Pages

Thursday, February 13, 2014

ကေအိုင်အေ စခန်းတစ်ခုကို အစိုးရတပ် သိမ်းပိုက်

 
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဂျာအင်ယန်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး KIA တပ်ရင်း ၁၈ ရဲ့ ခါအူ ရှေ့တန်းတပ်စခန်းကို အစိုးရတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အဲဒီ ဂျာအင်ယန်ကျေးရွာအနီးမှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ အခြေအနေ ပိုတင်းမာလာနိုင်ကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

“ခမရ ၁၆၁ နဲ့ ခမရ ၄၂ တပ်ရင်းနှစ်ရင်းက အင်အားနှစ်ကြောင်းနဲ့ လာတိုက်တော့ ကျနော်တို့ဘက်ကနေ ဖယ်သိမ်းလိုက်ပြီ၊ ဒီအကြောင်းကို ကျနော်တို့ MPC ကိုလည်း သတင်းပို့ထားပြီ၊ မြောက်ပိုင်းတိုင်းကိုလည်း သတင်းပို့ထားတယ်၊ အခြေအနေက ပိုပြီးတော့ တင်းမာလာနိုင်ခြေရှိတယ်၊ ဒီလိုမျိုး ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာ ဒီလိုမျိုးသတင်းတွေ ထွက်လာတယ်ဆိုတာကိုက မကောင်းဘူး”

အဲ့ဒီတိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ လှုပ်ရှားတဲ့ မြစ်ကြီးနား- ဗန်းမော်ကားလမ်း အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က အရာရှိတစ်ဦးကို RFA က မေးမြန်းရာမှာ မဖြေနိုင်သေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် အိမ် ၃ လုံးပျက်စီးပြီး အမျိုးသမီး ၁ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese