Pages

Thursday, May 15, 2014

ရပ်ကွက်မျက်နှာစာရှေ့ရှိ ၁၈ ပေမြင့် အုတ်တံတိုင်းကြောင့် ရပ်ကွက်နေလူထု အခက်တွေ့

 Displaying 20140514_014521.jpg
 မြိတ်၊ မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ၊ ရေပုံးနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက် မျက်နှာစာရှေ့တွင် မြိတ်ပင်လယ်ရှုခင်းသာ အဆင့်မြင့် အိမ်ယာစီမံကိန်းမှ ကာရံထားသည့် အုတ်တံတိုင်းကြောင့် ရပ်ကွက်နေဒေသခံများ လေအ၀င်အထွက် မရခြင်း၊ ရေ၀ပ်ခြင်းတို့ကြောင့် အခက်တွေ့နေကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။
အဆိုပါ စီမံကိန်းကို မြိတ်အများပိုင်ကုမ္ပဏီနှင့် ပြည့်ဖြိုးထွန်းကုမ္ပဏီတို့မှ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုတ်တံတိုင်းကို ၆ ပေ အမြင့်သာ တည်ဆောက်မည်ဟု ရပ်ကွက်နေ လူထုအနေဖြင့် သိထားပြီး အမှန်တကယ် တည်ဆောက်ချိန်တွင် ၁၈ ပေ မြင့်ပြီး အလျား ၁၁၂၈ ပေရှိနေသည်ဟု အထက်ပါ ဒေသခံများက ပြောသည်။
“အခု လေ၀င်လေထွက် မရတော့ဘူး။ ပြီးတော့ ဘေးအန္တရာယ်တစ်ခုခု ကြုံလာရင် ထွက်ပေါက်ပိတ်မှာ စိုးတယ်”ဟု ငြိမ်းချမ်းရေး ရပ်ကွက်နေ ဦးသောင်းစိန်က ပြောသည်။
ရေစီး ရေလာတူးမြောင်းများဖောက်ပေးထားခြင်းမရှိသည့်အတွက်လည်း ဒီရေထရက်များတွင် ရေတင်နေပြီး မိုးရွာလျှင် မိုးရေများ တင်ကျန်နေသည်ဟု ဒေသခံ ဒေါ်မြင့်မိက ရှင်းပြသည်။
အုတ်တံတိုင်းကြီးကို ၆ ပေအမြင့် ပြန်ပြင်ပေးရန် ရပ်ကွက်နေပြည်သူများက လက်မှတ်ရေးထိုးပြီး၊ သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင် အုပ်ချူပ်ရေးမှူးရုံး၊ မြို့နယ် စည်ပင်ရုံးနှင့် ကုမ္ပဏီများကို အသီးသီးစာတင် တောင်းဆိုထားသော်လည်း လာရောက် စစ်ဆေးခြင်းသာ ပြုလုပ်ခဲ့ပြီး ယနေ့ အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိဟု ယင်းရပ်ကွက်နေ ဦးဇော်သိန်းက ပြောသည်။
“သည်းငြီးမခံနိုင်လို့ တရားဝင် ဆန္ဒထုတ်ဖော်သွားဖို့ ပြင်ဆင်နေပါတယ်”ဟု ဦးဇော်သန်းက ဆိုသည်။
ယင်း အုတ်တံတိုင်းကြီးအား ကာရံထားသည်အတွက် အနီးအနားရှိ လူနေအိမ်များတွင် ကျန်းမာရေးချို့တဲ့သည့် လူနာများ၊ အသက်ကြီးအရွယ်အိုများသည်လည်း နေထိုင်ရန် အဆင်မပြေဖြစ်နေသောကြောင့် နီးစပ်သည့် အခြားဆွေမျိုးများ၏ အိမ်များတွင် ပြောင်းရွေ့ထားရကြောင်း ၄င်း ရပ်ကွက်နေ ဒေါ်မြင့်က ပြောသည်။
Dawei Watch