတွေလည်းဆိုတာ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းရဲအရာရှိက ဆိုသည်။

ကျောက်ဖြူမြို့တွင် လွန်ခဲ့သော နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေက သဗ္ဗာန်ချောင်းရပ်ကွက်ရှိ အစောင့်အရှောက် မရှိသော ဗလီ တစ်လုံးအား အမည်မသိသူ တစ်စုမှ ၀င်ရောက်ဖြိုဖျက်ခဲ့ကြောင်း၊ သို့အတွက် ဗလီမှာ အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ပါဝင် ပတ်သက်သူများဟု သံသယ ရှိသူများကို ရဲက ဖမ်းဆီးခဲ့ကြောင်း ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

“ ဘေးက အဖီထိုးချထားတဲ့ ၀ါးကွပ်ပျစ်တွေ ပြိုကျသွားတယ်လို့ ကြားရပါတယ်။ သိပ်များများစားစားတော့ မဟုတ်ဘူးလို့ သိရတယ်။ ဖြစ်တာက ဒုက္ခသည် စခန်းက မွတ်ဆလင်တွေက အဲဒီ ဗလီမှာ ၀တ်ပြုခွင့် တောင်းတယ်လို့ သတင်းတွေ ထွက်လာတယ်။ သူတို့ကို မြို့တွင်းထဲကို ၀င်ခွင့်ပြုရင် မီးရှို့ တိုက်ခိုက်မူတွေ ထပ်ဖြစ်မယ် ဆိုပီး သူတို့ မ၀င်ရအောင် လူတစ်စုက သွားဖျက်ကြတယ်လို့ ကြားရပါတယ်” ဟု ယင်းက ဆိုသည်။

၎င်းဗလီမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ကျောက်ဖြူမြို့ သဗ္ဗာန်ချောင်း ရပ်ကွက်တွင် ကျန်ရှိခဲ့ကြောင်း၊ တနှစ်နီးပါး ရဲက တာဝန်ယူ စောင့်ရှောက်ခဲ့သော်လည်း လွန်ခဲ့သောလက အစောင့်အရှောက်များကို ရုတ်သိမ်းသွားခဲ့ကြောင်း၊ တစ်လကျော် အစောင့်အရှောက် မရှိဘဲ ရှိနေခဲ့ရာမှ ယခုလတွင် ထပ်မံ တိုက်ခိုက်မူ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီင်္းခံရသူ (၃) ဦးနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ဦးသန္တာမောင်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ ဖမ်းဆီးခံရသူ (၃) ဦး ရှိသည်မှာ ဟုတ်မှန်ကြောင်း၊ သူတို့အထဲမှ မောင်လှပုမှာ တိုက်ခိုက်ရာတွင် ပါဝင်သူ မဟုတ်ဘဲ ပစ္စည်းအချို့ကို ၀င်ရောက် သယ်ယူစဉ် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသူ (၃) ဦးအား ယမန်နေ့က ရုံးထုတ်ခဲ့ပြီး ရမန်ယူကာ စစ်ဆေးရန် ကျောက်ဖြူထောင်ကို ပို့လိုက်သည်ဟု သိရသည်။
(နိရဉ္စရာ- ၂၃ နိုဝင်္ဘာလ ၂၀၁၃)

ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

 
ကျောင်းမရှိ၍ ဘုန်းကြီးကျောင်းအောက် စပါးတောင်း ဆရာနှင့် စာသင်ကြားနေရသော ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် အတွင်းရှိ မူလတန်းကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ အလှူရှင် တစ်ဦးက အမေရိကန်ဒေါ်လာ ငါးသောင်း ကူညီလှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းအလှူငွေအား ဂျပန်နိုင်ငံ တိုကျိုမြို့နေ အလှူရှင် Mr.IKKA AKINARI ကိုယ်စား Mr.HAN JAEHTEOH က သပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရမှ တဆင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က လှူဒါန်းလိုက်ကြောင်း နိုဝင်္ဘာလ ၂၂ ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

အလှုငွေ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ a၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူသာသနာ့ ဗိမာန်တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် အလှူရှင် ကိုယ်စား MR. HAN JAEHYEON က မြန်မာနိုင်ငံသည် အလွန် နှစ်သက်စရာ ကောင်းပြီး မြန်မာလူမျိုးတို့သည် ရိုးသားဖြူစင်ကြသဖြင့် ကလေးငယ်များ မူလတန်း ပညာရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုကို တည်ထောင် ရာတွင် ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးပါအရာရောက်သည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာရည်မြင့်မားမှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
 
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ ခရိုင်ပညာရေးမှူးရုံးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
သီတဂူဆရာတော်ကြီးအား အကူအညီနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် အတွက် နိရဉ္စရာက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုံးပိတ်ထားသည်ဟု အကြောင်းပြန်ပြီး ဆက်သွယ်၍ မရရှိခဲ့ပါ။
၎င်း အလှူရှင် Mr.IKKA AKINARI ယခင်ကလည်း စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးဒေသရှိ မူလတန်းကျောင်း အတွက် ကျပ်သိန်း ၅၀၀ နှင့် ဆေးရုံအတွက် ကျပ်သိန်း ၁၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခု အလှူငွေသည်  ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=7907#sthash.HAcX2aDy.dpuf

ဖွဲ့စည်းပုံ ပြင်ရေး NLD ပါတီဥက္ကဋ္ဌ သမ္မတထံ စာပို့မည်

အခြေခံဥပဒေ ပြုပြင်ရေး သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ တွေ့ဆုံကြရန် သမ္မတ ဦးသိန်းစိန် ထံ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့မည်ဖြစ်သည်။ 




ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံတွင် အဓိက အကျဆုံးသော ကိစ္စရပ်တခုဖြစ်
ပြီး ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စေရန် သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ တွေ့ဆုံ 
ဆွေးနွေးရေး  ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်အား စာဖြင့် မေတ္တာရပ်ခံရန် ယနေ့ အစည်း အဝေးက ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

ရွှေတူးဖော်ရေး ကုမ္ပဏီ တောင်ဖြိုပြီး မြေစာများ စွန့်ပစ်မှု ဒေသခံများစိုးရိမ်

 
စဥ့်ကူး ၊ နိုဝင်ဘာ ၂၁ ။ ။
မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အတွင်းရှိ ခူလယ်အုပ်စု ရေမျက် ကျေးရွာအနီးတွင် ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုသည် တောင်ဖြိုခြင်း နှင့်မြေစာများ စည်းကမ်းမရှိ စွန့် ပစ်ခြင်း တို့ကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ''ကု မ္ပဏီကစွန့်ပစ်မြေစာတွေက ရွာ ဧရိယာထဲကို တဖြည်းဖြည်းရောက် လာပြီ။ နောက်ပြီး တောင်တွေ ဖြိုတဲ့အခါ မိုင်းခွဲပြီးဖြိုတာကြောင့် တောင်ခြေအနီးက အိမ်တွေဆို တောင်ပေါ် ကကျလာတဲ့ ကျောက် တုံးတွေကြောင့် စိုးရိမ်နေရတယ်။ ကုမ္ပဏီ ကိုပြောတော့လဲ မရဘူး။ စည်းကမ်းမရှိ ဆက်ပဲလုပ်နေကြ တယ်''ဟု ရေမျက်ကျေးရွာသူ တစ်ဦးက ပြောသည်။

အဆိုပါကုမ္ပဏီသည် အစ ကနဦး စိုက်ပျိုးရေးကို အကြောင်း ပြကာ ဝင်ရောက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တောင်များကိုဖြို ကာ ရွှေတူးဖော်ခြင်းများ လုပ် ကိုင်လာကြောင်း၊ ယင်းသို့ စည်း ကမ်းမရှိလုပ်ကိုင်နေမှုကို သက် ဆိုင်ရာမှ လာရောက်ကြည့် ရှုစစ် ဆေးသင့်ကြောင်း ဒေသခံများ လိုလားလျက်ရှိကြောင်း ထပ်မံ သိရသည်။

သန်းထွေးဦး - Yangon Media Group

ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးမှာ အခက်အခဲရှိကြောင်း ကုလပြောကြား

 
ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအပေါ် ဒေသခံတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း စစ်တွေအခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA မှ တာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြော ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေဟိုတယ်မှာ RFA ရဲ့ သီးသန့်မေးမြန်းမှုမှာ ခုလို ပြောခဲ့တာပါ။
စစ်တွေအခြေစိုက် UNOCHA ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ Mr. Jon Bugge က စကားပြန်ကတစ်ဆင့် အခုလိုပြောပါတယ်။

“အစိုးရအနေနဲ့ ရေရှည်စီမံချက်တစ်ခု ရေးဆွဲနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လတ်တလောရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲတွေကတော့ အဖွဲ့အစည်းတွေက ဘယ်လိုအကူအညီပေးတယ်၊ ဘယ်သူတွေကို အကူအညီပေးတယ် ဆိုတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့အမြင် လွဲမှားမှုဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး ဒေသခံတွေကို ကူညီနေကြတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရင်ကထက်ပိုပြီး သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ လိုအပ်ချက်တွေကို နားထောင်ပေးဖို့လိုအပ်သလို ပြည်သူလူထုနဲ့ ဆက်သွယ်ရေးကိုလည်း ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်လို့ Mr. Jon Bugge က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက အကူအညီပေးတဲ့ အစီစဉ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား မျှတမှုမရှိဘူးလို့ ရခိုင်တိုင်းရင်းသားတွေက ပြောဆိုဝေဖန်နေကြပါတယ်။

RFA Burmese

လာမည့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲ ကော်ရှင်ဥက္ကဋ္ဌ ပြောကြား

 ရွှေပြည်သာ အလုပ်သမားဆန္ဒပြပွဲ( သတင်းမှတ်တမ်း-စည်သူ)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည် မဟုတ်ဘဲ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်သာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန်အတွက် နည်းဥပဒေကို ပြင်ဆင်လျက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော မဟာဗျူဟာ စီမံချက်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ကော်မရှင်ဥက္ကဋ္ဌက သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည်ဟု သတင်းထွက် နေခြင်းမှာ မှန်ပါသလားဟူသော သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အပေါ် ''မဟုတ်ပါဘူး။ ၂၀၁၅ နှောင်းပိုင်ဖြစ်မှာပေါ့'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တစ်ခုဖြစ်ရန် အတွက်လည်း မဟာဗျူဟာ စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျင်းပပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ၏ အားနည်းချက်များ ထပ်မံမဖြစ်ပေါ် စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲလျက် ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

နည်းဥပဒေတွင် ကြိုတင်မဲများနှင့် ပတ်သက်၍ နံနက် ၆ နာရီနောက်ပိုင်းမှ ရောက်လာသော မဲများကို ပယ်မဲအဖြစ် သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးငွေကို ငါးသိန်းမှ လျှော့ချခြင်း စသည်တို့ကို ကော်မရှင်အနေဖြင့် စီစဉ်ထားကြောင်းနှင့် နိုင်ငံရေးပါတီများကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
Eleven Media Group

တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၃၅ဦး ထက် မနည်း သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်စဉ်။ (နိုဝင်ဘာ ၂၂၊ ၂၀၁၃)။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။ လူပေါင်း ၁၆၅ ဦး လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက်က ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Qingdao မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ စက်မှုလုပ်ငန်းတွေမှာ လုံခြုံရေးစနစ် အားနည်းတာကြောင့် မကြာမကြာ ပြဿနာတတ်လေ့ကြုံရတဲ့ တရုတ်နိုင်ငံတွင်း အခုလို မတော်တဆမှုတွေဖြစ်နေရာမှာ ဒါဟာ နောက်ဆုံးအဖြစ်အပျက်တခုပါ။

အစိုးရပိုင် ဓာတ်ငွေ့ပိုက်လိုင်းဟာ သောကြာနေ့အစောပိုင်းက ယိုစိမ့်မှုဖြစ်ပြီး၊ အလုပ်သမားတွေက ပိုက်လိုင်းကို ပြင်ဆင်နေချိန် နာရီပိုင်းအကြာမှာပဲ အခုလို ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲမှုကြောင့် လမ်းတွေ ထိခိုက်ပျက်စီးသလို၊ အနီးအနားက ကားတွေလည်း ထိခိုက်သွားပါတယ်။

မီးခိုးမဲတွေလည်း မြို့ပေါ် လွှမ်းသွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အနီးအနားက ဆေးရုံတွေမှာ ပို့ဆောင် ကုသပေးနေရတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာနက ကြေညာပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်သွားဖို့ တရုတ်သမ္မတ Xi Jinping က တာဝန်ရှိသူတွေကို
တိုက်တွန်းထားပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

အစိုးရတပ်ထိုးစစ်ဆင်နေကြောင်း ပလောင်အဖွဲ့ သတင်းထုတ်ပြန်

အစိုးရတပ်က ပလောင် လက်နက်ကိုင် တပ်ဖွဲ့ကို အပြင်းအထန် တိုက်ခိုက်နေတယ် ဆိုတာနဲ့ပတ်သက်ပြီး ပလောင်ပြန်ကြားရေးဌာနက "တအန်းတပ် ၁၁၂ တပ်စခန်းသို့ မြန်မာတပ်ပေါင်းစု အပြင်းထန် ထိုးစစ်ဆင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားပါတယ်။  

  ရှ့တန်းစခန်းတခုမှာ တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင် တဦး (ဓာတ်ပုံများ – ကျော်ခ / ဧရာဝတီ)

၂၂ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ် မြန်မာတပ်မတော် ခလရ ၄၅၊ ၁၄၃ နှင့် ၂၉၀ ပူးပေါင်းစစ်ကြောင်းတို့သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအုပ်စု ဂျရမ်းရွာအထက်တောတန်းတွင် ပျောက်ကျား အခြေစိုက် နေသော တအန်း တပ်မတော် တပ်ရင်း ၁၁၂ အား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ညနေ ၁၆း၃၀ နာရီ ခန့်မှ ၁၈း၃၀ နာရီ မိုးချုပ်သည်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွား ခဲ့သည်။ 

ညနေ ၁၅း၀၀ နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ပြီး တအန်းတပ်ရှိရာတောင်ကုန်းသို့ အပြင်းအထန်ထိုးစစ်ဆင်လာရာ ၁၆း၃၀ နာရီခန့်တွင် တအန်းတပ်ထောင်ထားသည့် ရှေ့ထွက်မိုင်း ၁၀ လုံးကျော် ပေါက်ကွဲကာ မြန်မာတပ်ဖွဲ့မှ အနဲဆုံး ၁၀ ဦးကျော်ကျဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြသည်။ 

ထိုနောက် ရှေ့ဘက်သို့ကျွံပြီးရောက်လာသော မြန်မာတပ်ဖွဲ့ ခလရ ၄၅ ၏ ရှေ့ထွက်ပွိုင့်တပ်ဖွဲ့နှင့် တအန်းတပ်ဖွဲ့တို့ စတင်ပစ်ခတ်ကြပြီး၊ မိုင်းထိပြီး ထိခိုက်ကျဆုံးသောတပ်ဖွဲ့ဝင်များအား ကူညီရှင်းလင်းရန် မြန်မာ ပူးပေါင်းတပ်တို့ ဆက်တိုက် ထိုးစစ်ဆင်လာခဲ့သည်။ 

ထို မြန်မာပူးပေါင်းတပ်တို့သည် တအန်းတပ်ဖွဲ့၏ ပြောက်ကျားစခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ ဆက်တိုက်ပစ်ပြီး အတင်းထိုးတက်ခဲ့သော်လည်း မိုးချုပ်သည်အထိ ကျဆုံးဒါဏ်ရာရသူများ များပြားလာသဖြင့် နောက်ပြန်ဆုတ်ကာ ညနေ ၁၈း၃၀ နာရီခန့်တွင် တိုက်ပွဲအဆုံးသတ်ခဲ့သည်။ 

ခလရ ၁၄၅ နှင့် ၁၄၃ မှ တပ်ဖွဲ့တချို့တို့သည် ထိုဂျရမ်းရွာ မြောက်ဘက်ရှိ ဂျုံနောရွာတွင် ဝင်ရောက် နားခိုလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာတောင်ပေါ်သို့ အချိန်မီ စစ်ကူမရောက်နိုင်ခဲ့ပေ။ 

ပြည်သူ့စစ်အပါအဝင် အင်အား ၃၀၀ ခန့်ရှိသော ထိုမြန်မာစစ်ကြောင်းသည် ထိုတိုက်ပွဲဖြစ်ပွားရာနေရာမှ ဆုတ်ခွာကာ သာပန်းကုန်းတောင်ပေါ်အနီး ဝါရော့ရွာသို့ ပြန်လည်တပ်ဆုတ်ခဲ့ကြသည်။ 

ထိခိုက်ဒါဏ်ရာရရှိသူ ၂၀ ကျော်မှ ဒါဏ်ရာပြင်းထန်သူ ၁၀ ဦးကျော်ကို ငေါ့ငှားရွာဘက်မှတဆင့် နမ့်ဖက်ကာ ဖက်သို့ သယ်ဆောင်ဆေးကုသမည် ဖြစ်သည်။ 

တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် ထိုပြောက်ကျားစခန်းတွင် ဆက်လက်တပ်စွဲလျှက်ရှိပြီး မြန်မာပူးပေါင်းတပ် ထပ်မံတက်အလာကို စောင့်ဆိုင်းနေလျှက်ရှိသည်။ 

သတင်းနှင့်ပြန်ကြားရေးဌာန 

P.S.L.F/T.N.L.A 

ဧရာဝတီ Blog 

တဲအိမ်ငယ်ထဲက စိန်တစ်ပွင့်နှင့် နန်းတော်ကြီးထဲက ရွှံ့ခဲများ

                                           လင်းအောင်ပြည့် - ရေးသည်။
ပဲခူးဆယ်မိုင်ကုန်းရှိ ပင်စင်စားစစ်ဗိုလ်ချုပ်များနှင့် ၀န်ကြီးများပိုင်ဆိုင်သည်ဆိုသော မြေဧကပေါင်းများစွာနှင့် နေအိမ်ခြံဝန်းကျယ်ကြီးများသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ကိစ္စတစ်ခုနှင့် မတော်တဆရောက်ဖူးခဲ့သည်။
အနည်းဆုံး (၅)ဧကနှင့်အထက်ကျယ်ဝန်းသော ခြံဝန်းကြီးများထဲတွင်သီးပင်၊စားပင်များစွာ ဝေဆာလျှက် မြက်ခင်းစိမ်းစိမ်းများ၊ အလှစိုက်ပန်းခင်းကြီးများနှင့် ရေတံခွန်ငယ်လေးများအပြင်
ကျောက်ဆောင်ကျောက်တုံးများနှင့် စမ်းချောင်းငယ်လေးများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ခဲ့ရသည်။ ခြံဝန်းကျယ်ကြီးများနှင့်စာလျှင် အတန်ငယ်သေးငယ်သည်ဟု ထင်ရသော ဘန်ဂလိုသာသာ တိုက်အိမ်ငယ်လေး
များကိုလည်း တံခါးပိတ်လျှက်သားအနေအထားဖြင့် မြင်တွေ့ခဲ့ရသဖြင့် မေးမြန်းစပ်စုကြည့်ရာ အမြဲတမ်းနေသည့်အိမ်များမဟုတ်ဘဲ တစ်ခါတစ်ရံမှသာ စစ်ဗိုလ်ချုပ်ဟောင်းကြီးများနှင့် ၄င်းတို့၏ သားသီးများ လာရောက်
အပန်းဖြေအနားယူလေ့ရှိကြောင်း သိခဲ့ရသည်။ စိတ်ထဲတွင်လည်း " သြော်...သူတို့အတွက်တော့ အနားးယူဖို့ပန်းခြံတောင် VIP ပန်းခြံနဲ့ပါလား " လို့ မကျေမချမ်းနှင့်တွေးမိခဲ့ပါသေးသည်။

အခုတစ်ကြိမ်တွင်လည်း ပဲခူးသို့သွားရန်အကြောင်းတစ်ခုက ဖန်လာခဲ့ပြန်ပါသည်။ မကြာသေးခင်ရက်ပိုင်းအတွင်းက အင်တာနက်စာမျက်နှာများပေါ်တွင် လူသိများခဲ့သော တို့ဗမာအစည်းအရုံးဝင် အဘိုးသခင်လှကြိုင်အား
သွားရောက်တွေ့ဆုံ၍ဂျာနယ်အတွက် အင်တာဗျူးလေးတစ်ခုတင်ဆက်နိုင်ရန်ဖြစ်သည်။ အဖိုးသခင်လှကြိုင်အား ဖေ့စ်ဘုတ်စာမျက်နှာပေါ်သို့ ပထမဆုံးတင်ပေးခဲ့ပြီး ယခုအချိန်ထိလည်း အစစကူညီပေးနေသော ပဲခူးမြို့ခံ ကိုကြည်လင်းနှင့်
ကိုနေ၀င်းတို့၏အကူအညီဖြင့် အဘိုးနေထိုင်ရာ အိုးလေးစုရပ်သို့ရောက်ရှိခဲ့သည်။ မြောင်းငယ်လေးများရေခန်းနေချိန်မျိုးတွင် တွေ့ရတတ်သောရွှံ့ခြောက်များနှင့်ပြည့်နက်နေသည့် ခနော်နီခနော်နဲ့ မြေသား လမ်းငယ်လေးများကို လမ်းလျှောက်
ဖြတ်သန်းရင်း တဲစုစုအိမ်တန်းငယ်လေးများကြားမှ ထူးမခြားနားခြေတံရှည်တဲလေး တစ်လုံးဆီကျွန်တော်တို့ရောက်ရှိချိန်တွင် အသက် (၉၀)ကျော် မျက်လုံးတစ်ဖက်မမြင်ရှာသည့် အဖိုးအိုတစ်ဦးက အပြုံးများဝေေ၀ဆာဆာဖြင့် ဆီးကြိုနေလေသည်။
" အဘက မျက်စိကောင်းကောင်းမမြင်ရတော့ ဖျာတွေဘယ်နားရှိမှန်းမသိဘူးကွဲ့၊ ကိုယ့်ဟာကိုယ်သာ ကြည့်ယူပြီးထိုင်ကြနော်..." ဟုသောစကားဖြင့်လည်း ပဋိသံသာရပြုသည်။
ဝါးခြမ်းလေးများကျို့တို့ကျဲတဲခင်းထားသော အိမ်ငယ်ကလေးတွင် အဘိုးအနားယူ လှဲလျောင်းသည့် အိပ်ယာလေးမှအပ ကျန်နေရာများတွင် မည်သည့်ဖျာတစ်ချပ်ကိုမျှ မတွေ့ရသဖြင့် ၀ါးကြမ်းခင်းလေးများပေါ်တွင်ပင်ထိုင်ရင်း အဘိုးဘ၀ဇာတ်ကြောင်းများကို
မေးမြန်းကြည့်မိသည်။

ဟင်္သာတမြို့နယ်၊ ကရင်အင်းရွာဇာတိ သခင်လှကြိုင်ခေါ် ကိုလှကြိုင်ကို ဆန်စက်ပိုင်ရှင် ဦးအောင်ဖွင့်နှင့်ဒေါ်တိုး တို့မှ ၁၂၈၄ခု ၊ နတ်တော်လဆန်း (၇)ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်တွင် အကြီးဆုံးသားဖြစ်ကြောင်းနှင့် (၁၆)နှစ်သားအ၇ွယ်တွင်
ဗိုလ်ရန်နိုင်၊သခင်ထွန်းအုပ်တို့ ဟင်္သာတသို့ရောက်ရှိစဉ် တပ်မတော်ထဲသို့ ၀င်ရောက်ခဲ့ကြောင်းသိရသည်။ " အဲဒီအချိန်က အဘတို့နယ်မှာ ချစ်တီးတွေသိပ်ကိုသောင်းကျန်းနေကြတာ၊ အကြွေးမပေးနိုင်ရင် လယ်သိမ်း၊ယာသိမ်းလုပ်ရုံတင်မက သမီးပျိုလေးတွေကိုပါ
သိမ်းတဲ့အထိဖြစ်နေကြတာ၊ အဲဒါနဲ့အဘလလည်း မခံချင်ဖြစ်ပြီး ဒီကောင်တွေကို ပြန်တိုက်ချင်တာနဲ့ စစ်တပ်ထဲဝင်ခဲ့တာ။ အဲဒီတုန်းက ဟင်္သာတမြို့မှာ ဗိုလ်ရန်နိုင်တို့ရောက်နေတယ်ကြားတာကိုး...၊ ဒါကြောင့်ရွာဦးကျောင်းကဆရာတော်ရဲ့ အကူအညီနဲ့ ဗိုလ်ရန်နိုင်ရဲ့
တပ်ရင်း (၁)မှာဝင်ရောက်ပြီးစစ်မှုထမ်းခဲ့တာပါ " ဟုလည်း လေသံနှေးနှေးဖြင့်ခပ်ဖြေးဖြေးဆိုရှာသည်။ နောက်ပိုင်းမှာ တို့ဗမာအစည်းအရုံးဝင်ဖြစ်လာပြီး ၁၈နှစ်သားအရွယ်မှာ လွတ်လပ်ရေးသမိုင်းဝင်တိုက်ပွဲများစွာကို တိုက်ခဲ့တဲံအကြောင်းကိုလည်းပြောပြခဲ့သည်။
" ၁၈ နှစ်သားမှာ ဗြိတိသျှအစိုးရကိုတော်လှန်တဲ့ တိုက်ပွဲတွေတိုက်ခဲ့ရတာပေါ့၊ ရွှေတောင်တိုက်ပွဲကတော့ နာမည်ကြီးပဲလေ...ဂျပန်တွေနဲ့အတူ အင်္ဂလိပ်ကိုတော်လှန်ခဲ့တာ၊ အဲဒီတိုက်ပွဲက ဂျပန်စစ်ဗိုလ် ဗိုလ်မုတ်ဆိတ်ကြောင့်အနိုင်ရခဲ့တယ်လို့ပြောရမယ်...နောက်ဆုံးမှာ
လက်ပစ်ဗုံး(၆)လုံးကို သူကိုယ်မှာချိတ်ပြီး အသက်စွန့်ခဲ့တာ။ ဂျပန်တွေက တစ်ကယ့်ကိုအသေရက်စက်တယ်၊ " ဟူသောစကားများကိုလည်း အတိတ်ကိုပြန်လွမ်းသည့် မျက်ဝန်းများဖြင့်ပြန်ပြောပြနေသည်။

ဖက်ဆစ်တော်လှန်ရေးတွင်လည်း သာယာဝတီအနောက်ခြမ်းရှိ စံရွေးဖိုးခေါင်အရပ်တိုက်ပွဲနှင့်မော်လမြိုင်ဒေသတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန်တို့ကို အမိမြေပေါ်မှမောင်းထုတ်ခဲ့သည်။ ဘယ်ဘက်လက်ဖျံနှင့်ညာခြေမျက်စိတို့တွင်သေရာပါဒဏ်ရာကြီးများကို
တိုင်းပြည်အတွက်ပေးဆပ်စတေးခဲ့ပြီး ၀မ်းလိုင်း သရီးစတား (ထိုစဉ်က တပ်ကြပ်ကြီး) ရာထူးဖြင့် တော်လှန်ရေးကြီးအပြီးတွင် ဗိုလ်ထွန်းလှတပ်ရင်းမှ အငြိမ်းစားယူခဲ့သည်။ ထို့နောက်တွင် မော်လမြိုင်သူ ဒေါ်ဝက်နှင့်သားသမီးနှစ်ဦးထွန်းကားခဲ့ပြီး တာမွေမြို့နယ်

မေတ္တာညွှန့်ရပ်ကွက်နှင့် မြောက်ဥက္ကလာပတို့တွင် နေထိုင်ခဲ့ကာ နောက်ဆုံးတွင် ယခုနေထိုင်ရာပဲခူးမြို့သို့ ရောက်ရှိလာခဲ့ရကြောင်း သူ့ဘ၀ဟောင်းကို ပြန်ပြောပြခဲ့သည်။ " အစကတော့ ဆေးဆိုးပန်းရိုက်လုပ်တာပေါ့၊ တစ်နှစ်လောက်အကြာမှာ ပုသိမ်ညွှန့်မီးလောင်လို့
ရှိတာတွေအကုန်ပါသွားတယ်၊ အဘ ဘ၀ရဲ့အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ တပ်ထွက်ခွင့်လက်မှတ်တွေလည်း မီးထဲပါသွားတယ်၊ အဲဒီကနေ မြောက်ဥက္ကလာပ (ဈ)ရပ်ကွက်ကိုပြောင်းတယ်၊ အဘက ဇာတ်လည်းဝါသနာပါတာမို့
"အောင်လင်း တက်ခေတ်စိန် " ဇာတ်ထဲမှာ ငှက်တော်ဆိုတဲ့ နာမည်နဲ့ လူရွှင်တော်လုပ်ခဲ့သေးတာ၊အဲဒီနောက်ပိုင်းမှ အိုးလေးစုကိုပြောင်းသွားပြီး လုပ်ငန်းတွေလည်းအစဉ်မပြေ ၊သားသမီးတွေကလည်း ဒုက္ခတွေရောက်ကြလို့ အခုလို ပဲခူးတံတားပေါ်မှာ
ရှာဖွေစားသောက်နေရတာပေါ့..." ဟု သူ့ဘ၀၏ ခါးသီးဖွယ်နေ့ရက်များကို မှတ်မှတ်ရရပြန်ပြောနေခဲ့သည်။

အဘိုး သခင်လှကြိုင်ပြောပြနေသော ရင်နင့်ခါးသီးဖွယ် ဒုက္ခများကို နားထောင်နေရင်း ကျွန်တော်တို့ရောက်ရှိနေသော တဲသာသာအိမ်အိုကလေးမှနေ၍ ကျွန်တော့်စိတ်အစဉ်တို့က လွန်ခဲ့သော(၃)နှစ်ခန့်က ရောက်ရှိခဲ့ဖူးသည့် ဧကများစွာကျယ်ဝန်းသော ပန်းခြံများနှင့်
အိမ်လှလှလေးများကိုလည်းကောင်း စားဝတ်နေရေးအတွက် ပန်းရောင်းစားခဲ့ရပါတယ် ဟုဆိုသော သဇင်၊သစ်ခွခြံများနှင့်ရွှေချထားသော ကုလားထိုင်များပေါ်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး၏ ပုံရိပ်များကိုလည်းကောင်း ပြန်လည်မြင်ယောင်နေမိသည်။ ထို့အတူ တိုင်းပြည်ကို နည်းမျိုးစုံဖြင့်ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ဟောင်းကြီးတစ်ဦး နန်းတော်ကြီးတမျှ ထည်ဝါလှသော အိမ်ကြီးထဲတွင် အေးအေးလူလူစာဖတ်ခွင့်ရနေသည့် အချိန်တွင် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ပြီး မည်သည့်အခွင့်အရေးမှ မရရှိခဲ့ရှာသော အဘိုးသခင်လှကြိုင်တစ်ယောက်မှာတော့ လူစည်ကားရာ ပဲခူးတံတားပေါ်တွင် လောကဓံကြမ်ကြမ်းများကို အံတုခုခံလျှက် ၀မ်းရေးအတွက်တောင်းရမ်းနေခဲ့ရပေလိမ့်မည်။

တာဝန်သိပြည်သူများ၏ ၀ိုင်းဝန်းဖော်ထုတ်ကူညီခဲ့မှုကြောင့် ယခုအချိန်တွင် အဖိုးသခင်လှကြိုင်တစ်ယောက် အနည်းငယ်အသက်ရှုချောင်ခွင့်ရခဲ့သော်လည်း တဲအိမ်အိုလေးအတွင်းကတော့ ဒီစာရေးနေသည့်အချိန်အထိ ထွက်ခွာခွင့်မရနိုင်ရှာသေးပေ။ ဘာပဲဖြစ်ဖြစ်
မစွန့်ဘဲစားနေကြသည့် နန်းတော်တမျှအိမ်ကြီးများထဲမှ တန်ဖိုးမဲ့ရွှံ့ခဲများနှင့်စာလျှင် ကျွန်တော်တို့ပြန်ရှာတွေ့ခဲ့သော အဘိုးသခင်လှကြိုင်သည် တဲအိမ်ငယ်လေးထဲမှ စိန်တစ်ပွင့်သာဖြစ်ကြောင်း ပြည်သူအပေါင်းက ယုံကြည်နေကြမည်သာ...။

လင်းအောင်ပြည့် (အာရှအလင်းဂျာနယ်၊ အတွဲ (၁) အမှတ် (၃၃)

Friday, November 22, 2013

အမေရိကန်ရဲ့ အာရှစစ်အင်အား တရုတ် စိန်ခေါ်

 
တရုတ်နိုင်ငံက စစ်ရေးခေတ်မှီအောင် တဟုန်ထိုး လုပ်ဆောင်နေတာဟာ အာရှပစိဖိတ်ဒေသတွင်း ဆယ်စုနှစ်နဲ့ချီပြီး အမေရိကန်စစ်တပ်ရဲ့ အရေးပါမှုကို စိန်ခေါ်နေသလို ဒေသတွင်း လုံခြုံရေးဆိုင်ရာ ချိန်ခွင်လျှာ ညှိပြီး ပြောင်းလဲဖို့ ကျိုးစားနေတယ်လို့  အမေရိကန်လွှတ်တော် အမတ်တွေရဲ့ တရုတ်ဆိုင်ရာ မူဝါဒရေးရာ အကြံပေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်-တရုတ် စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လှန်သုံးသပ်ရေးကော်မရှင် က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ နှစ်ပါတ်လည် အစီရင်ခံစာမှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကွန်ပြူတာဆိုင်ဘာ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ညွှန်ကြားနေသလို ကိုယ်တိုင်လည်း လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ စွပ်စွဲလိုက်ပါတယ်။  ဒါ့အပြင် ဒီလို ထောက်လှန်းလုပ်ဆောင်မှုတွေ ရပ်ဆိုင်းသွားအောင်  ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်တယ်လို့လည်း အကြံပေးထားပါတယ်။

အမေရိကန်ဘက်က ဒီစွပ်စွဲမှုတွေအတွက် တရုတ်အစိုးရက တစုံတရာ တုန်ပြန်တာမျိုး မလုပ်သေးပါဘူး။ ဒါပေမယ့် မနှစ်တုန်းကတော့ ဒီအဖွဲ့ရဲ့ စွပ်စွဲမှုတွေဟာ စစ်အေးခေတ်တုန်းက ပုံစံအတိုင်း လုပ်နေတာလို့ တဂုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုံ့ချပြစ်တင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကုလ တိုက်တွန်းချက် မမျှတဟု မြန်မာအစိုးရဆို

 
ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ်ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေး ကော်မတီ အစည်း အဝေးမှာ ချမှတ် ခဲ့တဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ တိုက်တွန်းတဲ့ ကိစ္စ နဲ့ ပတ်သက်လို့ မြန်မာ အစိုးရက ပယ်ချလိုက် ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး သုံးနှုန်းမှုကို လက်မခံ ကြောင်းနဲ့ ရခိုင် ပြည်နယ် အတွင်းမှာ ရှိနေတဲ့ ဘင်္ဂါလီ လူမျိုးတွေထဲက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီ သူတိုင်းဟာ နိုင်ငံသား ဖြစ်ခွင့် ရှိမယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

မှန်ကန်တဲ့ စာရင်း ဇယား ရဖို့ အတွက် မြန်မာ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနက စာရင်း ကောက်ယူမှုတွေ ပြုလုပ်ရာမှာ ဒုက္ခသည် စခန်းတွေမှာ ရှိနေကြတဲ့ ဘင်္ဂါလီ တွေက ပူးပေါင်း ပါဝင်မှု မရှိလို့ လုပ်ဆောင်နိုင်ခြင်း မရှိ ဖြစ်နေတယ်၊ ဒါကိုတော့ ကုလ သမဂ်ဂ ဘက်က ထောက်ပြခြင်း မရှိတာဟာ မမျှတ ဘူးလို့ ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့် အရေး ဆုံးရှုံးနေမှု တွေကို မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ဖို့ ကုလ သမဂ်ဂက ထောက်ပြ နေတာနဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရ အနေနဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှုမျိုးကို လက်မခံကြောင်းနဲ့ နှစ်ဘက် စလုံးက ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူ ထားတယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ ဒုက္ခသည် စခန်းထဲမှာ ရှိနေ ကြသူတွေ ထဲက ခိုးဝင်သူနဲ့ ကျန်သူတွေကို ခွဲခြားလို့ မရနိုင်သေးလို့ လုံခြုံရေး အရ သွားလာမှုတွေ ကန့်သတ်ထားရတာ ဖြစ်တယ်၊ ကိုယ်နိုင်ငံရဲ့ အခြေ အနေ အရ လိုအပ်သလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရှမ်းဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ


ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက်ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ မန်စီမြို့နယ် ကောင်လွင်ရှမ်းရွာက ဒုက္ခသည်တွေဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့က အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တွေအကြား ကောင်လွင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စီခမ်းကြီးကျေးရွာကို ရောက်ရှိနေကြတာပါ။

အဲဒီ ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေဟာ အခြေခံစားကုန်၊ အဝတ်အထည်နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က RFA ကို ပြောပါတယ်။

“သူတို့အနေနဲ့ စားဖို့သောက်ဖို့ အခက်အခဲ၊ နောက်နေဖို့ထိုင်ဖို့ အခက်အခဲ ကြုံနေရပါတယ်၊ စားရေးသောက်ရေး အခြေအနေက လောလောဆယ် ဘုန်းကြီးက ကျွေးနေရတာပေါ့လေ၊ ကလေးတွေက တမံသလင်းမှာပဲ သင်နေရတယ်၊ နောက်ရေးစရာ စားပွဲခုံမရှိဘူး၊ စာရွက်စာတမ်းတွေ မပြည့်စုံဘူး၊ ခုဆိုရင် ဆောင်းရာသီက အေးလာတဲ့အခါကျတော့ ဇရပ်မှာနေရတယ်၊ အမိုးအကာမရှိဘူး၊ အဝတ်အထည်တွေ လောက်ငှအောင်မရှိဘူး၊ နောက်စောင်လိုအပ်တယ်၊ အဲဒါတွေက အရေးပေါ်အခြေအနေ လိုအပ်နေတယ်၊ အခုစခန်းတွေမှာ အခြားဒုက္ခသည်တွေ အများကြီးရောက်နေတယ်၊ အဲဒီကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ တစ်ခုမှ မရောက်သေးဘူး”

မန်စီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေကြောင့် နန့်လင်းပါ၊ မုန်းဒိန်ပါ၊ ကောင်လွင်စတဲ့ ရွာတွေက ဒေသခံပြည်သူတွေဟာ ဗန်မော်ခရိုင်ထဲက နီးစပ်ရာဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နန့်လင်းပါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီရွာက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကော ဒေသခံတွေပါ ဘေးလွတ်ကို ရှောင်ပြေးနေကြပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နီးစပ်ရာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံပြည်သူ ၁ သိန်းဝန်းကျင်လောက်ရှိနေပြီး ပြည်နယ်တစ်ခုလုံး စစ်ဘေးဒုက္ခသည်စခန်း ၂၀ နီးပါးရှိတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

RFA Burmese

» ပြည်တွင်းရွှေဈေး ဆက်တိုက်ကျ

 
သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်

အမေရိကန်၏ ငွေချေးလုပ်ငန်းစနစ် ပြောင်းလဲမည့်သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးထိုးကျလာပြီး ပြည် တွင်းရွှေဈေး တစ်ရက်အတွင်း ၄၀၀၀ ကျပ် ကျဆင်းလာသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

နိုဝင်ဘာ ၂၀ တွင် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ၆၇၂,၀၀၀ ကျပ်ဈေးရှိရာမှ ၂၁ ရက်တွင် ၆၆၈,၀၀၀ ကျပ်ထိ ကျဆင်းလာသည်။ နိုဝင်ဘာလ ၁၈ တွင် ပြည်တွင်းရွှေဈေး ၆၇၇,၀၀၀ ကျပ်ဈေးရှိနေ ရာ ၂၁ ရက်ဈေးအရ သုံးရက်အတွင်း ၈,၀၀၀ ကျပ်ထိ တောက်လျှောက် ကျဆင်းလာသည်။

တိတ်စိန်ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းဈေးပါ ထပ်ကျလာတာပါ၊ တစ်ရက်တည်းကို လေးထောင်လောက်ကျသွားတယ်၊ တောက်လျှောက်ကျဦးမယ်လို့ မှန်းနေကြတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၂၇၄ ဒေါ်လာဈေးရှိရာမှ ၂၁ ရက်တွင် ၁,၂၄၆ ဒေါ်လာ ဈေးထိကျဆင်းလာသည်။ ပြည်တွင်းရွှေပေါက်ဈေးသည် သင်္ကြန်ကာလနောက်ပိုင်း အနိမ့်ဆုံး ဈေးဖြစ်သည်။

သီဟကိုကို - Mizzima - News in Burmese

Thursday, November 21, 2013

ကလေး ၂ ဦး သေဆုံးမှု ကို ရဲခေါ်စစ်၊ မွတ်စလင်မ် များနှင့် မဆိုင်ကြောင်းပေါ်ပေါက်


ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် 
(ဓာတ်ပုံ – Reuters)

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၁၃။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

ကျောက်တော်ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော်သည် နေအိမ်မှ ပျောက်ဆုံးသွားသောကြောင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ နံနက် ၂ နာရီ မိနစ် ၃၀ တွင် ရွာနှင့် အနည်းငယ်လှမ်းသော လယ်ကွင်းတနေရာတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွင် ထိုးသွင်းဒဏ်ရာတချို့ ရှိသော်လည်း မျိုးဥ(Spam)များ မတွေ့ရှိရကြောင်း သိရသည်။

ပေါက်တော်ဖြစ်စဉ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ခမီးလူမျိုးများ နေထိုင်သည့် စောမဲကျီရွာတွင် အသက် ၅နှစ်အရွယ် မဇလပ်ဝါသည် ညနေပိုင်းတွင် အပေါင်းအသင်းများနှင့် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ကျေးရွာလူကြီးများနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြေကြီးတွင်းတခုမှ ဦးခေါင်းထိပ်ကို ထိုးသွင်းထားသော ဒဏ်ရာဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု လုံးဝမရှိကြောင်း သိရသည်။

ကျောက်တော် မြို့မရဲစခန်းမှူး ဦးအောင်မြင့်ဦးကလည်း “ ကျနော်တို့ဘက်ကတော့ လောလောဆယ် မသင်္ကာသူတချို့ကို ခေါ်ယူစစ်ဆေးနေတာပဲ ရှိပါသေးတယ်။ အသေးစိတ် စစ်ဆေးနေတာဖြစ်လို့ ဘယ်သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။

သေဆုံးခဲ့သူ ကလေးနှစ်ဦးစလုံးကို ယမန်နေ့က သဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

သို့သော် အဆိုပါကိစ္စကြောင့် ပဋိပက္ခ ဖြစ်ပွားမည့်အရေး ဒေသခံများအကြားစိုးရိမ်မှုများ ရှိခဲ့သော်လည်း လုံခြုံရေး အခြေအနေ မစိုးရိမ်ရကြောင်း ကျောက်တော် မြို့မ စခန်းမှူး ဦးအောင်မြင့်ဦးက ရှင်းပြသည်။

“အခု အခင်းဖြစ်ခဲ့တဲ့ အပေါက်ဝ နယ်မြေဘက်မှာ ရဲတပ်ရင်းတွေရော၊ စစ်တပ်ကရော လုံခြုံရေးက တော်တော်ချ ထားပါတယ်” ဟု သူက ဆိုသည်။

အစိုးရထိပ်ပိုင်း တာဝန်ရှိသူများကလည်း ယခုကိစ္စကြောင့် နောက်ထပ် မလိုလား အပ်သည့် အကြမ်းဖက်တိုက်ခိုက်မှု မျိုး မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် စစ်တပ်လုံခြုံရေးများ ရခိုင်ပြည်နယ် အတွင်း ချထားပြီး လုံခြုံရေးတင်းကြပ် ထားကြောင်း ဒေသခံများနှင့် လုံခြုံရေးအရာရှိများက ဧရာဝတီကိုပြောသည်။

ဧရာဝတီသတင်း (ဧရာဝတီသတင်းထောက် လင်းသန့်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)

ရဲချုပ်များ၊ ထွေအုပ်များနှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးကော်မတီ စိစစ်မည်

 
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်

ရဲချုပ်၊ ထွေအုပ်နှင့် မြို့နယ်ရဲစခန်းများကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက လေ့လာစိစစ်မှုများပြုလုပ်တော့မည်ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲချုပ်နှင့်ရဲစခန်းများကိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး လေ့လာမှုပြုရန် သမ္မတ၏ ညွန်ကြားချက်အရ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရှမ်းပြည်နယ်တာချီလိတ်မြို့သို့ သွားရောက်လေ့လာမှုများ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးကျန် တိုင်းနှင့် ပြည်နယ်များတွင်လည်း လေ့လာစိစစ်မှုများပြုလုပ်သွားမည်ဟု ဦးဝင်းမြင့်ကဆိုသည်။

“ကော်မတီအနေနဲ့ကတော့ ဘယ်နယ်မှာစစ်ဆေးမယ်ဆိုတာကို ကြိုပြောလို့မရပါဘူး။ အုပ်ချုပ်ရေးပိုင်းတွေက မိတ်ကပ်လိမ်းပြင်ဆင်ထားမှာကြောင့်ပါ။ မသွားရသေးတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ကော်မတီဥက္ကဋ္ဌနဲ့တိုင်ပင်ပြီး သွားလေ့လာမယ်။ အဓိကတော့ ရဲချုပ်၊ ရဲစခန်းနဲ့ ထွေအုပ်တွေဆီလေ့လာမယ်” ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကိုပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက တရားရုံးများသို့ လေ့လာစစ်ဆေးတွေ့ရှိ ချက်များအရ တရားခံဟုယူဆရသူများက ဖြောင့်ချက်ပေးရာတွင် ညှဉ်းပန်းနှိပ်စက်ဖြောင့်ချက်တောင်း ခြင်းများရှိသည့်အတွက် မြို့နယ်ရဲစခန်းများကို လေ့လာရခြင်းဖြစ်သည်ဟုလည်း ဦးဝင်းမြင့်ကဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ သမ္မတကသ၀ဏ်လွှာပေးပို့ပြီး မြို့နယ် ရဲစခန်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင် ၀င်aရာက်စစ်ဆေးခွင့် ပေးလိုက်သော်လည်း ထူးခြားမှုရှိမည် မဟုတ်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

“တရားဥပဒေစိုးမိုးဖို့အတွက် သမ္မတကဒီလိုလုပ်ပေးလိုက်တာကောင်းပါတယ်။ ဒါပေမဲ့ တရားဥဒေစိုးမိုး ရေးကော်မတီက ကြားခံပဲဖြစ်တယ်။ ကြားကလက်ဝင်လျှိုတယ်လို့ ကျွန်တော်တော့မြင်တယ်။ တရား ဥပဒေစိုးမိုးရေးအတွက် အစိုးရကလုပ်ရမဲ့အရာပဲ။ ဒီကော်မတီကတွေ့ရှိတာတွေကို ပြန်ပြီးတင်ပြနေရဦး မယ်။ ထူးထူးခြားခြားတော့ ပြောင်းလဲမှုရှိလာမယ်လို့တော့ မထင်ဘူး”ဟု ပြောသည်။

အလားတူပင်တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှလျော့ရဲမှုများလည်း ရှိနေသည်ဟု ဦးဝင်းမြင့်ကဆိုသည်။

“အုပ်ချုပ်ရေးပိုင်းကလည်း အုပ်ချုပ်ရေးပိုင်းအလျောက် တရားဥပဒေစိုးမိုးမှုအားနည်းတာမျိုးတွေ တွေ့ရတယ်။ အခုချိန်ထိတော့ နယ်စပ်မြို့တွေဘက်မှာ သွားရောက်တာဖြစ်လို့ မူးယစ်ဆေးဝါးနဲ့ လယ်ယာမြေ ပြဿနာ အနည်းငယ်လောက် တရားဥပဒေစိုးမိုးမှုမှာအားနည်းတာ တွေ့ရတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းလိုက်သည့် တရားဥပဒေနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီထံသို့ တိုင်စာပေါင်း ၁၅,၀၀၀ ရောက်ရှိနေသည်။ ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေပြီး အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မတီ၏ လုပ်ပိုင်ခွင့်များအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ တရားဥပဒေနှင့်အညီ နေထိုင်ပြုမူလိုက်နာဆောင်ရွက်ရန် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်းများ ပြုလုပ်နိုင်သည်။ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြနိုင်သည်။

ဖိုးစိုးသူ - Mizzima - News in Burmese

ထားဝယ်တိုင်းရင်းသားများပါတီ မှတ်ပုံတင်ပြီ


မြန်မာ့အလင်း

၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစ၍ စတုတ္ထ တန်းနှင့် အဋ္ဌမတန်း စာမေးပွဲများ မြို့နယ် နှင့် ခရိုင်အဆင့် တို့ဖြင့် စစ်ဆေးတော့မည်

 
၂၀၁၃-၂၀၁၄ ပညာသင် နှစ်မှစတင်၍ အခြေခံပညာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အား မြို့နယ်အဆင့်နှင့် ခရိုင်အ ဆင့်တို့ဖြင့် စစ်ဆေးပေးတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုအရ အ ခြေခံပညာစတုတ္ထတန်း (Grade 5)အား မြို့နယ်ဘုတ်အဖွဲ့မှစစ်ဆေး မည်ဖြစ်ပြီးအဋ္ဌမတန်း (Grade -9)အား ခရိုင်(သို့မဟုတ်)တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့များ က စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးစီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
''ကျောင်းသားတွေရဲ့ ပညာအရည်အသွေး မြင့်မားဖို့ လုပ်ဆောင်တဲ့နေရာမှာ မူလတန်း အဆင့် ပြီးဆုံးတတ်မြောက်ခြင်း ကို မြို့နယ်ကနေ စစ်ဆေးပေးပြီး အလယ်တန်းအဆင့် သင်ယူပြီး မြောက်ခြင်းကို ခရိုင်အဆင့်သတ် မှတ်ပြီး စစ်ဆေးပေးသွားမယ်။ကျောင်းသားတွေကိုယ်တိုင် ကိုယ့် ရဲ့ဖြစ်ထွန်းတိုး တက်မှုနဲ့ အားသာ ချက်၊ အားနည်းချက်တွေကို သိ သွားမယ်။ ပိုပြီးတော့လဲ ကြိုးစား လာရမယ်''ဟု ပြောသည်။

ယင်းကဲ့သို့စစ်ဆေးရာတွင် မေးခွန်းလွှာ၌ ဘာသာရပ်အလိုက် ချမှတ်ထားသော သင်ရိုးညွှန်းတမ်း နှင့်အညီစစ်ဆေးရန်၊ အသက်အ ရွယ်၊ ပညာအရည်အချင်းအဆင့် နှင့်ကိုက်ညီသော ဘာသာစကား ဖြင့် စစ်ဆေးရန်နှင့် သင်ရိုးညွှန်း တမ်းတစ်ခု လုံးမှ သင်ကြား ထား သည့်နယ်ပယ်အသီးသီးကို ခြုံငုံမိ အောင် စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဗဟန်း မြို့နယ်ရှိ လက်ထောက်ပညာရေး မှူး ဦးတင်ဖုန်းက ''ပညာရည်မြင့် မားဖို့လုပ်တာဖြစ်လို့ ကျောင်းသား တွေအနေနဲ့ မကြိုးစားလို့မရဘူး။ ကျောင်းတွေမှာ လပတ်စာမေးပွဲ ရှိမယ်။ စာမေးပွဲကြီးအနေနဲ့ ပထမ နှစ်ဝက်ပြီး ရင် ဒုတိယနှစ်ဝက်စာ မေးပွဲဖြစ်သွားမယ်။ နောက်နှစ်ဝက် စာတွေပဲမေးမယ်။ ပညာရေးစီမံ ကိန်းပေါ်လစီနဲ့အညီ လုပ်ဆောင် ရတာကြောင့် ဒီလိုစာမေးပွဲစနစ်ကို ကျင့်သုံးရတာပါ''ဟု ပြောသည်။

မေသဉ္ဇာ- Yangon Media Group

ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် တည်းခိုခန်း ဗုံးဖောက်ခွဲဟုဆို

 
တောင်ငူ၊ နိုဝင်ဘာ ၂၀

တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသော စောထွန်းထွန်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ငွေကျပ် နှစ်သောင်းပေးကာ စေခိုင်းမှုကြောင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ဖော် ဝန်ခံခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။

“စောထွန်းထွန်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားဟောင်းက ခိုင်းစေတယ်လို့ ထုတ်ဖော် ဝန်ခံပေမယ့် ဗုံးဖောက်ခွဲရန် စေခိုင်းတဲ့အချိန်မှာ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းမှာ မရှိတော့ပါဘူးလို့ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းက ငြင်းဆို ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုတွင် အဓိက သံသယရှိသူ စောထွန်းထွန်းကို ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၃) ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောက်ကြီးမြို့နယ် အရှေ့ဘက် ရိုးမတစ်နေရာတွင် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ မြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ယင်းကဲ့သို့ ကာယကံရှင် ဖြစ်သူက ထုတ်ဖော် ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့မ ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်ချက်များအရ စုံစမ်းသိရှိရသည်။

ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် စောထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင် လက်ကောက်ဝတ်သာသာ အရှည်ငါးလက်မခန့် အဖြူရောင် ဇစ်ဆွဲအိတ် အလယ်တွင် သားရေကွင်းပတ် အိတ်တစ်အိတ်ကို ဖွင့်မကြည့်ရန် မှာကြားပြီး ငွေကျပ် ၂၀,၀၀၀ ပေးအပ်ကာ တောင်ငူမြို့ပေါ်တွင် သွားရောက် ချထားရန် စေခိုင်းခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်အနီး ချုံပုတ်တစ်ခုတွင် သိမ်းဆည်းကာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်တွင် ပဲနွယ်ကုန်းမြို့သို့ ဆိုင်ကယ်ကယ်ရီ ငှားစီးကာ ထွက်ခွာလာကြောင်း၊ အဆိုပါ မြို့မှတစ်ဆင့် ခရီးသည် တင်ကားစီးပြီး တောင်ငူမြို့ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိကာ တောင်ငူမြို့ ကန်လမ်း ချမ်းမြေ့ တည်းခိုခန်းတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ နံနက်တွင် တည်းခိုရာ အခန်း၏ ပြတင်းပေါက် ဘောင်ပေါ်တွင် လိုက်ကာချထားကာ ဖုံးကွယ် ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့တွင် တည်းခိုရာနေရာမှ ထွက်ခွာခဲ့ပြီး တောင်ငူ မြို့မဈေးကြီး၌ ဈေးဝယ်ကာ နေအိမ် ကျောက်ကြီးမြို့ သို့ စစ်တောင်း အရှေ့ခရီးသည်တင် ကားကိုစီးကာ နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း စောထွန်းထွန်း၏ ထုတ်ဖော် ဝန်ခံချက်များအရ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ချိန်ကိုက် ထောင်ထားသည့် ဗုံးကြောင့် အဆိုပါ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆/ဘ ၌ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယင်း ပေါက်ကွဲစဉ် အဆိုပါ တည်းခိုခန်းသို့ လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနေမျိုးကျော်ဆိုသူနှင့် အောက်တိုဘာ ၈ ရက်နေ့ ကတည်းက ညောင်လေးပင်မြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက်၂၄ နှစ်အရွယ် မယုခိုင်၊ အသက်၂၇ နှစ်အရွယ် မငြိမ်းသူဆိုသူ နှစ်ဦးတို့အနက် ကိုနေမျိုးကျော်နှင့် မယုခိုင်တို့ နှစ်ဦး သေဆုံးကာ မငြိမ်းသူနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့နှင့် ရန်ကုန်မြို့တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် ပတ်သက်ပြီး KNU စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုး၏ ခိုင်းစေချက်အရ စောမြင့်လွင် (ခ) မောထဆိုသူက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ စောထွန်းထွန်းသည်လည်း ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက် ဆက်နွှယ်နေနိုင်သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့် နိုင်ငံတော်သမ္မတ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇေယျာကို (တောင်ငူ)

The Voice Weekly

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အီးယူမှ ပညာရှင်များက လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းနည်း သင်တန်းပေး

 
လူစုလူဝေးကို စနစ်တကျစီမံထိန်းသိမ်းနိုင်ရန် ဥရောပသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ၁၂ ရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက် နံနက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈) ရဲတပ်ရင်းတွင် အီးယူနည်းပြ အရာရှိခုနစ်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ အား လူစုလူဝေး စနစ်တကျစီမံထိန်းသိမ်းမှုလုပ်ငန်း (Crowed Management)သင်တန်းကို နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပို့ချနေခြင်းဖြစ်သည်။

အလားတူ အရေးပေါ်အခြေအနေ တုံ့ပြန်မှုသင်တန်းကို ဥရောပသမဂ္ဂမှ ကျွမ်းကျင်ပညာရှင်သုံးဦးက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၁ ဦးအား နှစ်ရက်ကြာ သင်တန်းပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်နိုင်ရေးအတွက် သင်တန်းကို အင်ဒိုနီးရှားနိုင်ငံတွင် အခြေစိုက်သည့် အရေးပေါ်အခြေအနေတုံ့ပြန်မှုဗဟိုဌာန ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci ဦးဆောင်၍ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ဖွင့်ပွဲကျင်းပကာ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသင်တန်းကို ဥရောပသမဂ္ဂအဖွဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci မှ ဦးဆောင်သင်ကြားပေးကာ အရေးပေါ်အခြေအနေတုံ့ပြန်မှု သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ကျင်းပခဲ့သည်။

7day Daily

ထိုင်းတွင် အနီရောင် နိုင်ငံကူး လက်မှတ် စာအုပ် ပြုလုပ် ပေးမှု ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက် ကန့်ကွက်

 
ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မှု အများဆုံးဖြစ်သော ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ယာယီ နိုင်ငံကူးလက်မှတ်အစား မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် စာအုပ် (အနီရောင်) ပြောင်းလဲ ထုတ်ပေးမည့်အပေါ် လုပ်သားများ နစ်နာနိုင်သည့်အတွက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်က ယခုလအတွင်း ကန့်ကွက်ကြောင်း ယင်းအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးစိန်ဌေးက The Voice သို့ ပြောကြားသည်။

“ခုလို ယာယီ နိုင်ငံကူး လက်မှတ်ကို ဖျက်သိမ်းပြီး နိုင်ငံကူးလက်မှတ် စာအုပ် ထပ်လုပ်ပေးမယ် ဆိုရင် ပထမဆုံး အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ ပြရမယ်။ မလိုအပ်ဘဲ ငွေကုန် ကြေးကျ များမယ်။ အလုပ်သမားတွေ အားလုံး အခက်အခဲတွေ ကြုံရမယ်။ ဒါကို အမြတ်ထုတ်မယ့် ပွဲစားတွေ ရှိလာမယ်။ ပွဲစားတွေကို လုပ်ကျွေးနေသလို ဖြစ်ပြီး အလုပ်သမားတွေပဲ နစ်နာပါတယ်” ဟု ၎င်းကဆိုသည်။

ယာယီ နိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ) ကို အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရုံးရှိ Complaint Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားသည်။

ထိုင်းနိုင်ငံ စမွတ်ပရာကန်ရှိ ရေထွက် ကုန်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်နေသူ ဦးအောင်သူက “အသစ်ပြန် လုပ်ဆိုလည်း လုပ်ရမှာပဲ။ ဘာမှ မတတ်နိုင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကုန်၊ အချိန် ကုန်ရဦးမှာပဲ။ လုပ်ခက စာအုပ် လုပ်ရတာနဲ့ပဲ ဆပ်လို့မပြီးနိုင် ဖြစ်ရဦးမှာ။ ပွဲစားတွေကိုပဲ လုပ်ကျွေးကြတာပေါ့ဗျာ” ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း နှစ်သန်းကျော် သုံးသန်းခန့် ရှိပြီး ရွှေ့ပြောင်း အလုပ်သမား များကို တရားဝင် အလုပ်သမား ဖြစ်စေရန် မြန်မာ-ထိုင်း အစိုးရက ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံသား စိစစ်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့အထိ မြန်မာ အလုပ်သမား ၁ ဒသမ ၇ သန်းကျော် တို့ကို ယာယီ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာများ ပြုလုပ်ပေးပြီး ဖြစ်ကြောင်းလည်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။

The Voice Weekly

ABSDF နှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ နှစ်လနောက်ဆုတ်

 
ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့၏ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူညီထားသော နိုဝင်ဘာလ အတွင်း ဒုတိယအကြိမ် ပြုလုပ်မည့် ဆွေးနွေးပွဲကို ဇန်နဝါရီလအထိ ရွှေ့ဆိုင်းလိုက်ကြောင်း ABSDF ဗဟိုကော်မတီဝင် ဦးကျော်ကိုက ပြောကြားသည်။

ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများ နိုဝင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေကို အချိန်ပေး နိုင်အောင်လို့ နောက်ဆုတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ဖွဲ့ချင်း ဆွေးနွေးခြင်းထက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ယုံကြည်မှု ရရှိသည်အထိ ဆွေးနွေးရေး တို့ကို ဦးစားပေးပြီး ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း အစိုးရနှင့် ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေး ထားပြီး ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာအတွင်း ပြုလုပ်ရေး အပါအဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ် ရေးထိုးထားသည်။

The Voice Weekly

ရွှေလီနှင့် မူဆယ်တွင် အိမ်ထောင်ရေး မိတ်ဆက်စာ ဝေငှခဲ့သူ တရုတ်နိုင်ငံ သားကို အရေးယူ

 
ရွှေလီနှင့်မူဆယ်၌ အိမ်ထောင် ရေး မိတ်ဆက်စာကို မြန်မာ ဘာသာဖြင့် ဝေငှခဲ့သည့် တရုတ်နိုင်ငံသား လီပင်းရီ ကို တရုတ်ရဲ များက နှင်ထုတ်ခြင်းဖြင့် အရေးယူ လိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။

''တရုတ်ရဲတွေက သူ့ရဲ့နေရပ်ကျန်းစု ပြည်နယ်ကို နှင်ထုတ်လိုက် တာဖြစ်ပါတယ် ဟု ၄င်းကပြောသည်။
မြန်မာဘက်မှ စစ်ဆေးပေးရန် တောင်းဆိုမှုပြုခဲ့၍ တရုတ်ရဲများက စစ်ဆေးကာ ဟုတ်မှန်ခဲ့သည့်အတွက် ထိုသို့ အရေးယူအပြစ်ပေးလိုက်ခြင်း ဖြစ် ကြောင်း ၄င်းက Popular News သို့ ပြောသည်။

တရုတ်ရဲများက နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် အပြစ်ပေး အမိန့်ထုတ် ခဲ့ပြီး လီပင်းရီ၏ အိမ်ထောင် ရေး မိတ်ဆက် လိုင်စင်ကိုပါ ရုတ်သိမ်းလိုက် သည်ဟု ဒုရဲမှူးကြီးကဆက်လက်ပြော သည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး မိတ်ဆက်ခြင်းလုပ်ငန်းကို တရားဝင် ခွင့်ပြု ၍ လိုင်စင်ချထားပေးမှု ရှိသော်လည်း ယင်းလိုင်စင်က တရုတ်နိုင်ငံသား အချင်း ချင်း အတွက်သာဖြစ်ကြောင်း သိရသည်။
 သို့သော် လီပင်းရီက ထိုသို့မဟုတ်ဘဲ မြန်မာဘာသာနှင့်ပါ ပြန်ဆိုကာ မြန်မာ အမျိုးသားများကို ဦးတည်နေသောပုံစံ ဖြစ်နေ၍ အရေးယူခံရခြင်းဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဘာသာပြန်ရန်အတွက် လီပင်းရီ ခန့်အပ်ထားသော မြန်မာနိုင်ငံသား အမျိုး သမီးကိုမူ အရေးမယူသော်လည်း သတိ ပေးမှု ပြုလုပ်ထားသည်ဟု သိရသည်။

''ကျွန်တော်တို့ လူကုန်ကူးမှု ကိစ္စရပ် တွေကို တင်းတင်းကျပ်ကျပ် ကိုင် တွယ်နေ ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေကို လုံးဝ လက်မခံပါဘူး'' ဟု ဒုတိယ ရဲမှူးကြီးက ထပ်လောင်းဆိုသည်။

မစ္စတာ လီပင်းရီ၏ ကြေညာစာတွင် တရုတ်ပြည်၌ တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ် ရယူနိုင်ပါကြောင်း၊ သင့်တွင် ဆွေမျိုးပေါင်းဖော် မိတ်ဆွေ သူငယ်ချင်းများက တရုတ်ပြည်တွင် အိမ်ထောင်ပြုလိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျွန်ုပ်က ယွမ် ၃ဝဝဝ ပေးအပ်မည် ဟု ဖော်ပြထားသည်။

Popular Myanmar News Journal

လက်ပံတောင်းတောင်အရေးဆန္ဒပြသူ(၆)ဦးကို ထောင်ဒဏ်တစ်လစီ ချမှတ်


ရန်ကုန်၊ နိုဝင်ဘာ ၂၁

လက်ပံတောင်းတောင်အရေးအတွက် ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့သည့် သံဃာတော် များအကြမ်းဖက်ဖြိုခွင်းခံရခြင်းအတွက် မြေနီကုန်းမှတရုတ်သံရုံးအထိ ချီတက်ဆန္ဒပြခဲ့သူတို့ကို ကြည့်မြင်တိုင်တရားရုံး၌ ယနေ့နေ့လည် ၁၁နာရီတွင်အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လစီ အမိန့်ချမှတ်ခဲ့သည်၊

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ကိုမိုဃ်းသွေး၊ ကိုစိုးမိုးထွန်း(ခ)သူကြီး၊ ကိုဒီငြိမ်းလင်း၊ မသန္တာ၊ ကိုအောင်မျိုးဦးနှင့် ကိုမြင့်ကျော် တို့ကို ယင်းသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇေဝေယံ

ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

ရိုဟင်ဂျာ နိုင်ငံသားပေးဖို့ UN တိုက်တွန်းချက် ဦးရဲထွဋ် တုံ့ပြန်

 ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းက 
မြန်မာအစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် သမ္မတ ပြော
ခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို သူ့ဖေ့စ်ဘုတ်က ဖြေကြား ထားပါတယ်။ 
 
"ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကို တိုက်တွန်းကြောင်းသတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေ ပဲ ဖြေကြား လိုက်ပါတယ်။ 

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်း မှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါ တယ်။ 

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော် တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ 

အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသား ပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်း ထား တဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ 

အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့ သူတွေကို ဘယ်နိုင်ငံတကာ အဖွဲ့ အစည်း ပြောပြော သက်ဆိုင် ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘောပဲဖြစ်ပါတယ်။ 

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြ ဖို့လိုမယ် လို့ယူဆပါတယ်။ "

ဆက်စပ်သတင်း -
ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ ကုလဆုံးဖြတ်
 

ပေါက်တောမြို့နယ်မှ အသက် (၅) နှစ်အရွယ် ကလေးမ သတ်မူ ၅ ဦး အဖမ်းခံရ



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများ ဖြစ်ကြသည်ဟု စောမဲကျီရွာမှ လူကြီး တစ်ဦးက ပြောသည်။

“ သူတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မနေ့က ပေါက်တော ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ အခု ပေါက်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်” ဟု ယင်းက ဆိုသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးအဆက်အသွယ် မရရှိခဲ့ပါ။

မဇလပ်ဝါ (၅) နှစ်သည် ခမီး လူမျိုး ဦးရွှေမိ၊ ဒေါ်ဝါ၀ါဦးတို့၏ သမီးဖြစ်ပြီး နိုဝင်္ဘာလ ၁၇ ရက်နေ့ ညနေက ရွာထဲတွင် အခြား အပေါင်းဖေါ်များနှင့် ကစားနေစဉ် ပျောက်ဆုံးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်။

သူမ၏ အလောင်းအား နောက်တစ်နေ့ နံနက်တွင် မြုပ်နှံထားရာ မြေထဲမှ တူးဖေါ် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ပေါက်တော အခြေစိုက် ဗျုဟာမှ ဗျူဟာမှူးလည်း အခင်း ဖြစ်ပွားရာ စောမဲကျီ ကျေးရွာသို့ ရောက်ရှိလာပြီး စုံစမ်း စစ်ဆေးမေးမြန်းမူများ ပြုလုပ်သွားကြောင်း၊ ယင်းအပြင် နီးစပ်ရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းမှ လူအချို့ကိုလည်း စစ်ဆေးမူများ ရှိနေကြောင်း သိရသည်။

 (နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

ကြာညိုပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ၇ ဦးအား ဖမ်းဆီး စစ်ဆေး


သတ်ဖြတ်ခံခဲ့ရသူ မိမိငယ် (၆) နှစ်၊ (ဓါတ်ပုံ- Rakhine citizen journalists)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ သဲလွန်စတွေတော့ ပေါ်လာပါပြီ။ မကြာမီ ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ရခိုင် (၄) ဦးမှာ အခင်းဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာမှ ဖြစ်ကြောင်းနှင့် တခြား မွတ်ဆလင် (၃) ဦးမှာ အနီးအနားရွာက ဖြစ်ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည် တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက် နိုဝင်္ဘာလ ၁၈ ရက်နေ့က ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာတွင် ရွာသားများ အုပ်စုဖွဲ့ပြီး ကိုယ့်အဖွဲ့နှင့်ကိုယ် ထမင်းချက်စားကြကြောင်း၊ ​ဆောင်း​ဘောက်​နှင့် ​သီ​ချင်း​များ ​ဖွင့်​ပြီး ​ထမင်း ​ချက်​စား​ကြ​သဖြင့် ၁၂ ​နာ​ရီ​ကျော်​လောက်​အ​ထိ ​ရွာထဲတွင် ​လူ​သွား​လူ​လာ​များ ရှိခဲ့ကြောင်း၊ ​သေ​ဆုံး​သွား​သူ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ်မှာ ည ၁၀ ​နာ​ရီ​ ကျော်​လောက်​အ​ထိ ​အိမ်​တွင် ရှိနေခဲ့ကြောင်း၊ ၎င်း​နောက်​ပိုင်း ည ၁၁ ​နာ​ရီ​လောက်​တွင် ပျောက်သွားခဲ့ကြောင်း၊ ၎င်းကလေးမလေးအား နောက်တစ်နေ့  ၁၉ ​ရက်​နေ့ နံနက် စောစောပိုင်း ၂ နာရီခန့်တွင် ​ရွာ​ အ​နောက်​ဖက် ​ကိုက် ၁၅၀ ​အ​ကွာ ​လယ်​ကွင်း​တွင် သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

မမိမိငယ်၏  ​အလောင်းအား အပေါက်ဝ တိုက်နယ် ဆေးရုံတွင် ဆေးစစ်ခဲ့ရာ သူမ၏ ဦး​ခေါင်း​တွင် ပေါက်​ပြဲ ​ဒဏ်​ရာ ၁ ​ချက်၊ မျက်​လုံး​ညို​မဲ ​ဒဏ်​ရာ ၁ ​ချက်နှင့် မိန်း​မ ​အ​င်္ဂါ​စပ်​တွင် သွေး​ယို​စီး​နေသည်ကို ​ဆေး​စစ်​ချက်​မှာ ​ရေးထားကြောင်း ဆေးရုံ ၀န်ထမ်း တစ်ဦးက ပြောသည်။

 (နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

ပြုပြင်ပြောင်းလဲရေးလမ်းမှန်ရင် ဒေသတွင်းခေါင်းဆောင်ဖြစ်ဖို့ မြန်မာကို အမေရိကန်ကူမည်

အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice.
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာပဲ တကယ့်ကို ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ငန်းတရပ်ကတော့ ရှိနေတုန်းပဲလို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice က ပြောလိုက်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံတွင်း လူမျိုးရေး အကြမ်းဖက်မှုတွေကိုလည်း ဘယ်လို ကျော်လွှားမလဲဆိုတာနဲ့၊ လူနည်းစု လူမျိုးတွေကို ဘယ်လို အကာအကွယ် ပေးသွားမလဲဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ တိုးတက်မှုတွေ ဆက်ရှိနေသမျှတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အခိုင်အမာဖြစ်လာဖို့နဲ့ ဒေသတွင်း ခေါင်းဆောင်မှု ဖြစ် လာစေဖို့လည်း အမေရိကန်ပြည်ထောင်စုက အကူအညီ ပေးသွားမယ်လို့ အာမခံ ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်နဲ့ရော အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး၊ တိုးတက်မှုတွေ ဆက်ဖြစ်လာစေဖို့ အကူအညီတွေ ပေးသွားဖို့လည်း ရှိတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ် Susan Rice က ပြောသွားပါတယ်။

အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်မူဝါဒတွေနဲ့ ပတ်သက်ပြီး ၀ါရှင်တန်ဒီစီက ဂျော့ရှ်တောင်းတက္ကသိုလ်မှာ မနေ့တုန်းက Susan Rice က မိန့်ခွန်းပြောဆိုရာမှာ အာရှပစိဖိတ်ဒေသတလွှား အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြောဆိုခဲ့တဲ့အထဲ မြန်မာနိုင်ငံ အခြေအနေကိုပါ ထည့်သွင်းပြောဆိုသွားတာပါ။

အာရှဒေသတလွှား ဒီမိုကရေစီ ခိုင်မာဖြစ်ထွန်းရေးမှာ တကယ်လုပ်သွားမယ်ဆို ရင် အချိန်တိုအတွင်း ဖြစ်နိုင်ချေရှိတယ်ဆိုတာကို မြန်မာနိုင်ငံကို ဥပမာထားပြီး Susan Rice က ပြောသွားခဲ့ပါတယ်။

“ပြည်သူတွေ နိုင်ငံရေးဘ၀မှာ ပိုပြီး ပါဝင်ပတ်သက်လာနိုင်ဖို့အတွက် အာရှတလွှား ဒီမိုကရေစီ ခိုင်မာ ကျယ်ပြန့်လာစေဖို့ အခု ရာစုနှစ် အစောပိုင်းကာလကတည်းက အမေရိကန်ပြည်ထောင်စုက ကူညီဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ လျှင်မြန်တဲ့ အပြောင်းအလဲတွေဟာ နှစ်နှစ်အတွင်းမှာတင် တကယ့်ကို ဖြစ်နိုင်အောင် လုပ်နိုင်ချေ ရှိတယ်ဆိုတာ ပြနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရအောက်မှာ အထီးကျန်ဖြစ်ခဲ့ပြီး၊ တုန်လှုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ခဲ့ ပါတယ်။ သမ္မတအိုဘားမား သမ္မတတာဝန်ယူတဲ့အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရပါတယ်။ လွတ်လပ်စွာ ပြောဆိုတာတွေနဲ့တင် ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထောင် သွင်း အကျဉ်းချ ခံထားရပါတယ်။ မြန်မာခေါင်းဆောင်တွေအနေနဲ့ကလည်း အခြားလမ်း မရွေးသမျှ ကြီးမားတဲ့ စီးပွားရေးဖိအားအောက်မှာ နိုင်ငံတကာရဲ့ ၀ိုင်းပယ်မှုကို ခံခဲ့ရပါတယ်။”

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာအပါအ၀င် ပြုပြင်
ပြောင်းလဲမှုတွေ ရှိလာတာကြောင့် အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး အတွက် မြန်မာတာဝန်ရှိသူတွေနဲ့ အနီးကပ် ထိစပ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ တယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်စေဖို့ အကူအညီ ပေးသွားဖို့ရှိတယ် လို့လည်း ပြောပါတယ်။

ဒါပေမဲ့ အခုလို အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကြားကပဲ မြန်မာ အနေနဲ့ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရမယ့် ပြဿနာတရပ် ရှိသေးတာကိုလည်း ထောက်ပြပါတယ်။ ဒါကတော့ လူမျိုးရေးတင်းမာမှုတွေပါ။

“မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို လုံးဝ အသွင်မပြောင်းနိုင်ခင်မှာ အကြီးအကျယ်ကို လုပ်ဆောင်စရာတရပ် ရှိပါသေးတယ်။ လူမျိုးရေးတင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုကျော်လွှားမလဲ၊ ရိုဟင်ဂျာလို အားနည်းတဲ့ လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသွားမလဲ စဉ်ဆက်မပြတ်
စောင့်ကြည့်သွားဖို့ လိုပါတယ်။ တိုးတက်မှုတွေ ဆက်ရှိသွားရင်တော့ သမ္မတ အိုဘားမားရဲ့ ဒုတိယသမ္မတသက်တမ်းအကုန်ပိုင်းမှာ မြန်မာအနေနဲ့ အလားအလာကောင်းတဲ့ ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံအနေနဲ့ ဒေသတွင်း
ခေါင်းဆောင်မှုတရပ်အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ကျမတို့ အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ လှမ်းလာတဲ့ ခြေလှမ်း တလှမ်းချင်းအလိုက် အမေရိကန်အနေနဲ့ တုန့်ပြန် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ အစောပိုင်းကာလတွေကတည်းက အမေရိကန် တာဝန်ရှိသူတွေက ကတိပြုခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးဟာ အမေရိကန်အနေနဲ့ အရင်နဲ့မတူပဲ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာခဲ့တာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေအတွက် ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ပွင့်လင်းပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့အမျှ အမေရိကန်အနေနဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေးပြီး၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အားပေးတိုက်တွန်းနေပါတယ်။ တင်းကျပ်တဲ့ အာဏာရှင်စနစ်အောက် နှစ်အတန်ကြာ နစ်နာခံစားခဲ့ရတဲ့ ပြည်သူတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တတ်ကြွလှုပ်ရှားသူတွေကို အင်နဲ့အားနဲ့ အကူအညီတွေ ပေးနေပါတယ်။”

တချိန်တည်းမှာပဲ ဒေသတွင်းက ကျန်းမာရေး၊ လူမှုရေးနဲ့ အရပ်ဖက် အခွင့်အရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ရှင်းလင်းသွားရင်း၊ ဒီလိုကိစ္စရပ်တွေမှာ အမျိုးသမီးတွေ ပိုမို ပူးပေါင်းပါဝင်လာနိုင်ဖို့ အမေရိကန်ရဲ့ ကူညီကြိုးပမ်းမှုကိုလည်း Susan Rice က ပြောခဲ့ပါတယ်။ 
ကိုသားညွန့်ဦး(VOA)

အမေရိကန် ဘောလုံးအကျော်အမော်တွေ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးထွက်မည်


အမေရိကန် အားကစားသံတမန်တွေအဖြစ် ဘောလုံး အကျော်အမော် ၃ ယောက်ကို အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စေလွှတ်ထားပါတယ်။ အမေရိကန်နာမည်ကြီး ဘောလုံးကစားသမားကြီးတွေဖြစ်ကြတဲ့ Lorrie Fair၊ Cobi Jones နဲ့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က နည်းပြ Jay Hoffman တို့ဟာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံကို အားကစားသံတမန်တွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဗျူရိုရဲ့ အစီအစဉ်နဲ့ သွားရောက်နေတယ်လို့ နိုင်ငံခြားရေးဌာန က ကြေညာချက်ထုတ်ပြန်ပါတယ်။

သူတို့ ၃ ယောက်ဟာ ရန်ကုန်မြို့နဲ့ မော်လမြိုင်မြို့တွေမှာ လူငယ်တွေအတွက် ဘောလုံးလေ့ကျင့်ရေးစခန်းတွေ လုပ်ပေးဖို့ရှိသလို၊ မိန်းကလေးတွေနဲ့ နည်းပြတွေကို ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတွေပေးဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာအားကစားနည်းမျိုးစုံက ကစားသမားတွေနဲ့လည်း တွေ့ ဆုံလေ့လာမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေအပြင် လူငယ်တွေ၊ ကလေးတွေအရေး ဆောင် ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေကိုလည်း ဘောလုံး အလုံးပေါင်း ၅၀၀၀ ကျော်ကို ပေးဝေသွားဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ် အိုလံပစ်ချန်ပီယံလည်းဖြစ်တဲ့ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းဝင် တစ်ယောက်ဖြစ်တဲ့ Lorrie Fair ဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အားကစားသံတမန်အဖြစ် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ဖူးပြီး လတ်တလော Afghanistan နဲ့ Iraq နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

Cobi Jones ကလည်း အမေရိကန် အမျိုးသားဘောလုံးအသင်းအတွက် နိုင်ငံ တကာပွဲပေါင်း ၁၆၄ ပွဲမှာ ကစားခဲ့သူအဖြစ် စံချိန်တင်ထားသူဖြစ်တဲ့အပြင် ကမ္ဘာ့ဖလားပွဲပေါင်း ၃ ပွဲမှာလည်း ပါဝင်ကစားခဲ့တဲ့ ဝါရင့် ဘောလုံးသမား ဖြစ် ပါတယ်။ Jay Hoffman ကတော့ ဘောလုံးနည်းပြအဖြစ် အနှစ် ၄၀ လောက် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

သမ္မတ ကနေဒီ အမှတ်တရ သမိုင်းအမွေ

အမေရိကန်သမိုင်းမှာ မေ့ဖျောက်လို့ မရနိုင်တဲ့ စိတ်ထိခိုက်စရာအဖြစ်တွေထဲက တခုကတော့ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ သမ္မတကနေဒီတစ်ယောက် တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့အဖြစ်ပါ။

အခုဆိုရင် သမ္မတကနေဒီ လုပ်ကြံခံခဲ့ရတာ နှစ် ၅၀ ပြည့်တော့မှာဖြစ်ပေမဲ့ သူဟာ အခုထိ အမေရိကန်ပြည်သူတွေကြားမှာ ရေပန်းစားနေဆဲဖြစ်ကြောင်း လူထုစစ်တမ်းတွေမှာ တွေ့ရပါတယ်။ နောက်ပြီး အမေရိကန်ပြည်သူတွေဟာ သူ့ရဲ့ နိုင်ငံအပေါ်ထားတဲ့ တွေးဆကြံစည်မှုတွေအတွက်လည်း အတုယူ အားကျနေကြဆဲလည်း ဖြစ်ပါတယ်။

သမ္မတ ကနေဒီ လုပ်ကြံခံရတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အကြောင်း ဗွီအိုအေသတင်းထောက် Jim Malone က ရေးသားချက်ကို မခွာညိုက အပြည့်အစုံ တင်ပြထားပါတယ်။

အာကာသစူးစမ်းလေ့လာရေးဟာ သမ္မတ ဂျွန်ကနေဒီရဲ့ သမ္မတရွေးကောက်ပွဲ ကာလတွေအတွင်း အသုံးပြုခဲ့တဲ့ new Frontier စာမျက်နှာသစ်ဆိုတဲ့
ကြွေးကြော်သံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ခဲ့ပါတယ်။

ကနေဒီရဲ့လက်ထက်မှာ သိသာထင်ရှားတဲ့ ကောင်းကျိုးရလဒ်တွေထဲ မာကျူရီ အာကာသစူးစမ်းလေ့လာရေးအဖွဲ့ရဲ့ အောင်မြင်မှုတွေဟာ နောင် ၁၀ နှစ်အခါ လကမ္ဘာကို ဆင်းသက်နိုင်ဖို့ အစပျိုးတဲ့ ခြေလှမ်းအဖြစ် အမှတ်ထင်ထင် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကက်သလင်းကနေဒီ တောင်ဆဲန်းက သမ္မတကနေဒီရဲ့ ညီအကိုတော်စပ်သူ ရောဘတ်ကနေဒီရဲ့ သမီးအကြီးဆုံးပါ။

“သူပြောခဲ့တာက - အခက်တွေ့နေတဲ့ လူတစ်ဦးကို အကူပေးဖို့ မေးမယ့်အစား အဲဒီခက်ခဲတာကို မဖြစ်မနေ ကိုယ်တိုင် လုပ်ယူရဖို့ အားပေးရမယ် ဆိုတာပါပဲ။ လကမ္ဘာကြီးကို သွားဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမဲ့ ကျမတို့အားလုံး အစွမ်းကုန် ကြိုးစားကြရမှာပါပဲ။ အဲဒီလို လုပ်နိုင်ခဲ့ပြီဆိုရင် ကျမတို့က ပိုပြီး အရည်အချင်း ပြည့်ဝတဲ့ လူသားတွေအဖြစ် ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်ကြ တယ်ဆိုတာ သေချာသွားမှာပါ။”

သမ္မတကနေဒီ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ရင်ဆိုင်ရတဲ့ ဦးနှောက်ခြောက်စရာအကောင်းဆုံး ကိစ္စတွေထဲက တစ်ခုကတော့ လူမှု အခွင့်အရေးပဲ ဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် လပိုင်းလောက်မှာ သမ္မတကနေဒီဟာ အရေးယူ ဆောင်ရွက်စရာ တင်ပြချက်အသစ်တခုကို  လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

 “ကျနော်တို့ဟာ ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေနဲ့ အဓိက ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလိုပဲ အလွန်ရှင်းပါတယ်။ အဓိကကျတဲ့မေးခွန်းက ဘာလဲဆိုတော့ အမေရိကန်တွေဟာ တန်းတူညီမျှတဲ့ အခွင့်အရေး၊ တန်းတူညီမျှ လုပ်ပိုင်ခွင့်တွေ ရကြတော့မလား ဆိုတာပါပဲ။”

သမ္မတကနေဒီရဲ့ ထူးခြားတဲ့အောင်မြင်မှုတွေအနက် နောက်တစ်ခုကတော့ Peace Corps လို့ခေါ်တဲ့ ဆယ်စုနှစ်နဲ့ချီပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သွားရောက် အမှုထမ်းဆောင်တဲ့ အမေရိကန်လူငယ်တွေရဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းကြီးကို မတည်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခု ဇန်နဝါရီလက သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားမိန့်ခွန်းမှာ ထိုစဉ်က သမ္မတ ဂျွန်အက်ဖ်ကနေဒီက

“အမေရိကန်နိုင်ငံသားတွေကို ကျနော် ပြောချင်တာက ကိုယ့်နိုင်ငံက ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲလို့ မေးမယ့်အစား ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို မေးဖို့ ဖြစ်ပါတယ်။”

သမ္မတကနေဒီရဲ့ အခုလို ပြောကြားခဲ့တဲ့ အမှာစကားကြောင့် Peace Corps လူငယ် စေတနာ့ဝန်ထမ်းအဖွဲ့ကြီး စတင် သန္ဓေတည်လာခဲ့တာ ဖြစ်ပါတယ်။ သမ္မတကနေဒီရဲ့ အခုလို အမှတ်ရစရာ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပင်ဆဲလ်ဗေးနီးယားမှာ နေထိုင်တဲ့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူ က အခုလို ပြောပါတယ်။

“သမ္မတကနေဒီက အသက်ငယ်ငယ်လေးနဲ့ လုပ်ကြံခံရတယ်ပေါ့နော်။ အခုထက်ထိ အမေရိကန် ပြည်သူလူထုတင် မကဘူး။ ကမ္ဘာတဝှမ်းက ရှိတဲ့လူတိုင်းကလည်း သူ့နာမည်ကို ကြားလိုက်တယ်ဆိုရင်ပဲ သူပြောခဲ့တဲ့စကားတွေကို အမြဲပဲ မှတ်မိသေးတယ်။ သူ့ရဲ့ကျမ်းသစ္စာဆိုပွဲမှာ အမေရိကန် ပြည်သူလူထုကို ဘာပြောလဲဆိုတော့ အမေရိကန်နိုင်ငံက အမေရိကန် ပြည်သူလူထုတွေအတွက် ဘာလုပ်ပေးမလဲ မေးတာထက် အမေရိကန် ပြည်သူလူထုက ပြည်သူအတွက် ဘာလုပ်ပေးရမလဲ ဆိုတာမျိုး မေးခွန်း ကိုယ့်ကိုယ်ကို ပြန်ထုတ်သင့်တယ်လို့ သူက ပြောတယ်ပေါ့လေ။”

“နောက် ကမ္ဘာနဲ့ယှဉ်ပြီး သူက ဘာပြောသလဲဆိုတော့ အမေရိကန်နိုင်ငံကနေပြီး တော့ ကမ္ဘာအတွက် ဦးဆောင်ပြီး ဘာလုပ်ပေးမလဲ မေးတာထက် အမေရိကန်နိုင်ငံနဲ့အတူ ကမ္ဘာအသိုင်းအဝိုင်းမှာရှိတဲ့ နိုင်ငံတွေက အတူတကွ ပူးပေါင်းပြီးတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ရှိတဲ့လူတွေရဲ့ လွတ်လပ်မှုအတွက်ကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါကို မေးခွန်းမေးသင့်တယ်တဲ့။ အဲဒါလေးက သမိုင်းတွင်ရစ်မယ့် စကားလေးတစ်ခု ဖြစ်ပါတယ်ပေါ့နော်။

“သူ့လက်ထက်မှာပေါ့နော် လူငယ်တွေကို နိုင်ငံကို ကိုယ်စားပြုပြီးတော့ လုပ်ပေးနိုင်ဖို့အတွက်ကို အဲဒီ Peace Corps ဆိုပြီး စပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူငယ်တွေဟာ နောက်ပိုင်းမှာ မဖွံ့ဖြိုးတဲ့ လက်တင်အမေရိကားတို့၊ တောင်အမေရိကတို့ အာဖရိက၊ အေရှားအပိုင်း တချို့နိုင်ငံတွေမှာ သွားပြီး Peace Corps အနေနဲ့သွားပြီး နိုင်ငံတော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်ခဲ့တာလည်း တွေ့တယ်ပေါ့နော်။”

တကယ်လို့များ ဂျွန်အက်ဖ်ကနေဒီ သက်ရှိထင်ရှား ရှိခဲ့ဦးမယ်ဆိုရင် ကမ္ဘာကြီးရဲ့ အနေအထားဟာ အခုလက်ရှိ အနေအထားနဲ့ ကွာခြားနေနိုင်တယ်လို့ လူအများက တွေးဆနေကြဆဲပါ။

 “ဒါက တကယ့်ကို ဝမ်းနည်းကြေကွဲစရာအဖြစ်ပါ။ ကျမတို့တိုင်းပြည်ဟာ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလမှာ အများကြီး ဆုံးရှုံးခဲ့ရပြီး ကျမအဖေ လုပ်ကြံခံရချိန်မှာလည်း တကြိမ် ထပ်ပြီးတော့ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ တကယ်လို့များ သူတို့ သက်ရှိထင်ရှား ရှိနေခဲ့ကြမယ်ဆိုရင် ကျမတို့တိုင်းပြည်ဟာ အခုထက် အများကြီး ပိုပြီး ကောင်းနေမှာပဲလို့ တွေးမိပါတယ်။ ကျမက အယူသည်းသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အဆိုးတွေကုန်သွားရင် အကောင်းတွေ လာနိုင်တယ်လို့ သိထားပေမဲ့လည်း  ကျမတို့တိုင်းပြည်မှာ ထိခိုက်နာကျင်ရမှုတွေ အများကြီးဖြစ်လာခဲ့ပြီး အဆိုးတွေကို အများကြီး ကြုံတွေ့ခဲ့ကြရပါတယ်။”

သမ္မတ ဂျွန်ကနေဒီရဲ့ ပြောစကားတွေဟာ အခုချိန်ထိ ပဲ့တင်ရိုက်ခတ်နေဆဲဖြစ် ပြီး ကမ္ဘာကြီးကို ပိုပြီး သာယာလှပအောင် အားထုတ်ကြိုးပမ်းမယ့် သူတွေအတွက်လည်း သူဟာ မီးရှူးတန်ဆောင်သဖွယ် ထွန်းလင်းတောက်ပနေ ဆဲဖြစ်ပါတယ်။ 
VOA

သက်မွန်မြင့် မကြာခင် လက်ထပ်မယ်

နာမည်ကျော် မင်းသမီး သက်မွန်မြင့်ရဲ့ မင်္ဂလာသတင်းကို ကြားပြီးကြပြီ ထင်ပါတယ်။
သူလက်ထပ်ဖို့ ရည်ရွယ်ထားသူကိုလည်း ဓာတ်ပုံထဲ တွေ့ဖူးကြရောပေါ့။

 




မကြားဖူးဘူး မတွေ့ဖူးဘူး ဆိုသူများအတွက် သူ့နာမည်နဲ့ဖေ့စ်ဘုတ်စာမျက်နှာထဲက တစိတ်တပိုင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 

ချစ်တဲ့ ပရိတ်သတ် ကို သက်မွန်တို့ချစ်သူနှစ်ယောက်ပုံတင်ပေးလိုက်ပါတယ်(သိချင်မလားလို့ပါ)
၂၀၁၄မှာ လက်ထပ်ကြဖို့လည်းရည်ရွယ်ထားပါရှင်။
လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်ကို ပဲ ဆက်ပြီးလုပ်သွားမှာပါ။ သက်မွန်ကိုဆက်ပြီး ချစ်ခင်စွာနဲ့ အာပေးကြပါနော်။ 

သတို့သားလောင်းရဲ့ပုံကို ကြည့်ပြီး အွန်လိုင်းမှာ ပြောကြ ဆိုကြပုံရပါတယ်။

စာဖတ်သူတဦးက အခုလို ပြန်တုံ့ပြန်ထားပါတယ်။

အဖိုးကြီးမဟုတ်ပါဘူး
ညီမတို့လေးစားရတဲ့ senior architect ပါ foreign ကဘွဲ့ရထားတာပါ
အသက်သုံးဆယ်ကျော်ပါ သေချာသိမှပြောစေချင်ပါတယ်
ထိပ်ပြောင်တယ်ဆိုပြီးအမြင်ကြည့်ပြီးမပြောစေချင်ပါ ယေက်ျားလေးများ သုံးဆယ်ကျော်ရင်အဲ့လိုဖြစ်တတ်တာ မိမိကိုယ်တိုင်သတိထားပါ
နောက်ပြီးလူပျိုပါ ငွေရှိအောင်ကိုယ်ပိုင်design firmနဲ့ရိုး၂သား၂အသက်မွေးတာပါ
ဘာလို့အဲ့လောက်သိပြီးလာပြောလဲဆိုတော့ ခင်ပြီးလေးစားရတဲ့ဗိသုကာပညာတတ်ပါ

သက်မွန်မြင့် သို့မဟုတ် သူ့ဖေ့စ်ဘုတ်ကို မွမ်းမံရသူကလည်း အခုလို ရေးထားတာ တွေ့ရပါတယ်။

 အကောင်းမြင်ဘက်ကနေ ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်များကိုလည်း ကျေးဇူးတင်ပါတယ်။
လူဆိုတာ ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ချင်ကြတာပဲလေ။ သက်မွန်ကလည်း ငယ်တော့တာမှ မဟုတ်တာ။ အချိန်တန်ပြီ လို့ ယူဆတယ်။ သက်မွန်က ကိုယ့်ကိုတကယ်ချစ်ပြီး မြတ်နိုးတန်ဖိုးထားတဲ့သူကို လိုချင်ခဲ့တာပါ။ ခု သူနဲ့ပတ်သက်ပြီး စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။ ဒါအဓိကလို့ ခံယူပါတယ်။ငွေပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲနေရတာမျိုးကို မလိုချင်ပါဘူး။ ဘဝတစ်ခုတည်ဆောက်တာ အဓိပ္ပယ်ရှိဖို့လိုပါတယ်။

ဒါကတော့ ပရိသတ်တယောက်ရဲ့ ရေးသားချက်ပါ။

မသက်မွန် ကံကောင်းပါတယ် ကိုစစ်နိုင်လို ကြင်နာတတ်ပြီး စိတ်ထားလဲကောင်းတဲ့ အရည်အချင်းရှိတဲ့ သတို့သားနဲ့ ပေါင်းဖက်ရတာ. ကိုစစ် လဲ မသက်မွန်ကြောင့် ပြီးပြည့်စုံတဲ့ ဘ၀လေးပိုင်ဆိုင်နိုင်ပါပြီ congratulation ပါ ကိုစစ် နဲ့ မသက်မွန် တကယ် လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်

အဲဒီရေးသားချက်အရ ဆိုရင်တော့ သတို့သားလောင်း အမည်က ကိုစစ်နိုင် ဖြစ်ဖွယ်ရှိပါတယ်။

၂၀၁၄ မှာ လက်ထပ်ကြမယ် ဆိုတော့ မင်္ဂလာရက်မြတ်က သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်။

ဧရာဝတီ Blog

တရုတ်ခေါင်းဆောင်ဟောင်းတချို့ကို ဖမ်းဆီးဖို့ စပိန်တရားရုံး ၀ရမ်းထုတ်


တရုတ်သမ္မတဟောင်း Jiang Zemin.
တိဘက်ဒေသက လူမျိုးတုန်း သတ်ဖြတ်မှုတွေလို့ ဆိုတဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိမှုနဲ့ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနဲ့ တခြားတာဝန်ရှိသူ ၄ ဦးကို စပိန်နိုင်ငံတော်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

မက်ဒရစ်မြို့အခြေစိုက် တရားရုံးရဲ့ ဆုံးဖြတ်ချက် မိတ္တူတစ်ခုကို တရားလိုတစ်ဦးဆီကနေ အင်္ဂါနေ့မှာ ဗွီအိုအေက ရခဲ့ပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် သမ္မတဟောင်း ကျန်ဇီမင်းနဲ့ တခြားတာဝန်ရှိသူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးနိုင်ရေး ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်။

ဆုံးဖြတ်ချက် အထောက်အထားကို ပေးခဲ့တဲ့ တရားလိုကတော့ တိဘက် အထောက်အပံ့ပြုရေး ကော်မတီလို့ ဆိုရမယ့် အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီ စပိန်အခြေစိုက်အဖွဲ့ဟာ တရုတ်နိုင်ငံက တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

စပိန်တရားရုံးနဲ့ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံရဲ့ တုန့်ပြန်ချက်တော့ ချက်ခြင်း ထွက်မလာသေးပါဘူး။ အဲဒီလူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး တရုတ်သမ္မတဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဟူကျင်းတောင်ကို အောက်တိုဘာ
လ ၉ ရက်နေ့မှာ တရားရုံးက စွဲချက်တင်ခဲ့ပါတယ်။ အဲဒီလို စွဲချက်တင်တဲ့အပေါ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခုအဖြစ် ခေါ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သင်္ချာမရတဲ့ တတိယတန်း ကျောင်းသူတွေကို အပြစ်ပေးတဲ့ အနေနဲ့ဖက်နမ်း ခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာ တရားရုံးမှာ တရားစွဲဆို

 
သင်္ချာမေးခွန်း မဖြေနိုင်တဲ့ ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည်ဆိုပြီး ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ ကျောင်းသူမိဘများမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်။

ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများအား
သင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ထွက်စေခဲ့ပြီး ကျောင်းသား(၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာ
ယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်းခံနေရသည့် ကိစ္စကို
ကျောင်းသူများမှ မပြောဆိုရဲခဲ့ကြသော်လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူဦးကျော်ဌေးကို ပြောပြလိုက်မိရာမ ထိုသတင်းရွာထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်းတက်တက်ချင်း
အနမ်းခိုင်းခဲ့သူ အတန်းပိုင်ဆရာမှ အနမ်းခံခဲ့ရသူ ကျောင်းသူ(၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ထုတ်၍ ပြင်းထန်စွာရိုက်နှက်ခဲ့ပါသည်၊

ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု ဆိုပါသည်၊ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသားမိဘများမှ ကျေနပ်ခြင်းမရှိသောကြောင့် ကသာမြို့နယ်ပညာရေးမှူးထံ အဖိုးဖြစ်သူ ဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင်ကြားခဲ့ပါသည်၊ထိုသို့တိုင်ကြားနေစဉ် အ.မ.က(၂၈)ကျောင်းအုပ်ဒေါ်ဥမ္မာစိုးရောက်လာသဖြင့် မြို့နယ်ပညာရေးမှူးမှ ရွာသို့ ပြန်၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ရာ ဦးကျော်ဌေးမှ မညှိနှိုင်းလိုကြောင်း ဌာနဆိုင်ရာအရေးယူမှုသာ ပြုလုပ်ပေးရန်တောင်းဆိုတိုင်ကြားခဲ့သည်ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်။

ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊အခြားအနမ်းခံရသူ ကျောင်းသူ(၄)ယောက်အား အတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက်ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်းချောက်နေကြောင်းလည်း ပြောပြပါသည်။

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်းအတည်ပြု ဖြေကြားသွားခဲ့ပါသည်။



(ဟာဂျူလီ-ကသာ) - facebook

People Choice Award အတွက် မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော်မှ ရှေ့ မှပြေးနေ

 
December 17 ရက်နေ့.. ဂျပန်နိုင်ငံ၊ တိုကျို မြို့မှာ ကျင်းပဲပြုလုပ်မယ့် Miss International Beauty Pageant ပြိုင်ပွဲမှ... People Choice Award အတွက်.... မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော်မှ ရှေ့ မှပြေးနေပြီး... Gibraltar မှ Jamielee Randall ဒုတိယနေရာမှ လိုက်နေ

ဒီနေရာမှာ Vote ပေးနိုင်ပါပြီ
https://apps.tradablebits.com/tb_app/349344


Ye Yint Nge(Facebook)

စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ကေအိုင်အေနယ်မြေထဲ ၀င်ရောက်ခိုလှုံ

 
ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံနှစ်ထောင်ကျော်ထဲက တစ်ထောင်ကျော်လောက်ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေထဲက မန်စီမြို့နယ် လဂတ်ယမ်နဲ့ လနဇူဂျာ ဒုက္ခသည်စခန်းတွေမှာ အခုရက်ပိုင်းအတွင်း နမ့်လင်းပါကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၀၀၀ နီးပါး ရောက်ရှိနေပြီလို့ တရုတ်-မြန်မာနယ်စပ်အနီး မိုင်ဂျာယန်အခြေစိုက် ၀ံပေါင် နင်းတွိုင်း Wunpawng Ninghtoi (WPN) လူမှုကူညီရေးအဖွဲ့ တာဝန်ခံ မမေရီတောမ်က ပြောပါတယ်။

"ကျမတို့ရထားတဲ့ သတင်းအရဆိုရင် လဂတ်ယမ်စခန်းမှာက မနေ့ညနဲ့ ဒီနေ့ဆိုရင် ၂ဝဝ ပတ်ဝန်းကျင်နားတော့ရောက်နေပြီ၊ နေက်ပြီး ကျောင်းသား ၃ဝဝ နီးပါးက လနဇူဂျာစခန်းကို ရောက်နေပြီ၊ လမ်းခရီးမှာလည်း ၈ဝဝ နဲ့ ၁ဝဝဝ ထောင်ကြားမှာရှိနေဆဲဖြစ်တယ်၊ အဲဒီစခန်းတွေက ကေအိုင်အို နယ်မြေထဲမှာပဲဖြစ်တယ်၊ ဒါပေမယ့် အဲဒီစခန်းတွေမှာ ဘာသာရေးအဖွဲ့တွေက စီမံအုပ်ချုပ်နေတယ်"

နိုဝင်ဘာလ ၁၆ ရက်နေ့ညပိုင်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် နမ့်လင်းပါကျေးရွာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ ကျေးရွာဒေသခံတွေဟာ ခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အဲဒီ ထွက်ပြေးလာသူတွေထဲက ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကတော့ မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာတော့ နမ့်လင်းပါကျေးရွာတ၀ိုက်မှာ တိုက်ပွဲအခြေအနေ တည်ငြိမ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

RFA Burmese

ကချင်ပြည်နယ်မှာ တင်းမာနေဆဲ

 
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲက မန်စီ ဒေသ တဝိုက်မှာ စစ်တပ် အင်အားတွေ တိုးတက် ချထားနေ ပါတယ်။

အဲဒီက နောက်ဆုံး အခြေအနေ တွေနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းကို ဆက်သွယ် မေးကြည့်တော့ အဲဒီ ဒေသတွေမှာ ကေအိုင်အေ တပ်တွေ နဂို ထဲက ရှိနေပြီးသားလို့ ပြောပါတယ်။

နမ့်လင်းပါ တို့လို ကျေးရွာ တွေဟာ အရင်ထဲက ကေအိုင်အေ တပ်ရင်း ၁၂ အောက်က ရွာ တွေ ဖြစ်ပြီး အစိုးရ ဘက်က တပ်တွေသာ တပ်ရင်း ၁၀ ရင်းလောက် ဝင်လာ ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့ရတာဟာလည်း အဲဒါကြောင့် လို့ ဆိုပါတယ်။

အဲဒီမှာ ဒုက္ခသည် စခန်းတွေလည်း ရှိပြီး အစိုးရ တပ်ဘက်က ရွာထဲကိုဝင်ပြီး ဖမ်းဆီးတာမျိုးတွေ ရှိခဲ့ကြောင်း နဲ့ ပြီးခဲ့တဲ့ သောကြာ နေ့ကလည်း ဒုက္ခသည် စခန်း တွေထဲကို သေနတ် ပစ်ဖောက် ဝင်ရောက် မှုတွေ လုပ်ခဲ့လို့ အဲဒီက ဒုက္ခသည် တွေမှာ ခြေဦးတည်ရာ ထွက်ပြေး ကြရတဲ့ အကြောင်းပြောပါတယ်။

သူသိသလောက် နောက်ဆုံး အခြေအနေ အရတော့ တိုက်ပွဲတွေ ဖြစ်တယ်လို့ သတင်း မရကြောင်း၊ ဒါပေမယ့် ကျောင်းသား ၄၊ ၅ ယောက်လောက်ကို အစိုးရ တပ်တွေဘက်က ဖမ်းခေါ်သွားပြီး သူတို့ကို ကေအိုင်အေ စခန်းတွေ ဆီကို ရှင်းလင်းဖို့ သွားရာမှာ ကေအိုင်အေ ဘက်က ပစ်ခတ်တာမျိုး မရှိရအောင် ခေါ်သွားတယ်လို့ သိရကြောင်း ပြောပါတယ်။

ဒေသအတွင်းမှာ တပ်လှုပ်ရှားမှုတွေ ရှိနေသရွေ့ တိုက်ပွဲတွေ မလွှဲသာ မရှောင်သာ ရှိလာနိုင်ပြီး ဒါကို ချက်ခြင်း ရပ်ပစ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေလျခရီးစဉ် ထုတ်ပြန်ချက်။

 
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်၊ မဇ္ဈိမ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၂ရက်အထိ သြစတြေးလျနိုင်ငံသို့ သွားရောက်ရန် ခရီးစဉ်အား NLDမှ နိုဝင်ဘာလ ၂၀ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၆ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဆစ်ဒနီမြို့သို့ ဦးစွာသွားရောက်ကာ သြစတြေးလျရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပြီး Sydney Opera House တွင် တက္ကသိုလ်သုံးခုပူးပေါင်း ပြုလုပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အမှာစကားပြောမည်ဖြစ်သည်။

ထို့အပြင် ကင်ဘာရာမြို့(Canberra)သို့ သွားရောက်ကာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့၊ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့တို့နှင့် တွေ့ဆုံပြီး သြစတြေးလျလွှတ်တော်သို့ သွားရောက်လေ့လာကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် သြစတြေးလျအမျိုးသားတက္ကသိုလ်တွင် ပညာရေးဆိုင်ရာကိစ္စများကို လေ့လာဆွေးနွေးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သြစတြေးလျနိုင်ငံ နောက်ဆုံးအစီအစဉ်အဖြစ် မဲလ်ဘုန်းမြို့ကို သွားရောက်ကာ Monash Universityတွင် ပညာရေးဆိုင်ရာကိစ္စများ ဆွေးနွေးပြီး မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုမြို့၌ပင် ၂၅နှစ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

သူမ၏ ခရီးစဉ်တွင် သူမ၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ပါတီဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် ပြန်ကြားရေးအရာရှိ ဦးမိုးဇော်ဦးတို့ လိုက်ပါမည်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

ဆီးဂိမ်းတွင်ပြည်တွင်း အားကစားသမား ထိခိုက်သေဆုံးပါက အာမခံကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်

 
အားကစားသမားများမှ ငွေကြေး ထည့်ဝင်ရန်မလိုဘဲ ဆီးဂိမ်း အတွင်း သေဆုံးမှုဖြစ်ပေါ်ပါက မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်ဟု သိရသည်။

ပြည်တွင်းအားကစားသမားများ အတွက် အားကစားသမားများ ကိုယ် အင်္ဂါထိခိုက်မှုအာမခံကို မြန်မာ့အာမခံ လုပ်ငန်းနှင့်ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၁ ခုတို့မှ ပူးပေါင်းထည့်ဝင်ပေးမည် ဖြစ်သဖြင့် အားကစားသမားများမှ ထည့်ဝင်ရန်မလိုအပ်ခြင်းဖြစ်သည်။

အားကစားသမားကိုယ်အင်္ဂါ ထိ ခိုက်မှုအာမခံမှာ တစ်ဦးလျှင်ကျပ်သိန်း ၅ဝ ဖြစ်သဖြင့် အားကစားသမား ၁ဝဝ၂ ဦးအတွက်ကျပ်သန်းပေါင်း ၅ဝ၁ဝ အာမခံငွေထားရှိရမည် ဖြစ်သည်။

အားကစားသမားများအတွက် ပုဂ္ဂ လိကအာမခံ ကုမ္ပဏီတစ်ခုလျှင် ထည့် ဝင်ရမည့် ပရီမီယံကြေးမှာ ကျပ် ၈ ဒသမ ၃၅ သိန်းဖြစ်သည်။ အာမခံ သက်တမ်းမှာ ယခုနှစ်နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိဖြစ် သည်။

အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် သေဆုံးပါက ကျပ် သိန်း ၅ဝ ပေးလျော်မည်ဖြစ်ပြီး ထိခိုက် ပါက ထိခိုက်မှုပေါ်မူတည် ၍ ပေးလျော် မည်ဖြစ်ကြောင်း၊ ဆေးရုံတက်ရလျှင် တစ်ပတ်အများ ဆုံးငါးသောင်းကျပ်နှင့် ၅၂ ပတ်အထိ ပေးချေသွားမည်ဖြစ် ကြောင်း သိရသည်။

ဆီးဂိမ်းတွင် ပြည်တွင်းအားကစား သမားများဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားအမျိုးအစားများ ၃၃ မျိုးရှိပြီး အားကစားသမားအရေအတွက် ကျား ၅၈၅ ဦး၊ မ ၄၁၇ ဦးဖြစ်သည်။

ဝေမာထွန်း

Popular Myanmar News Journal

Wednesday, November 20, 2013

မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွားနှင့် ဖြစ်ပွားသည့် ပြဿနာ စုံစမ်းမည်ဟုဆို

 
မန္တလေး၊ နိုဝင်ဘာ ၁၈

မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်နှင့် ဖြစ်ပွားခဲ့သည်ဟု ဆိုသော သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှုရှိ မရှိကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) က အဆိုပါ ဘုရားဂေါပက အဖွဲ့နှင့် Tourist Police များသို့ မေးမြန်း စုံစမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးရဲမြတ်စိုးက The Voice သို့ ပြောကြားသည်။

“အခုအချိန်က ခရီးသွားရာသီ ဖြစ်နေတော့ မအားလပ်ကြဘူး။ ဒီကိစ္စ မှန်ကန်လား၊ သေချာလားဆိုတာ ပထမ စုံစမ်းရဦးမယ်။ သူတို့က ကျွန်တော်တို့ အသင်းက အဖွဲ့ဝင် တစ်ယောက်ကတစ်ဆင့် အကြောင်း ကြားထားတယ်” ဟု ဦးရဲမြတ်စိုးက ဆိုသည်။

အဆိုပါ သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှု ရှိ မရှိကို ဘုရားကြီး ဂေါပကသို့ ဆက်သွယ် မေးမြန်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
“ဒီကိစ္စက သေချာလားဆိုတာ စုံစမ်းရမယ်၊ သေချာရင်တော့ တောင်းပန်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စကို ရန်ကုန်မြို့တော်မှ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အဆိုပါ ဧည့်လမ်းညွှန် အသင်းသို့ သတင်းပေးပို့ခြင်း ဖြစ်ကြောင်း အဆိုပါ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဦးချစ်စမ်းဦးက ပြောကြားသည်။

ခရီးသွား အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရကနေ့က မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိချိန် ဧည့်သည် ခြောက်ဦး သန့်စင်ခန်း အသုံးပြုလိုသဖြင့် ဘုရားကြီး အနောက်မြောက်ထောင့် (ကြေးစည်ကြီး၊ ကြေးရုပ်ကြီးများ တည်ရှိသော အရပ်မျက်နှာဘက်) သို့ ညွှန်ပြခဲ့ပြီး သန့်စင်ခန်း အသုံးပြုခကိုလည်း အနည်းဆုံး ၂၀၀ ကျပ်၊ အများဆုံး ၅၀၀ ကျပ်ဟု မှာလိုက်ကြောင်း၊ ဧည့်သည် ခြောက်ဦးသည် သန့်စင်ခန်း အသုံးပြုပြီးအပြန် တစ်ဦးလျှင် ၂၀၀ ကျပ် ပေးသောအခါ သန့်စင်ခန်း အသုံးပြုခ ကောက်သော အမျိုးသမီး (ဝဝ၊ အရပ်အနည်းငယ် ရှည်) က ၂၀၀ ကျပ်မရကြောင်း ၁၀၀၀ ကျပ် ပေးရမည်ဟု ပြောကာ ပြန်ထွက်မည့် တံခါးတွင် ပိတ်ရပ်၍ တံခါးကို ပိတ်ပစ်ခဲ့ပြီး ၁၀၀၀ ကျပ် မပေးပါက ဖွင့်မပေးဟု ပြောသဖြင့် အတင်းထွက်မည် လုပ်သော ဧည့်သည် အမျိုးသမီး တစ်ဦးကို လက်နှင့် ရိုက်ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနသို့ အကြောင်းကြားစာတွင် ပါရှိသည်။

ဧည့်သည်များသည် ရုတ်တရက် ဖြစ်သဖြင့် မြန်မာငွေ အလုံအလောက်ပါ မလာသောကြောင့် အဆိုပါ ခြောက်ဦးက ၎င်းတို့တွင် ပါလာသော ပိုက်ဆံများကို အားလုံးစု၍ ငါးဦး အရင်အပြင်သို့ ထွက်ခဲ့ပြီး ပိုက်ဆံယူကာ ကျန်တစ်ဦးကို သန့်စင်ခန်း အတွင်းမှ ခေါ်ယူခဲ့ရကြောင်း ဦးချစ်စမ်းဦး ကပြောကြားသည်။

“သူတို့ ရောက်တာနဲ့ အချိန်ကမရလို့ ကားက ဘုရားကြီးကနေ ထွက်ခဲ့ပါတယ်။ ထွက်ပြီး ခဏနေမှ ဒီကိစ္စ ဖြစ်ခဲ့တယ်လို့ ဧည့်သည်တွေက သူ့တို့ ဧည့်လမ်းညွှန်နဲ့ Tour Leader ကို တိုင်ပြောပါတယ်။ ဧည့်လမ်းညွှန်က သက်ဆိုင်ရာ ဘုရားကြီး ဂေါပကရဲနဲ့ Tourist Police တွေကို တိုင်ကြားဖို့ စီစဉ်ပေမယ့်လည်း ကားကလည်း ပြန်လှည့်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေ့ Schedule က အရမ်းကျပ်နေတော့ ဘယ်လိုမှ မတတ်နိုင် ဖြစ်နေလို့ နောက်ဆုံး မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနကို အကြောင်း ကြားပါတယ်လို့ အကြောင်းကြားစာမှာ ရေးထားတယ်” ဟု ဦးချစ်စမ်းဦးက ဆိုသည်။

ယခင်က ဘုရားနှင့် ရှေးဟောင်း နေရာများသို့ သွားရောက် လည်ပတ်ရာတွင် သန့်စင်ခန်း မရှိသည့် အခက်အခဲများ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါ နေရာများတွင် သန့်စင်ခန်းများ တည်ဆောက် ထားသဖြင့် အဆင်ပြေမှု ရှိကြောင်း ဦးချစ်စမ်းဦးက ထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စ ဟုတ်မှန်ခြင်းရှိ မရှိကို ဘုရားဂေါပက အဖွဲ့ထံ The Voice က ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်သည်။

The Voice Weekly

သူခိုးကြီးညတွင် မေတ္တာအားမာန် ပညာဒါနကျောင်း ဖျက်ဆီးခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်းတွင် NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ
အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းမှာ ယခုလ ၁၈ရက်နေ့ သူခိုးကြီးညတွင် အဖျက်ဆီးခံခဲ့ရကြောင်း ကျောင်းတာဝန်ခံဦးမြင့်သိန်းက ပြောကြားသည်။

သူခိုးကြီးညဟုခေါ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ညပိုင်းတွင် မေတ္တာအားမာန်ပညာဒါနကျောင်းရှိ စာသင်ဆောင်ဝန်းထရံများ အပါအ၀င် စာသင်ခုံများနှင့် ကျောင်းဆောင်ဆိုင်းဘုတ်တို့ကို ဖျက်ဆီးခဲ့ပြီး လမ်းဘေး မြောင်းထဲသို့ ပစ်ချခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်က မနက် ၆နာရီလောက်မှ ကျောင်းတံခါးဖွင့်ဖို့ လာတော့ စာသင်ခုံတွေ မြောင်းထဲရောက်နေပြီး ကျောင်း ဆိုင်းဘုတ်ကိုလည်း ရှာမတွေ့တော့ဘူး။ ဘယ်သူတွေ ဖျက်ဆီးသွားတယ်ဆိုတာလည်း မသိလိုက် ရဘူး”ဟု ဦးမြင့်သိန်းကဆိုသည်။

ယခုကဲ့သို့ သူခိုးကြီးညကိုအကြောင်းပြပြီး အပျော် သဘောထက် အဖျက်လုပ်ရပ်များ ပိုမိုများပြားလာ
သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေလိုကြောင်း တောင်ဒဂုံ မြို့နယ် NLD ပညာရေးကွန်ရက်မှ အမှုဆောင်ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။

NLD ပညာရေးကွန်ရက်မှ တည်ထောင်ထားသော မေတ္တာ အားမာန် လူမှုအထောက်အကူပြု ပညာဒါန သင်တန်းကျောင်းတွင် ၁၀တန်း သီးသန့် ကျောင်းသား၊ကျောင်းသူ ၃၂ဦးခန့် ပညာသင်ကြားလျက်ရှိပြီး အဆိုပါ သင်တန်းကျောင်းနှင့် ကပ်လျက်ရှိသော အသက်မွေးမှု ပညာသင်တန်း ကျောင်း ကိုလည်း ၂၇-၂-၂၀၁၂ခုနှစ်တွင် အဖျက်ဆီး ခံခဲ့ရဖူးကြောင်း ကျောင်းတာဝန်ခံ ဦးမြင့်သိန်းက ပြောကြားသည်။

ရေးသားသူ- စိုးမင်းအောင်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ

 
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ တောင်းဆိုနေတာ အလုပ်ရှင်မနစ်နာပါဘူး။ ပေးနိုင်တဲ့တောင်းဆိုမှုပါ။တနင်္ဂနွေတစ်ရက် စက်ရုံပိတ်ပေးရန်နဲ့ လစာ၂သောင်း တိုးပေးရန်တောင်းဆိုတာပါ။ ဒီနှစ်ချက်မရမချင်း ဒီနေရာကမထပါဘူ။ဆက်လက် မရမချင်းတောင်းဆိုသွားမှာပါ။ အခုချိန်ထိတော့ အလုပ်ရှင်ဘက်က လာရောက်ညှိနှိုင်းမှုမျိုး မရှိသေးပါဘူး။"ဟု ဥက္ကဋ္ဌ ကိုဝင်းဇော်ဟိန်းက ပြောသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုခြင်း မပြုလုပ်မီ အလုပ်ရှင်ထံ စက်တင်ဘာလ ၁၅ရက်က တစ်ကြိမ်၊ ၂၀ရက်က တစ်ကြိမ်၊ ၂၃ရက်ကတစ်ကြိမ်နှင့် ၂၈ရက်ကတစ်ကြိမ် လေးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြဦးဆောင်သည့် အတွင်းရေးမှူး ကိုညီညီဇော်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရန် ပြည်ကြီးတံခွန် မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် တရားဝင်စာတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ လစာတိုးပေးဖို့ HR က ဆွဲနေပါတယ်။ သြဂုတ်လကတည်းကပါ။နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ရေးဆွဲနေတာပါ။ ၂၀၁၄ဇန်နဝါရီလောက်မှာ ဆွဲပြီးမယ်။ဖေဖော်ဝါရီလလောက်မှာတိုးပေးဖို့ လုပ်သွားမှပါ။ ဒီအတိုင်းကတော့တိုးမပေးနိုင်သေးပါဘူး"ဟု စပါးနှံတာယာစက်ရုံ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ လစာတိုးမြှင့်ပေးရန် စက်ရုံဘက်မှ အလုပ်သမားတွေများသိရှိရန် ကြော်ငြာကပ်ခြင်၊ အလုပ်သမားခေါင်းများအား ခေါ်ပြောခြင်းများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် ရုံပိတ်ပေးရန်မှာမူ မဖြစ်နိုင်ဟု ဦးမောင်မောင်က ပြောသည်။

စပါးနှံတာယာစက်ရုံ တွင် အလုပ်သမား၄၂၀ရှိပြီး လက်ရှိတွင် အခြေခံ လစာငွေ ကိုးသောင်း ရရှိပြီး ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်ဟု သိရသည်။

အောင်ကိုဦး - Mizzima - News in Burmese

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့တရားဝင်ထုတ်ပြန်ထားတဲ့လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့်တွေ့ဆုံခြင်း


 ဓာတ်ပုံ- သီဟ - 7Day News Journal

ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုနေသည့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် နိုင်ငံသားဖြစ်ရေးအစီအစဉ်နှင့်
ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် 7Day News တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်တင်ပြလိုက်ပါသည်။

မေး- ဘင်္ဂါလီတွေ လက်ရှိတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဘယ်လိုဆောင်ရွက်ပေးထားပါသလဲ။

ဖြေ- လုပ်မယ့်စနစ်ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီပဲ လုပ်မှာပါ။ ဒီဥပဒေက တည်ဆဲဥပဒေဖြစ်ပါတယ်။ တည်ဆဲဥပဒေနဲ့အညီပဲ သတ်မှတ်တဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေ၊ နိုင်ငံသားအဖြစ်လျှောက်ထားတဲ့သူတွေ အရည်အချင်းကိုက်ညီတယ်ဆိုရင် ဥပဒေရဲ့ခွင့်ပြုချက်အတိုင်းပဲ ဖြစ်သွားမှာပါ။

မေး- သူတို့ဘက်က စစ်တမ်းကောက်ယူမှုတွေကို လက်မခံတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ- ၂၀၁၂ ခုနှစ် မေနဲ့ဇွန်လောက်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေမှာရှိတဲ့ ဘင်္ဂါလီပေါ့နော်။ လူမျိုးစုနှစ်ခုပြဿနာဖြစ်ပါတယ်။ အဲဒါဖြစ်တော့ ဒေသခံတွေက ခိုးဝင်တဲ့သူ ရှိ၊ မရှိ သိလိုပါတယ်လို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်အပေါ်မူတည်ပြီး စစ်ဖို့လုပ်တာပါ။ တိုတိုပြောရရင်တော့ စစစ်ခါစအချိန်တုန်းကတော့ လက်ခံပါတယ်။ နောက်ပိုင်းကျတော့ သူတို့လူမျိုးတွေက လူမျိုးစုနေရာမှာ ဘင်္ဂါလီလို့ရေးမယ့်အစား ရိုဟင်ဂျာလို့ရေးမယ်ဆိုရင် လက်ခံမယ်ဆိုတာဖြစ်လာပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ဒီလိုထည့်လို့တော့မရဘူးပေါ့။ အဲဒီမှာတင် လုပ်ငန်းကမတွင်ကျယ်ဖြစ်လာတာပါ။ အခုဟာဆိုရင် ကျွန်တော်တို့ မြေပြင်မှာဆင်းကောက်ရင် လက်မခံရင် တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားမှာစိုးတယ်။ ဘာပဲဖြစ်ဖြစ် ယာယီစခန်းတွေမှာနေတဲ့သူတွေအတွက် စားရေးသောက်ရေး ဝေတာတွေရှိတယ်။ သက်ဆိုင်ရာဒေသအာဏာပိုင်တွေရဲ့ စာရင်းဇယားတော့ ရှိပါတယ်။ ကျွန်တော်တို့ကို စာရင်းဇယားပေးပါ။ ပေးတယ်ဆိုရင် ကျွန်တော်တို့မှာ လက်ခံစာရင်းရှိတယ်။လက်ခံစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးလိုက်ရင် လူစိမ်းရှိ၊ မရှိ သိတယ်။ မသေချာရင်လည်း သက်ဆိုင်ရာဒေသကလူကို ခေါ်ပြပြီး အတည်ပြုလိုက်ရင်ရတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့က မြေပြင်မှာဆင်းကောက်ရင် ပြဿနာဖြစ်နိုင်တယ်။ တည်ငြိမ်အေးချမ်းမှုပျက်ပြားနိုင်တယ်။ ဒါကြောင့် မြေပြင်မှာဆင်းကောက်မယ့်အစား စာရင်းတွေ ကျွန်တော်တို့ကိုပေးရင် ဖြစ်နိုင်တယ်ဆိုပြီး ပုံစံတစ်မျိုးပေါ့။ အဲဒါမျိုးကို ကျွန်တော်တို့စဉ်းစားနေပါတယ်။

မေး- သူတို့က ဘာဖြစ်လို့ ရိုဟင်ဂျာလို့ သတ်မှတ်ခံချင်ရတာလဲခင်ဗျ။

ဖြေ- ရည်ရွယ်ချက်ကတော့ သူတို့ပဲသိမှာပေါ့။ ကျွန်တော်တို့ကတော့ မူလစာရင်းဇယားပေါ်မှာ အခြေခံပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

မေး- သူတို့က နိုင်ငံသားဖြစ်ဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ စစ်တမ်းကောက်တာကိုလက်မခံရင် ဒီဇာတ်လမ်းက ဇာတ်မျောကြီးဖြစ်မသွားနိုင်ဘူးလား။ သူတို့ကလည်း ဒုက္ခသည်စခန်းမှာနေတယ်။ နိုင်ငံတကာက အထောက်အပံ့တွေနဲ့ စားနေတယ်ဆိုရင် ပြဿနာက ကြာရှည်မသွားနိုင်ဘူးလား။

ဖြေ- ကျွန်တော့်အပိုင်းက နိုင်ငံသားဖြစ်ရေးကို လုပ်ပေးရမယ့်တာဝန်ရှိတာပေါ့လေ။ အရည်အချင်းနဲ့ကိုက်ညီရင် ကျွန်တော့်အပိုင်းတော့ ကျွန်တော်ဆောင်ရွက်မှာပါ။ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ နဂိုမူရင်းမှတ်တမ်းမှတ်ရာတွေနဲ့ လုပ်ရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ တောင်းဆိုမှုအရ လူစိမ်းရှိ၊ မရှိ စစ်ပေးပါဆိုလို့ စစ်ပေးရတာပါ။ ဒီအခြေအနေကို ထိုးဖောက်နိုင်အောင်လို့ နည်းမျိုးစုံနဲ့ ကြိုစားရမှာပါ။ တိုးတက်မယ်လို့တော့ထင်ပါတယ်။

မေး- စစ်ဆေးတဲ့အခါမှာ ခိုးဝင်တဲ့သူတွေ့ခဲ့ရင် ဘယ်လိုအရေးယူမလဲ။

ဖြေ- ခိုးဝင်တဲ့သူတွေ့ရင်တော့ တည်ဆဲဥပဒေအရ အရေးယူခံရမှာပေါ့လေ။

မေး- ခိုးဝင်တာများလာတာနဲ့ ပတ်သက်ပြီးတော့ နစကနဲ့ လ၀ကကို လူတွေက လက်ညှိုးထိုးကြတဲ့အခြေအနေတွေရှိပါတယ်။ အဲဒီအပေါ်မှာ ဘာများတုံ့ပြန်ပြောချင်ပါသလဲ။

ဖြေ- များလာတဲ့ဟာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ၁၈၂၄ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်တယ်။ မြန်မာပြည်အနောက်ခြမ်း အင်္ဂလိပ်လက်အောက်ကျတယ်။ မှတ်တမ်းမှတ်ရာတွေအရတော့ အဲဒီမတိုင်ခင် ကျွန်တော်တို့ဆီမှာ အမြဲတမ်းနေထိုင်တဲ့ နိုင်ငံခြားသားမရှိဘူးလို့ ဆိုနိုင်တာပါ။ ၁၈၂၄ ခုနှစ် မြန်မာနိုင်ငံအနောက်ခြမ်း ကိုလိုနီလက်အောက်ကိုရောက်တော့ အဲဒီမှာရှိတဲ့ လယ်တွေလုပ်ဖို့အတွက် လယ်ကူလီတွေငှားရတယ်။ အဲဒီတော့ သူတို့ ဒီဘက်မှာလာပြီး ၀င်ထွက်ခွင့်၊ နေထိုင်ခွင့်၊ အခြေချခွင့်တွေရတယ်။ နောက် ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး သူများလက်အောက်ကျရတာပေါ့ဗျာ။ နှစ်ပေါင်းတစ်ရာလောက် အချုပ်အခြာအာဏာဆုံးရှုံးခဲ့တာပေါ့။ အချုပ်အခြာအာဏာဆုံးရှုံးမှတော့ ကျွန်တော်တို့ပိုင်နက်နယ်နိမိတ်ကို ကျွန်တော်တို့ထိန်းလို့မရဘူးပေါ့။ အဲဒီအခါမှာ ၀င်ကြတယ်၊ ထွက်ကြတယ်။ ဒီမှာနေကြတယ်။ အခြေချတယ်။ ဒီမှာလည်း မျိုးဆက်ပွားတာတွေရှိမယ် စသည်ဖြင့်ပေါ့။ အဲဒီတော့ အလုံးအရင်းနဲ့ စပြီးနေခွင့်ရသွားတာတွေ၊ စပြီးမျိုးဆက်ပွားသွားနိုင်တာတွေ၊ နှစ်ပေါင်းတစ်ရာလောက် အတားအဆီးမဲ့ ၀င်ခွင့်ရသွားခြင်းဟာ ကိုလိုနီရဲ့ဆိုးမွေကြောင့်ပါ။ ဒီနောက်ပိုင်းမှာ မွေးဖွားနှုန်းတွေ များလာတာတွေရှိတယ်။ ဒီတော့ ဘယ်ဝန်ကြီးဌာနကြောင့်လို့ ပြောနေမယ့်အစား သမိုင်းကြောင်းမှာ ဒီလိုပြဆိုထားတယ်ဆိုတာ ကျွန်တော်ကပြောပြတာပါ။ ၀န်ထမ်းဆိုတာကလည်း မိသားစုတွေကနေ ပေါက်ဖွားလာကြတာပဲလေ။ ၀န်ထမ်းတစ်ယောက်ရဲ့ ဂုဏ်ကတော့ ပေးအပ်တဲ့တာဝန်ကို ရိုးသားစွာထမ်းဆောင်ခြင်းဆိုတဲ့ ဂုဏ်ရှိတာပေါ့။ သူ့ဂုဏ်မှ ထိခိုက်ခံရရင်တော့ သူတို့လည်း စိတ်ဓာတ်ကျတာပေါ့ဗျာ။ ဒါကျွန်တော်က ၀န်ထမ်းအားလုံးရဲ့ကိုယ်စားပြောပြတာပါ။ ဘယ်သူတွေ ဘယ်နေရာမှာ မတရားဝင်နေတာတွေ့ရင် ကောင်းတာကတော့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်ပေးဖို့ကောင်းတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့က ပါဝင်ပတ်သက်တဲ့ပုဂ္ဂိုလ်ရော၊ တကယ်ဝင်လာတဲ့သူကိုရော တည်ဆဲဥပဒေအရ ဆောင်ရွက်တာပေါ့။ ဒီလိုမပြနိုင်ဘဲနဲ့ မပြောနိုင်ဘဲနဲ့ဆိုရင် ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်ဆိုရင် အစွပ်စွဲခံရတဲ့သူတွေအတွက် နစ်များနစ်နာမလားလို့ စဉ်းစားကြည့်တာပါ။ ဒါတွေဟာ ပြည်သူရဲ့သားသမီးတွေပဲလေ။ ပြည်သူကပေးတဲ့အခွန်ကိုယူပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့သူတွေဆိုတော့ စေတနာအပြည့်နဲ့ လုပ်နေတဲ့သူတွေ အများကြီးရှိပါတယ်။

မေး- တကယ်လို့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ပြီး အခွင့်အရေးတွေရသွားရင်ရော ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်သွားနိုင်မယ်လို့၊ ရခိုင်ပြည်နယ်က အရင်ကလိုအခြေအနေ ပြန်ဖြစ်သွားမယ်လို့ ယုံကြည်ပါသလားခင်ဗျာ။

ဖြေ- ဒါကတော့ ကြိုးစားဆောင်ရွက်ရမှာပေါ့ဗျာ။ ကြိုစားဆောင်ရွက်ရမယ့်ကိစ္စတွေပေါ့။ အချိန်ယူရမယ့်ကိစ္စတွေပေါ့။ ရင်ကြားစေ့ရေးလုပ်ငန်းဆိုတာ အချိန်ယူရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

မေး- ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောချင်တာ ဘာများရှိပါသလဲခင်ဗျာ။

ဖြေ- နိုင်ငံတော်အစိုးရအနေနဲ့တော့ တည်ငြိမ်အေးချမ်းမှုလိုချင်တာပေါ့။ ကျွန်တော်တို့အစိုးရအဖွဲ့ စပြီးတာဝန်ယူကတည်းက ဒီမိုကရေစီဖော်ဆောင်မှု၊ အမျိုးသားရင်ကြားစေ့ရေး၊ လူမှုစီးပွားဘ၀ ဖော်ဆောင်ရေးဆိုတဲ့ ဒီလိုကြွေးကြော်သံတွေနဲ့ နိုင်ငံတော်အစိုးရ ရှေ့ခရီးကိုလှမ်းနေကြတာပေါ့။ ဘာပဲပြောပြော တိုင်းပြည်ထဲမှာ ဒီလိုပဋိပက္ခတွေက ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျွန်တော်တို့ရည်မှန်းချက်တာဝန်တွေကို အထိုက်အလျောက်တော့ အနှောင့်အယှက်ဖြစ်တာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့က အေးချမ်းစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။ ပြဿနာတွေမပေါ်စေချင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့လုပ်ငန်းမျိုးပဲ ဖြစ်စေချင်တယ်။ ဒါက ကျွန်တော့်ဆန္ဒပါ။

ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ- သီဟ - 7Day News Journal