Pages

Friday, February 21, 2014

ကုမ္ပဏီနဲ့ အာဏာပိုင်များပေါင်းပြီး ဒေသခံများကို အဓမ္မလုပ်အားပေးစေခိုင်း

တနသာင်္ရီတိုင်းဒေသကြီး၊ မေတ္တာမြို့နယ်ခွဲ၊ မြောင်းပြိုဒေသတွင် MPC (မြန်မာပွန်ပီပက်) ကုမ္ပဏီနှင့် အာဏာပိုင်များ ပူးပေါင်းကာ လမ်းတံတားများ ပြင်ဆင်ရန်အတွက် ဒေသခံရွာသူ/သားများကို အဓမ္မလုပ်အားပေးခိုင်းစေနေကြောင်း သိရသည်။
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
မြောင်ပြိုဒေသတွင် MPC ကုမ္ပဏီမှ သတ္တုရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေပြီး လမ်းတံတားများပျက်စီးသဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်သည့် အခါ ဒေသခံရွာသူ/သားများအား တစ်အိမ်တယောက်နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ပြီး ခိုင်းစေခဲ့သည်ဟု ဒေသခံရွာသားတဦးက ဆိုသည်။
“တအိမ်တယောက်သွားရတယ်။ မသွားနိုင်တဲ့သူကို ငွေ ၃၀၀၀ ကျပ်စီ ထည့်ရတယ်။ မထည့်တဲ့သူတွေကို စရင်းမှတ်ထားမယ်။ ဟိန္ဒားအုပ်ချုပ်ရေးမှူးရုံးကို ပို့မယ်လို့ အစည်းအဝေးခေါ်တုန်းကပြောတော့ ကြောက်ပြီး ထည့်ရတာပေါ့” ဟု ရွာသားတဦးက ရှင်းပြခဲ့သည်။
မြောင်းပြိုဒေသတွင် MPC ကုမ္ပဏီမှ စွန့်ပစ်မြေဇာများကြောင့် သီးနှံပင်များ ပျက်စီးခြင်း၊ လမ်းများ ပျက်စီးရခြင်း၊ ချောင်းများလည်း ရေလမ်းကြောင်းပြောင်းခြင်း၊ ကမ်းပါးပြိုခြင်းစသည့် ဖြစ်လာပြီး ပြန်လည် ပြန်လည်ပြင်ဆင်သည့်အခါတွင် MPC ကုမ္ပဏီမှ တာဝန်ဆောင်ရွက်ပေးခြင်းမရှိပဲ ရွာသားများအား အဓမ္မလုပ်အားပေးခိုင်းစေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း မိမိတို့ဒေသခံများဘက်မှ ရပ်တည်ပေးခြင်း မရှိပဲ ကုမ္ပဏီမှသာ ရပ်တည်ပေးကြောင်း သူက ဆက်လက်ရှင်းပြသည်။
“မြေဇာကြောင့် သီးပင်တွေလည်း သေကုန်ပြီ။ စာရေးသောက်ရေးလည်း အခက်တွေ့တယ်၊ အရင်ကဆို ကိုယ်ခြံကထွက်တဲ့ သီးနှံတွေ ရောင်းချပြီး မိသားစုလုံလုံလောက်လောက် စားသောက်လို့ရတယ်။ အခုဆို စားရေးသောက်ရေး တော်တော်ခက်တယ်” ဟု နောက်ဒေသခံ တဦးကလည်း ဆိုသည်။
ဒေသခံရွာသူ/သားများအား လုပ်အားပေးခိုင်းစေရာတွင် ၃-၄ ကြိမ်မျှရှိပြီး အလှည့်ကျနဲ့ခိုင်းစေကာ တခါခေါ်ရင် ၁၀ ယောက်မှ ၁၅ အထိ စေခိုင်းလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုမရှိတော့ကြောင်း အစိုးရတာဝန်ရှိသူများ ပြောဆိုနေသော်လည်း ကျေးလက်ဒေသများ တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကိစ္စများတွင် အဓမ္မလုပ်အာပေးခိုင်းစေမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ထားဝယ်ဒေသရှိ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို အစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pongpipat Company (MPC) တို့က ဧရိယ ဧက ၂၀၀၀ ကျော်ပေါ်တွင် ဖက်စပ်လုပ်ကိုင်လျက်ရှိပြီး အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ရရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းကို အစိုးရက ရရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် စင်္ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြထားသည်။
ထားဝယ်လူထုအသံ http://www.tavoyanvoice.com/