Pages

Thursday, February 20, 2014

ဆယ်တန်းမြန်မာစာ Hip Hop သီချင်းဆိုရင်း ကျက်မယ်

 
Hip Hop သီချင်း ရွတ်ဆိုနိုင်သော လူငယ်များအတွက် ယခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးထွက်မည့် အနေအထားတစ်ခု ရှိနေသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ဆိုင်ရာ စကားပြေမေးခွန်းရှည်တို့ကို အခက်အခဲမရှိ ဖြေဆိုနိုင်မည်ဟုဆိုသော Hip Hop သီချင်း စီဒီ နှင့် စာအုပ်က ဈေးကွက်အတွင်းသို့ မကြာသေးခင်က ဖြန့်ချိလိုက်သောကြောင့် ဖြစ်သည်။

မြန်မာစာ အထူးထုတ် Hip Hop သီချင်းများကို ရေးသားပြုစုထားသည့် ဆရာမျိုးက သူ၏ ဖန်တီးချက်နှင့် ပတ်သက်ပြီး ယုံကြည်ချက်အပြည့် ရှိနေသည်။

“ကျွန်တော့်သီချင်းတစ်ပုဒ်ရဲ့ စာသားတွေချည်း ချရေးလိုက်ရင် အမှတ်ပေးစည်းမျဉ်းနဲ့အညီ ဖြစ်ပါတယ်” ဟု ဆရာမျိုးက ပြောကြားခဲ့သည်။

ပါဝင်သည့် သီချင်း ၁၂ ပုဒ်ကို သံစဉ်ထည့်ပေးသူတို့မှာ KB ကွန်ဇော်၊ သန့်ဇင် (unison), Dirty Cash အဖွဲ့, Three Brothers, ZK တို့ ဖြစ်ကြသည်။

ကျူရှင်ဆရာဟောင်း၊ လက်ရှိ သင်တန်းကျောင်းတခု ဖွင့်ထားသူ ဆရာမျိုး၏စာသားများကို ရွတ်ဆိုပေးထားကြသူတို့မှာ ဝိုင်းလမင်းအောင်၊ ပိုင်ပိုင်၊ ဖြူဆွတ်၊ Dirty Cash အဖွဲ့၊ သာထက်သာ၊ ပိပိ (ပီတာ)၊ ပွင့်စပယ်၊ ညိုမီမီထွန်း၊ အိမွန်သိမ့်တို့ ဖြစ်သည်။

မာစတာတေးသံသွင်းက မူပိုင်လုပ်ပြီး လွန်ခဲ့သော ရက် ၂ဝ ခန့်က ဈေးကွက်အတွင်း ရောင်းဈေး ၂,၅ဝဝ ဖြင့် စတင် ထိုးဖောက်လျက်ရှိသည်။ ဆယ်တန်းစာမေးပွဲမှာလည်း နောက်ထပ် ရက် ၂၀ ခန့်တွင် ဖြေဆိုကြမည် ဖြစ်သည်။

စာမေးပွဲဖြေမည့် ကျောင်းသူတစ်ဦးက “ကြော်ငြာတာ တွေ့လိုက်တယ်၊ ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ အရမ်း လိုချင်ပါတယ်” ဟု မိုးမခမီဒီယာကို ပြောပြသည်။
 


 -
ရန်ကုန်မှ စီဒီအရောင်းဆိုင်တို့ကို မေးကြည့်ရာ “အရမ်း ရောင်းကောင်းပါတယ်” ဟု ဖြေဆိုသူ ရှိသကဲ့သို့ နောက်တစ်ဆိုင်ကလည်း “ထွက်စက အန်တီတို့ဆိုင်မှာ အမေးများပြီး အရမ်း ရောင်းကောင်းတယ်၊ အခုနောက်ပိုင်း ဘာကြောင့်လဲတော့ မသိဘူး၊ နည်းနည်းလေး အရောင်းအေးသွားတယ်” ဟု ဆိုသည်။

ကဗျာ၊ စကားပြေ၊ စကားစပ် အလင်္ကာ တစ်မှတ်တန်မေးခွန်းများကို လင်္ကာများဖြင့် ဖြေဆိုပေးထားသည်ကိုလည်း စာအုပ်တွင် တွေ့နိုင်သည်။
 မြဒေါင်းနွယ်


(မိုးမခ စာမျက်နှာ http://moemaka.com/archives/35936 ကနေ ကူးယူ ဖော်ပြပါတယ်။)