Pages

Sunday, February 9, 2014

ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့ ဒေသခံ ၃၀၀ ဆန္ဒပြ




Photos -Martin Swe(Facebook)
နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်ပိုင်ခွင့် လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ပုဒ်မ ၅၉ (စ) အပါအ၀င်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့ ၈၆ လမ်း၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာ ဒေသခံလူထု ၃၀၀ ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲကို ရည်ရွယ်ချက်လေးချက်နဲ့ ကျင်းပရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးမျိုးကျော်အောင်က RFA ကို အခုလိုပြောပါတယ်။

“တောင်းဆိုတဲ့အချက်ကတော့ လေးပွင့်ဆိုင်တွေ့ဆုံရေး၊ ဖွဲ့စည်းပုံအခြေခံ မြန်မြန်ပြင်ဆင်ရေး၊ ပြည်သူတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံထဲမှာပါဝင်နေတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ နောက်တိုင်းရင်းသား နယ်မြေတွေအားလုံး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ပေါ့နော်၊ အဲဒီအချက် ၄ ချက်ကို ကျနော်တို့က တောင်းဆိုတာပါ”

မှုလက မန္တလေးမြို့ဒေသခံ ၁ ထောင်ကျော်လောက် စီတန်းလှည့်လည်ပြီး ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် ဒေသခံရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဒီနေ့လူ ၃၀၀ လောက်သာ စုဝေးဆန္ဒပြခဲ့ရတာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့နေရာအနှံမှာ ကျင်းပခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဆင်ရေး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

RFA Burmese