Pages

Saturday, May 3, 2014

ဆီအုန်းနှင့် ရော်ဘာစိုက်ပျိုးရေးကြောင့် အိမ်ထောင်စု ၂၄၀ ကျော် အိမ်ရာမဲ့ ဟုဆို

Dawei Watch| ထားဝယ်၊ ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သရက်ချောင်းမြို့နယ်နှင့်
ပုလောမြို့နယ်နယ်နမိတ်အစပ်၌ ကျေးရွာ ၇ ရွာအတွင်းကျေးရွာပိုင်မြေလွတ်နှင့် ဥယျာဉ်ခြံမြေများ၌ ပုဂ္ဂုလိကကုမ္ပဏီနှစ်ခုမှဆီအုန်းပင်နှင့်ရော်ဘာပင်များ စိုက်ပျိုးလုပ်ကိုင်လာမှုများကြောင့်
မြေယာမဲ့နေထိုင်လာရသူ အိမ်ထောင်စုဦးရေ ၂၄၀ကျော်ရှိလာပြီဖြစ်ကြောင်း
ယင်းစီမံကိန်းသက်ရောက်မှုရှိသော ကျေးရွာများမှ ဒေသခံများကပြောကြားသည်။

ယင်းကျေးရွာများတွင်အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှဆီအုန်းပင်စိုက်ပျိုးရေးလုပ်ငန်းကြောင့် အောက်သရက်ချောင်း၊
သရက်တောင်ကြီး၊ ပိတောက်ကြီး၊ ပိတောက်ငယ်ကျေးရွာနှင့်ဆင်မတန်းကျေးရွာများတွင် မြေယာမဲ့ အိမ်ထောင်စု ၁၉၉ စုရှိလာခဲ့ပြီး၊ ပြည်ဖြိုးထွန်း ကုမ္ပဏီမှ ရော်ဘာပင်စိုက်ပျိုးရေးလုပ်ငန်းကြောင့်
မီးလောင်ချောင်းကျေးရွာနှင့် အင်းမကြီးကျေးရွာတို့တွင်မြေယာမဲ့အိမ်ထောင်စု ၄၄ စုရှိလာပြီဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။

“စိုက်ပျိုးဖို့နေရာမရှိလို့ ယခုရော နောက်မျိုးဆက်တွေပါ
လုပ်ကိုင်စားသောက်ဖို့အတွက် မြေယာ ပဲလိုချင်တယ်။ မြေမရရင်လဲ့ ထိုက်တန်တဲ့
လျော်ကြေးလိုအပ်တယ် သက်ဆိုင်ရာအစိုးရကိုလည်း တင်ပြတောင်းဆိုသွားမယ်”ဟု
အင်းမကြီးကျေးရွာမှ သီဟိုခြံ ၈ ဧကပိုင်ရှင် နော်မေးဘယ်လ်က ဆိုသည်။

အဆိုပါ စိုက်ပျိုးရေးစီမံကိန်းများကို ထားဝယ်-မြိတ်
ပြည်ထောင်စုလမ်းမကြီးနဘေးတွင် မိုင်တိုင်အမှတ် ၅၂ မိုင်မှ စတင်ကာ
လမ်းနဘေးတလျောက်၌ စိုက်ပျိုးထားပြီး အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှ
လျာထားဆီအုန်းစိုက်ပျိုး ဧက ၅၀၀၀ နှင့် ပြည်ဖြိုးထွန်း ကုမ္ပဏီမှ လျာထား
ရော်ဘာစိုက်ပျိုးဧက ၁၅၀၀ ကို နှစ်အလိုက်စီမံချက်များဖြင့်
စိုက်ပျိုးလျက်ရှိသည်ဟု သိရသည်။

ယင်းဒေသများတွင် ကုမ္ပဏီကြီးများမှ ကျေးရွာမြေလွတ်နှင့်
ဥယျာဉ်ခြံမြေများခုတ်ထွင်ရှင်းလင်းကာ မြေယာသိမ်းဆည်းပြီး
စိုက်ပျိုးရေးစီမံကိန်းများလုပ်ဆောင်လာမှုနှင့် စစ်ဘေးသင့်ဒဏ်ကြောင့်
လုပ်ကိုင်စားသောက်ရန်မြေယာများမရှိ၍ ဒေသခံများမှာ
နယ်စပ်ဒုက္ခသည်စခန်းသို့ရောက်ရှိသွားခြင်း၊
ထိုင်းနိုင်ငံဖက်သို့သွားရောက်လုပ်ကိုင် စားသောက်ရခြင်း၊
လုပ်ကိုင်များရှားပါးမှုကြုံတွေ့ရပြီးမိသားစုဝင်ငွေများနိမ့်ကျလာခဲ့ကြောင်း ပိတောက်ကြီးကျေးရွာမှနော်ချိုချိုခိုင်က ရှင်းပြသည်။

“ဥယျာဉ်ခြံ ၁၀ ဧက ကို ခုတ်လှဲခံရပြီး မြေယာသိမ်းယူခံရလို့ နေရာမဲ့
အလုပ်အကိုင်မဲ့ဖြစ်ရတယ်။ နေထိုင်ရာနေရာမရှိလို့ အခြားသူတွေရဲ့အနားမှာ
ကပ်ပြီးနေထိုင်နေရတယ်  ကြုံရာအလုပ်ကို
စားဝတ်နေရေးအတွက်လုပ်ကိုင်နေရတယ်”ဟု သရက်တောင်ကြီးကျေးရွာအုပ်စုတောင်ခေါင်းတုံးရွာမှ ဦးပြုံးကဆိုသည်။

အင်းမကြီး၊ မီးလောင်ချောင်း၊ ပိတောက်ကြီးကျေးရွာများသည် စစ်ဘေးဒဏ်ကြောင့်
ရွာပျက်ကာ ပြောင်းရွေခံရသော ကျေး
ရွာများဖြစ်ကာပြန်လည်စိုက်ပျိုးခွင့်ရပြီးနောက် ဥယျာဉ်ခြံမြေများကို
ပုဂ္ဂလိကကုမ္ပဏီများကထပ်မံသိမ်းဆည်းခံခဲ့ရသော ကျေးရွာများဖြစ်သည်ဟုသိရသည်။

ဥယျာဉ်ခြံမြေများသိမ်းဆည်းခံရသူများကို ကုမ္ပဏီဖက်မှလျော်ကြေးများပေးအပ်ခဲ့သော်လည်း ယင်းလျော်ကြေးပေးအပ်သည့်စံနှုန်းမှာနိမ့်ကျသည်ဟု ခြံရှင်များကပြောဆိုကြသည်။

ယင်းလျော်ကြေးကိုခြံပိုင်ရှင်အချို့ လက်ခံကြပြီး အချို့မှာလက်မခံကြပေ။

ယင်းကျေးရွားများ၌ အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှဆီအုန်းပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ၁၉၉၈ခုနှစ်ကစတင်ပြီးပြည်ဖြိုးထွန်းကုမ္ပဏီမှ ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းကို၂၀၀၅-၂၀၀၆ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဆီအုန်းပင်စိုက်ပျိုးရန်  အဏ္ဏ၀ါစိုးမိုးကုမ္ပဏီမှ
ခြံရှင်များစိုက်ပျိုးထားသော ဥယျာဉ်ခြံမြေသိမ်းဆည်းဧက ၁၃၁၂ ဧကရှိပြီး၊ရော်ဘာပင်စိုက်ပျိုး
ရန်ပြည်ဖြိုးထွန်းကုမ္ပဏီမှ ဥယျာဉ်ခြံမြေသိမ်းဆည်းဧက၇၈၀ ဧကကျော်ရှိသည်ဟု ခြံရှင်းများ၏
ကူညီ တောင်းခံချက်အရ ဂေဟစနစ်ထိန်းသိမ်းရေးအဖွဲ့(ESNRD)မှ ပြုစုကာပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသောမှတ်တမ်း အရသိရသည်။

Dawei Watch