Pages

Tuesday, February 25, 2014

ထိုင်းနိုင်ငံရေး အခြေအနေ တင်းမာဆဲ

နိုင်ငံရေး မငြိမ်သက်မှုတွေ  အချိန်ကြာမြင့်လာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အကြမ်းဖက်မှုတွေ တိုးလာနေပြီး ဒီကနေ့ တိုက်ခိုက်မှုအတွင်း ဆန္ဒပြသူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ဘန်ကောက်မြို့လယ်ခေါင် Lumpini ပန်းခြံထောင့်မှာရှိတဲ့ အစိုးရဆန့်ကျင်သူတွေ ဆန္ဒပြနေတဲ့နားမှာ ဒီကနေ့မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို သူတို့ မသိဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေ ဈေးဝယ်လေ့ရှိတဲ့ နေရာတ၀ိုက်နားက ဆန္ဒပြသူတွေ ရှိတဲ့နေရာမှာလည်း အခြားပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အခု ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ဦးတည်တဲ့ ပစ်ခတ်မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအပြီး ပေါ်လာရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ ထိုင်းနိုင်ငံရေး တင်းမာမှုကြောင့် အခုချိန်ထိ အနည်းဆုံး လူ (၂၀) သေဆုံးခဲ့ပြီး ဒါဟာ ၂၀၁၀ ခုနှစ် အကြမ်းဖက်မှုထက်စာရင် အဆိုးဆုံးဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို နိုင်ငံရေး မငြိမ်သက်မှုကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ကထက်စာရင် သွင်းကုန်ထုတ်ကုန်ပမာဏ အမြင့်ဆုံး ကျဆင်းခဲ့ပြီး ဇန်န၀ါရီ တလထဲမှာ ၁၅.၅% ကျဆင်းခဲ့ပါတယ်။

အဲဒီထဲမှာ ကွန်ပျူတာ အစိတ်အပိုင်းပစ္စည်း၊ ကားအပိုပစ္စည်းတွေ ပါဝင်ပါတယ်။ တချိန်ထဲမှာ ပို့ကုန် ပမာဏဟာလည်း ၂% ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ထိုင်းကိုလာလည်တဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ တောက်လျှောက် ထိုးကျနေတယ်လို့ ထိုင်းလေကြောင်းလိုင်းက ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ဟိုတယ်တွေမှာ တ၀က်လောက်သာ လူရှိတယ်လို့ ထိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)