Pages

Thursday, January 30, 2014

ပင်လယ်ပြင် ငါးဖမ်းရေယာဉ်များကို နှစ်အကန့်အသတ်ဖြင့် လုံးဝပိတ်ပင်ရန် မဖြစ်နိုင်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၉

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ ဆုတ်ယုတ်လျက် ရှိသော်လည်း ကမ်းဝေးရေယာဉ်များ ငါးဖမ်းခွင့်ကို နှစ်အကန့်အသတ်ဖြင့် ပိတ်ပင်ရန် လုံးဝမဖြစ်နိုင်ကြောင်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မြန်မာပင်လယ်ပြင်အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များဖြင့် ငါးဖမ်းခွင့်ကို နှစ်အကန့်အသတ်ဖြင့် လုံးဝပိတ်ပင်ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်ပသို့ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ၂၀၁၃ ခုနှစ်အတွင်း တန်ချိန်ပေါင်း ၀ ဒသမ ၃၇ သန်း ရှိပြီး အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၃ သန်း ရရှိခဲ့သောကြောင့် ပင်လယ်ပြင်ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါက ရေငန် ငါးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ရှင်းပြသည်။
“ပြည်တွင်း ငါးစားသုံးမှု အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပင်လယ်ပြင်အတွင်း ဖမ်းဆီးနေသော ကမ်းဝေး ရေယာဉ်များသည် စည်းကမ်းနှင့် မကိုက်ညီသော ဖမ်းဆီးမှုများကြောင့် ပင်လယ်ပြင်အတွင်း ငါးရှားပါးမှု ဖြစ်ပေါ်နေပြီး ဒေသခံ တံငါလုပ်ငန်း လုပ်ကိုင်သူများအတွက် ထိခိုက်နစ်နာမှုများ ရှိလာကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောကြားသည်။
“ပင်လယ်ပြင် ငါးရှားပါးမှုကို အစိုးရအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ပေးစေ လိုပါတယ်” ဟု၎င်းင်းကဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း နှစ်စဉ် ရေပေါ်ရေအောက် ငါးဖမ်းဆီး ထုတ်လုပ်နိုင်သော ပမာဏ ငါးတန်ချိန် သန်းပေါင်း ၁ဒသမ ၀၅ သန်းသာ ရှိသော်လည်း ပြည်ပ တင်ပို့မှု ရေငန် ငါး ၊ ပုစွန် လိုအပ်ချက်ကြောင့် ၂ ဒသမ ၄ သန်း ထုတ်လုပ်လျက် ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) သုတေသန စာရင်းများအရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း တရားဝင် ငါးဖမ်းလိုင်စင် ယူထားသော ကမ်းဝေး ရေယာဉ်ပေါင်း ၂၂၉၆ စီးရှိပြီး ရေလုပ်သား ၄၂၀၀၀ ကျော်နှင့် ရေထွက်ပစ္စည်း ပြုပြင်မွမ်းမံသည့် စက်ရုံ၊ အလုပ်ရုံ ၁၁၆ ခုရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရသည်။

သူရိန်